အရွယ်မတိုင်ခင် မလိုချင်တဲ့ ကိုယ်ဝန် မရအောင် ဘာတွေ သိထားဖို့ လိုမလဲ

ပညာမပြည့်စုံသေးဘဲ အိမ်ထောင်ပြုဖို့ အချိန်အတိုင်ခင်မှာ အတူ မနေတာ အကောင်းဆုံးလို့ ဆေးပညာရှင်တွေ အကြံပေး ဓာတ်ပုံ မူပိုင် UNFPA Myanmar
Image caption ပညာမပြည့်စုံသေးဘဲ အိမ်ထောင်ပြုဖို့ အချိန်အတိုင်ခင်မှာ အတူ မနေတာ အကောင်းဆုံးလို့ ဆေးပညာရှင်တွေ အကြံပေး

မျိုးဆက်ပွား ကျန်းမာရေး ဗဟုသုတ မရှိရင် အမျိုးသမီးလေးတွေ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ ရှိလာကြတာ၊ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချကြတာတွေ ရှိတဲ့အတွက် အသက်အန္တရာယ် ထိခိုက်စေရတဲ့အထိ ကျန်းမာရေး ပြဿနာတွေ ကြုံရတတ်ပါတယ်။

ဖျက်ချခွင့် မရှိလို့ ဖျက်မချဘဲ မွေးဖွားခဲ့ရင်လည်း မလိုချင်တဲ့ ကလေးကို တချို့က စွန့်ပစ်ကြတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာ နိုင်ငံအပါအဝင် အာရှ နိုင်ငံ အတော်များများမှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ အတော် နည်းပါးနေတာ တွေ့ရတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒီနိုင်ငံတွေမှာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးတမ်းတွေအရ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြဖို့ အခက်အခဲတွေ ရှိတယ်လို့ မလေးရှားနိုင်ငံ ဆာဘား ဆေးတက္ကသိုလ် (University of Malaysia Sabah) မျိုးဆက်ပွား ကျန်းမာရေးပညာ ဌာနက ဌာနမှူး ပါမောက္ခ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

အခုအခါ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကလေးတိုင်းကို သင့်တော်တဲ့ မျိုးဆက်ပွား ကျန်းမာရေး ပညာ Comprehensive Sexual Education သိရှိနိုင်ကြအောင် တတ်နိုင်သမျှ သင်ကြားပေးဖို့ ၂၀၀၉ ခုနှစ်က စတင်ပြီး UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ က လမ်းညွှန်ချက် ချမှတ်ပေးထားပါတယ်။

ဖြစ်နိုင်ရင် ကလေးတွေကို မူလတန်း အရွယ် ၅ နှစ်က စတင် သင်ပေးဖို့ ကုလသမဂ္ဂက အကြံပြုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆယ်ကျော်သက်မှာ မလိုချင်တဲ့ ကိုယ်ဝန် မရစေဖို့ ပညာရှင်တွေက သတိပေးနေပါတယ်

မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်အရွယ်နဲ့ ကလေးမီးဖွားကြသူ မိန်းကလေး ဦးရေက နှစ်စဉ် ငါးသောင်းလောက် ရှိတယ်လို့ UNFPA ( Myanmar) ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၂၀ ကနေ ၂၄ နှစ် အရွယ် လက်ရှိ အိမ်ထောင်သည် အမျိုးသမီးတွေဟာ သူတို့ အသက် ၁၈ နှစ် မပြည့်ခင် အိမ်ထောင်ပြုခဲ့ကြတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ၂၀၁၈ ခုနှစ် အတွင်း ထုတ်ပြန်တဲ့ စာရင်း ဇယားက ဖော်ပြ နေပါတယ်။

ဗဟုသုတနဲ့ ယဉ်ကျေးမှုက အတားအဆီးဖြစ်နေ

အမျိုးသားနဲ့ အမျိုးသမီး နေထိုင်ဆက်ဆံတာကို ပွင့်ပွင့် လင်းလင်း ပြောဆိုရင် ရိုင်းတယ်လို့ လက်ခံထားကြတဲ့ မြန်မာ့ လူမှု အသိုင်း အဝိုင်းမှာ ကလေးတွေကို ဒီလိုကိစ္စတွေ ပြောဆို သင်ပေးဖို့ ဆိုတာကလည်း အဟန့်အတားတွေ အများကြီး ရှိနေပါတယ်။

အသိုင်းအဝိုင်းက လက်မခံကြပေမဲ့ အခုခေတ်မှာ လူငယ်တွေက အင်တာနက်တွေကနေ တဆင့် ယူကျု ကနေ တဆင့် တွေ့မြင်ရတာတွေကို လက်တွေ့ ကျင့်သုံး နေကြပြီလို့ ပါမောက္ခ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

လူကြီးတွေ အနေနဲ့ ခေတ် ရေစီးကြောင်းကို ဘယ်လိုမှ လွန်ဆန်လို့ မရတဲ့ အတွက် လက်ရှိ အခြေအနေကို လက်ခံပြီး အသိပညာပေးဖို့က လွဲလို့ တခြား နည်းလမ်း မရှိဘူးလို့ ပါမောက္ခ ဒေါက်တာ စန်းစန်းဝင်း အပါအဝင် နားလည်သူ ပညာရှင်တွေက ပြောကြပါတယ်။

ဒါပေမယ့် လူငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးဖို့ စာသင်ကျောင်းတွေမှာ စတင် သင်ကြားပေးဖို့ လိုအပ်ပေမဲ့ အဲဒီ ပညာရပ်ကို သင်ကြားပေးဖို့ ဆရာ ဆရာမတွေက ပိုင်နိုင်ကျွမ်းကျင်မှု မရှိတာကလည်း အခက်အခဲတွေ ရှိနေတယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ပြော ပါတယ်။

ဓာတ်ပုံ မူပိုင် Dr San San Win
Image caption ဘရာဇီးနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ သားဖွားနဲ့ မီးယပ်ဆိုင်ရာ ဆရာဝန်ကြီးများ ညီလာခံတက်ရောက်ခဲ့တဲ့ ဒေါက်တာစန်းစန်းဝင်း

မလိုချင်တဲ့ ကိုယ်ဝန်မရအောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ဒေါက်တာ စန်းစန်းဝင်းက အကြံပြု ထားပါတယ်။

ကိုယ်ဝန် မရအောင် လိုက်နာသင့်တဲ့ အချက် ၅ ချက်

၁။ ကိုယ်ဝန်ဆိုတာ မလိုချင်ဘဲရတာ မဖြစ်သင့်ပဲ လိုချင်လို့ ရတာပဲ ဖြစ်သင့်တယ်၊ အပျိုဖော်ဝင်ပြီးတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူပျိုဖော်ဝင်ပြီးတဲ့ ယောက်ကျားလေး လိင်ဆက်ဆံမိရင် ကိုယ်ဝန် ရနိုင်တယ် ဆိုတဲ့ အသိ နှစ်ယောက်စလုံးမှာ ရှိဖို့ အရေးကြီးတယ်။

၂။ အဓိက က လူငယ်တွေ သမီးရည်းစား ဖြစ်ကြပြီး အတူနေမိရင် ကိုယ်ဝန်ရနိုင်တဲ့အတွက် ပညာမပြည့်စုံသေးလို့ အချိန်မတန်သေးခင် အိမ်ထောင် မပြုနိုင်သေးတဲ့ ကာလမှာ အတူ မနေတာ အကောင်းဆုံး ဖြစ်ပါတယ်။

၃။ အတူမနေဖို့ တားမရနိုင်တဲ့ အခြေအနေမျိုးဆိုရင် ရောဂါတွေ မကူးစက်အောင်၊ မလိုလား အပ်တဲ့ ကိုယ်ဝန်တွေ မရအောင် ကြိုတင် ကာကွယ် တားဆီးနိုင်တယ်ဆိုတဲ့ အသိပညာ ရှိသင့်တယ်၊ ကွန်ဒုံး သုံးတာ၊ ဓမ္မတာ လာတဲ့ရက်ကို တွက်ပြီး ရှောင်နိုင်တယ်။

၄။ အကာအကွယ် မယူဘဲ အတူ နေမိသွားတယ် ဆိုရင်လည်း ၂၄ နာရီ အတွင်း အလွန်ဆုံး ၄၈ နာရီ အတွင်းမှာ အရေးပေါ် သန္ဓေ တားဆေး သောက်နိုင်တယ်၊ ဒီလိုဆေးမျိုး သောက်ချင်ရင် နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်သင့်တယ်။

၅။ လက်မထပ်ထားတဲ့သူဖြစ်စေ၊ အတူနေသူဖြစ်စေ၊ လက်ထပ်ပြီး သားသမီး မလိုချင်သေးတဲ့သူတွေ ဖြစ်စေ ရည်ရှည် သန္ဓေတားဆေး သုံးလို့လည်း ရတယ်၊ တစ်နေ့ တစ်လုံး ၂၁ ရက် သောက်ပြီး ၇ ရက်ဖြတ်၊ နောက် ဆက်သောက်တဲ့ ပုံစံမျိုးနဲ့ လုပ်နိုင်သလို ထိုးဆေးနဲ့လည်း တားနိုင်တယ်၊

ကြိုတင်ကာကွယ်တာတွေ လုပ်တဲ့ကြားကပဲ မလိုလားတဲ့ ကိုယ်ဝန် ဆိုတာကလည်း ရနိုင်ပါသေးတယ်။ တချို့နိုင်ငံတွေမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ ဥပဒေအရ ခွင့်ပြုထားပေမဲ့ မြန်မာ နိုင်ငံ အပါအဝင် နိုင်ငံ အတော်များများမှာ ချွင်းချက် တချို့က လွဲပြီး ခွင့်ပြုထားတာ မရှိပါဘူး။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကြိုတင်ကာကွယ်တဲ့ကြားကပဲ မလိုချင်တဲ့ ကိုယ်ဝန်ရတတ်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။

ဘယ်နိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေ ရှိလဲ

ကမ္ဘာ တစ်ဝန်းလုံးက ကလေးမွေးဖွားနိုင်တဲ့ အရွယ် အမျိုးသမီး ဦးရေ ၁.၆၄ ဘီလျံမှာ ၃၇ ရာခိုင်နှုန်းကသာ ကန့်သတ်ချက်မရှိ တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ ရှိကြတယ်လို့ World Economic Forum က ဖော်ပြထားပါတယ်။

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ရှိတဲ့ နိုင်ငံပေါင်း ၆၁ နိုင်ငံရှိပါတယ်။ လူမှုစီးပွားရေး အခြေခံအကြောင်းရင်းတွေပေါ်မူတည်ပြီး ကိုယ်ဝန် ဖျက်ချခွင့်ရှိတဲ့ နိုင်ငံ ၁၃ နိုင်ငံထဲမှာ ဗြိတိန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်ဝမ် တို့ ပါဝင်ပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေတစ်ခုအနေနဲ့တော့ အာရှနိုင်ငံတွေထဲမှာ နီပေါနိုင်ငံ တစ်နိုင်ငံကသာ အဲဒီလို ဥပဒေ ပြဋ္ဌာန်းထားတာ ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေပြဋ္ဌာန်းထားတာ မရှိပါဘူး။ ကိုယ်ဝန်ဖျက်ချရင် တရားမဝင်တဲ့အတွက် တချို့က ကျွမ်းကျင်တဲ့ ဆေးပညာရှင်နဲ့ မဟုတ်ဘဲ အရပ်လက်သည်နဲ့ ကိုယ်ဝန်ဖျက်ချတဲ့ အဖြစ်တွေကြောင့် အသက်မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ ဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ ကိုယ်တွေ့ ကြုံခဲ့ရတယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗင်နီဇွဲလားမှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုများ

နိုင်ငံတကာမှာ ပညာပေးမှုတွေ ဘယ်လို လုပ်နေလဲ

နယ်သာလန် နိုင်ငံမှာဆိုရင် ကမ္ဘာပေါ်မှာ ကိုယ်ဝန်ဖျက်ချမှု မရှိသလောက် နည်းပါးပြီး ဒီလို ဖြစ်ရတာက ကလေးငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှုကို အသက် ၄ နှစ် အရွယ်ကစတင် လုပ်ဆောင်တာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

အသိပညာ ပေးတယ် ဆိုတဲ့ အပိုင်းမှာ ကလေးတွေကို လိင်ဆက်ဆံမှု ဆိုင်ရာ သင်ပေးတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ ခန္ဓာ အစိတ် အပိုင်းတွေကို ဆွေးမျိုး ရင်းချာနဲ့ မိတ်ဆွေ အပါအဝင် ဘယ်သူ့ကိုမှ ထိကိုင်တာမျိုး မခံရဖို့ အသက်အရွယ် အလိုက် ပြောဆို ပညာပေးဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလို သင်ပေးတာဟာ ကလေးတွေကို လိင်ဆက်ဆံတာတွေ လုပ်လာအောင် တွန်းအားပေးသလို ဖြစ်နိုင်တယ်လို့ ပြောဆို ယူဆချက်တွေကလည်း ရှိနေပါတယ်။

ဒါပေမယ့် ဒီအယူအဆက မမှန်ဘူးလို့ ဒေါက်တာ စန်းစန်းဝင်းက အက်စတိုးနီးယား နိုင်ငံကို ဥပမာ ပေးပြီး ပြောပြပါတယ်။

အက်စတိုးနီးယားမှာ ၁၉၉၆ ခုနှစ်က စပြီး အသက် ၇ နှစ်ကနေ ၁၆ နှစ် အတွင်း ကလေးတွေကို မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဘာသာရပ်ကို စာသင်ကျောင်း တွေမှာ မဖြစ်မနေ သင်ကြားပေးခဲ့ပြီးနောက် ၁၀ နှစ် အတွင်း အကျိုး ရလဒ်ကောင်းတွေ ရလာတာ တွေ့ရှိ ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အက်စတိုးနီးယားမှာ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတာ ရှောင်ကျဉ်လာကြတယ်၊ ဆက်ဆံမိတယ် ဆိုရင်လည်း ကိုယ်ဝန်မရအောင် အကာအကွယ်နဲ့ သုံးတတ်လာကြတယ်၊ ကွန်ဒုံးနဲ့ သန္ဓေတားဆေးတွေ ပိုသုံးလာကြတယ်၊ ကိုယ်ဝန် ဖျက်ချနှုန်းနဲ့ မလိုချင်တဲ့ ကိုယ်ဝန်ကို မွေးရတဲ့ ကလေးမွေးနှုန်း ကျဆင်းသွားတယ်၊ နောက်ပြီး HIV ရောဂါ ကူးစက်မှု၊ ကာလသားရောဂါနဲ့ ဂနိုးရီးယား ခေါ် ဆီးပူညောင်းကျ ရောဂါ ကူးစက်မှုတွေ လျော့ပါး ကျဆင်းသွားတယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ဆိုပါတယ်။