အသံချဲ့စက်ကြောင့် ရန်ဖြစ်ကြသူများ၊ ပွဲလမ်းနဲ့ စည်းကမ်း

ဓာတ်ပုံ မူပိုင် San Tha Ag
Image caption ရန်ကုန်မှာ မြင်ရတဲ့ ကထိန်ပွဲ လှည့်ဖို့ပြင်ဆင်နေသူများ

မနက်စောစော ငါးနာရီခွဲလောက်မှာ သူ့အိမ်ဘေး တဘက်တချက်ဆီက အသံချဲ့စက်နဲ့ ကျယ်ကျယ်လောင်လောင် ဖွင့်လိုက်တဲ့ သီချင်းသံတွေကြောင့် သူ လန့် နိုးသွားခဲ့တယ်လို့ မစန်းစန်းထက်က ဆိုပါတယ်။

ဒေါပုံမြို့နယ်ထဲမှာရှိတဲ့ မစန်းစန်းထက် နေအိမ်မှာတော့ အနောက်ဘက် ဘုန်းကြီးကျောင်းက ဖွင့်ထားတဲ့ တရားသံ၊ နှစ်အိမ်ကျော်လောက်က စတုဒီသာ ကျွေးဖို့ စောစော ချက်ပြုတ်ရင်းဖွင့်တဲ့ သီချင်းသံ အပြင် နောက်ထပ် တအိမ်ခြားကနေ ကထိန် ပွဲတော်ရာသီမို့ ဆောင်းဘောက်စ် ဖွင့်နေတဲ့ ခေတ်ပေါ် သီချင်းသံတွေကြောင့် အိမ်ထဲမယ် ဖုန်းပြောဖို့တောင် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

"ရုံးပိတ်ရက်ဆိုတော့ အိမ်မှာနားနားနေနေ နေချင်တယ်လေ၊ ဒါပေမယ့် သီချင်းတွေကလည်း ကြားတဲ့အတိုင်းပဲ စုံလို့" ပဲလို့ ရုံးဝန်ထမ်း တစ်ဦး ဖြစ်သူ စန်းစန်းထက်က ပြောပါတယ်။

ဒီအချိန်ဟာ မိုးလေ ကင်းလွတ်တဲ့ ရာသီ တန်ဆောင်မုန်း တန်ဆောင်တိုင် အလှူပွဲတော် ရာသီ ဖြစ်တာကြောင့် ဘာသာရေး ဓလေ့ထုံးစံအရ အလှူဒါနတွေပြုကြပြီးတော့ ကထိန်ခင်းကြပါတယ်။ တနှစ်ပတ်လုံး ရှာဖွေထားတဲ့ ချွေးနည်းစာတွေနဲ့ လှူကြ တန်းကြတာဖြစ်ပါတယ်။ အလှူအတန်းမှာလည်း သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် အပြိုင်အဆိုင် ငွေပဒေသာပင်တွေသီပြီး လှည့်လည်ကာ ဘုန်းကြီးကျောင်းတွေကို ပို့ကြတာလည်း ဒီရာသီရဲ့ မြင်ကွင်းတခုပါပဲ။

မစန်းစန်းထက်ကတော့ "ကျွန်မလည်း ဗုဒ္ဓဘာသာပါ ဒါပေမယ့် မနက်က အသံတွေကြားတော့ စိတ်ဆိုးမိတယ်။ အလှူလုပ်တာ ညံမှကြိုက်တာလားပေါ့။ မြတ်စွာဘုရား ဟောတဲ့အထဲမှာ ဒီလော်စပီကာတွေ ထည့်မှ ကထိန်ဖြစ်မြောက်မယ် ဆိုတာများ ဟောထားလား လို့လား " လို့ သူခံစားနေရတာကို ရင်ဖွင့်ပြီး မေးခွန်းထုတ်ပါတယ်။

ဒါပေမယ့် ဒီလိုဆူညံသံတွေကို သူ့ဘာသာပဲ ကြိတ်ခံစားနေတာဖြစ်ပြီး တိုင်ဖို့တော့ တစ်ခါမှ မစဉ်းစားဖူးဘူးလို့ သူက ဆိုပါတယ်။

ဒီလို လော်စပီကာသံတွေကို မစန်းစန်းထက် တယောက်တည်း ခံစားနေရတာ မဟုတ်ပါဘူး။ အထူးသဖြင့် လူနေထူထပ်တဲ့ ရန်ကုန်လို မြို့ကြီးမှာတော့ ဒီလိုရာသီမျိုးမှာ လူတိုင်းနီးပါး အနည်းနဲ့ အများဆိုသလို ခံစားနေရပါတယ်။

"ကထိန်အလှူပွဲတွေမှာ တော်ရုံဖွင့်တာလောက်တော့ သည်းခံနိုင်ပေမယ့် ကားနဲ့ လော်စပီကာ တင်ပြီး ဝုန်းဒိုင်းကျဲ ဖွင့်တာ မခံစားနိုင်တဲ့အတွက် အရေးပေါ် ၁၉၉ ကိုဖုန်းခေါ်ပြီး တိုင်ခဲ့တယ်" လို့ ရန်ကုန် မြို့ခံ မပိုးဖြူဇင်က ဘီဘီစီကို ပြောပါတယ်။

"မနှစ်က တိုင်တာ ။ သမီးလေးမွေးပြီး တစ်လပဲ ရှိသေးတယ်။ အနားက ဓမ္မာရုံက မနက်ရော ညရော လော်စပီကာကို ခြောက်ထပ်တိုက် ပြတင်းပေါက်မှာ ချိတ်ပြီးဖွင့်တာ ခေါင်းကကိုက် မခံနိုင်တော့ အမျိုးသားက ၁၉၉ ခေါ်လိုက်တယ် " လို့ သူက ပြောပြပါတယ်။

မပိုးဖြူဇင်တို့က တိုင်လိုက်တော့ ရဲရောက်လာခါစမှာပဲ ခဏငြိမ်သွားပြီး ပြန်ဆူတာကြောင့် နောက်တကြိမ် ထပ်တိုင်ပြီး တိုက်မှာတပ်ထားတဲ့ လော်စပီကာကို ဖြုတ်လိုက်ကြတယ်လို့ ဆိုပါတယ်။

ဒီလိုတိုင်လိုက်လို့ တရပ်ကွက်လုံးနဲ့ တယောက်လိုဖြစ်သွားပြီး အဲဒီအချိန်ကစလို့ သူတို့လင်မယားနဲ့ ရပ်ကွက်နေထိုင်သူတွေ ဆက်ဆံရေး မဖြောင့်ဖြူးတော့ဘူးလို့ မပိုးဖြူဇင်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Eko
Image caption ရန်ကုန်က နိဗ္ဗာန်ဈေးပွဲ မြင်ကွင်း

ကထိန်မှာဖွင့်တဲ့ လော်စပီကာသံကြောင့် ဖြစ်တဲ့ ပြသနာတွေလည်း ရှိခဲ့ပါတယ်။ မနှစ်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဓမ္မာရုံတခုမှာ ဓမ္မစကြာ ရွတ်ဖတ်နေတုန်း နယ်သာလန်နိုင်ငံသားတယောက် အသံချဲ့စက် သွားပိတ်တာကြောင့် သာသနာညှိုးနွမ်းမှု၊ ဗီဇာစည်းကမ်းဖောက်မှုတွေနဲ့ အမှုဖွင့်ခဲ့ပါသေးသတဲ့။

ဒါ့အပြင် မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း အမှတ် (၁၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလို လုပ်ပြီး ကုသလဝါယမ ဆွမ်းလောင်းအသင်း တနှစ်ပြည့် အထိမ်းအမှတ်မှာ အသံချဲ့စက်နဲ့ ဆောင်းဘောက်တွေကို အသုံးပြုခဲ့တာကို အကြောင်းပြပြီး အမှုဖွင့်တိုင်ကြားတာတွေ ရှိခဲ့ပါတယ်။

လော်စပီကာအရေး ကိုင်တွယ်သင့်တယ်လို့ ထောက်ပြကြ

ဒီကထိန်ရာသီသာမက ကျန်အချိန်တွေမှာလည်း ရပ်ကွက်တွေထဲ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ဖွင့်နေတဲ့ အသံချဲ့စက်တွေကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေက မကြာခဏဆိုသလို ဒီဒုက္ခတွေ ခံစားနေရတယ်လို့ ပြောဆို ထောက်ပြကြတာတွေကိုလည်း မြန်မာတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့မြင်ရပါတယ်။ လူဦးရေ ထူထပ်တဲ့ မြို့ကြီးတွေမှာ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့ ဆူညံသံတွေ အရေး ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်လို့ ဝေဖန်ကြသူ တွေလည်း ရှိပါတယ်။

တကယ်တော့ ဒီအသံချဲ့စက်ဥပဒေကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၂၄ မှာ ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေရဲ့ ပုဒ်မ ၁၃ ပုဒ်မခွဲ (ဈ) မှာ ပြဋ္ဌာန်းထားပါတယ်။

ဥပဒေအရတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူုးတွေဆီမှာ အသံချဲ့စက် အသုံးပြုခွင့် တောင်းရမှာဖြစ်ပြီး ခွင့်ပြုချက် မရှိရင် အရေးယူခံရမှာပါ။

ပြည်သူတွေ အေးအေးချမ်းချမ်း နေထိုင်မှုကို အနှောက်အယှက် မဖြစ်ဖို့၊ သတ်မှတ်တဲ့ ခွင့်ပြုထားတဲ့ ချိန်အပိုင်းအခြားမှာပဲ ဖွင့်ဖို့ ၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ထိခိုက်မှုမရှိအောင် စိစစ် ခွင့်ပြုဖို့နဲ့ ခွင့်ပြုရက်အထိသာ ဖွင့်ခွင့် အကျုံးဝင်တယ်ဆိုပြီး ဥပဒေမှာပါရှိပါတယ်။

အဓိကကတော့ ဒီဥပဒေဟာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေသာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ဥပဒေဖြစ်ပြီးတော့ တရားရုံးမယ် တရားစွဲမယ် ဆိုရင်တော့ စိတ်ငြိုငြင်စေမှု အနေနဲ့ တရားမ ကြောင်းအရ တော့ တရားစွဲနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ဆိုပါတယ်။

"ဥပမာ အိမ်မှာနှလုံးရောဂါသည် ရှိတယ်၊ ဒီရောဂါသည်က လော်စပီကာသံကြောင့် တခုခုဖြစ်တယ်ဆိုရင် တရားမနစ်နာကြေးအရ ခေါင်းစဉ်တပ်ပြီး ဆွဲလို့ရတယ်။" လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ဒါပေမယ့် မြန်မာလူမျိုးတွေဓလေ့စရိုက်အရ တရားရုံးရောက် ရဲစခန်းရောက်တာကို မနှစ်သက်တာကြောင့် ဒီကိစ္စမှာ တရားစွဲတဲ့ အမှုတွေက နည်းတယ်လို့ ဦးသန်းဇော်အောင်က မှတ်ချက်ပြုပါတယ်။

အသံချဲ့စက်ဥပဒေအရ လော်စပီကာကို တားမြစ်ထားတာအပြင် လော်နဲ့က ပိုကျယ်တာကြောင့် အခုနောက်ပိုင်း ဆောင်းဘောက်နဲ့ ဖွင့်ဖို့ပဲ ပြောဆိုထားတယ်လို့ မြောက်ဥက္ကလာက ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဇင်ဘိုက ပြောပြပါတယ်။

"လော်စပီကာက အသံပိုကျယ်တယ် သက်ကြီးရွယ်အိုတွေက မခံနိုင်ဘူးလေ၊ ဒါကြောင့် မေတ္တာရပ်ခံထားတယ်၊ သီချင်းတွေကိုလည်း မြန်မာဆန်တဲ့ ကထိန်နဲ့ ပတ်သက်တဲ့ သီချင်းတွေပဲဖွင့်ပါ။ အင်္ဂလိပ်သီချင်းတွေ မဖွင့်ပါနဲ့ဆို ကြိုတင်ပြောဆိုထားပါတယ် " လို့ ဦးဇင်ဘိုက ဆိုပါတယ်။

ဆောင်းဘောက်သံကလည်း ကျယ်တာဖြစ်တဲ့အတွက် သူ့စက်၊ ကိုယ့်စက် စက်ကောင်းတာချင်း အပြိုင်အဆိုင် လုပ်ကြတာမျိုးတွေကိုလည်း တားမြစ်ရတယ်လို့ သူက ပြောပါတယ်။

အသံချဲ့စက်ဥပဒေကို မလိုက်နာသူတွေက ငွေကျပ် ငါးထောင်ထက် မပိုတဲ့ ငွေဒဏ်ကို ပေးဆောင်ရမှာဖြစ်ပြီး ပေးဖို့ ပျက်ကွက်ရင်တော့ ခုနစ်ရက်ထက် မပိုတဲ့ ထောင်ဒဏ် ကျခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီကိစ္စကို တိုင်ကြားလာသူတွေရှိပေမယ့်လည်း တိုင်ကြားသူနဲ့ တိုင်ခံရသူကြားကို အများစိတ် အနှောင့်အယှက် မဖြစ်အောင် ညှိနှိုင်းပေးခဲ့တာကြောင့် ကျေအေးသွားတာများတယ်လို့ ဦးဇင်ဘိုက ဆိုပါတယ်။

"ဆူညံနေပါတယ်၊ တအားကြီးမခံစားနိုင်ပါဘူးဆိုရင် တိုင်ကြားခွင့်ရှိပါတယ်။ တိုင်ကြားရင်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဖြေရှင်းပေးရမှာပါပဲ အထက်ကလည်းညွှန်ကြားထားပါတယ် " လို့ သူက ပြောပါတယ်။

မြန်မာပြည်မှာ အသံချဲ့စက်နဲ့ ပတ်သက်လို့ အမြဲလိုလို အငြင်းပွားမှုတွေ စိတ်အနှောက်အယှက်ဖြစ်မှုတွေ ကြုံနေရပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပုံကလည်း တနေရာနဲ့ တနေရာ မတူညီဘဲ နားလည်မှုနဲ့ ခွင့်ပြုထားတာ ဖြစ်တာကြောင့် သေချာခိုင်မာထိရောက်အောင် ဒီဥပဒေကို ပြန်လည်ပြုပြင်သင့်တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က အကြံပြုပါတယ်။

ဆက်စပ် အကြောင်းအရာများ