အမျိုးသားစာပေဆု အမျိုးသမီး သုံးယောက်ရ

၂ဝ၁၇ ခုနှစ် အမျိုးသားစာပေဆုကို မြန်မာ အမျိုးသမီး စာရေးဆရာမ သုံးယောက် ဆွတ်ခူးသွားပါတယ်။

ဓာတ်ပုံ မူပိုင် မနီတာ
Image caption နိုင်ငံရေးနောက်ခံ မပါရင် ဘယ်စာမှ မကြွဘူး

ကဗျာဆုကို မနီတာ က အင်းဝသို့ရင်ခုန်ခြင်း ကဗျာစာအုပ်နဲ့ ရရှိပြီး သူ့ရဲ့ ပထမဆုံး စာအုပ် ဖြစ်ပါတယ်။

မေမြို့မှာ ပန်းစိုက်ပျိုးရောင်းချတဲ့ မနီတာဟာ အမျိုးသားစာပေဆုကို ၁၉၆၅ က ရရှိခဲ့တဲ့ ကဗျာဆရာကြီး ကိုလေး အင်းဝဂုဏ်ရည်ရဲ့ သမီးဖြစ်ပါတယ်။

သူ့ဆုရတဲ့ ကဗျာရှည်ဟာ သူ့ရဲ့ဘိုးဘေးဘီတွေ အင်းဝမြို့မှာ နေထိုင်ခဲ့တဲ့အကြောင်းကို သူ့သားတွေခေတ်အထိ ရေးဖွဲ့ထားတာ ဖြစ်ပြီး မြန်မာပြည် သမိုင်းနောက်ခံတွေအပေါ်မှာ အခြေခံ ရေးတာ ဖြစ်ပါတယ်။

နိုင်ငံရေးနောက်ခံ မပါရင် ဘယ်စာမှ မကြွဘူး ဆိုတဲ့ လူထုဒေါ်အမာရဲ့ ဆိုစကားကို အမှတ်တရပြု ရေးဖွဲ့တာလို့လည်း မနီတာက ပြောပါတယ်။

အခုလည်း မနီတာကိုခွင့်လွှတ်ပါ ကဗျာစာအုပ် ထုတ်ဖို့ စီစဉ်နေပါတယ်။ သူ့ကဗျာတွေကို အသံပါတဲ့ လွတ်လပ်ကာရန်သဘော ရေးဖွဲ့လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Sabal Phyu Nu

ပါလေရာအယ်နီ နဲ့ ကလေးစာပေဆုကို ရတဲ့ စံပယ်ဖြူနုဟာ အရင်ကလည်း ကချင်ပြည်နယ် စစ်ပွဲတွေအကြောင်း မြောက်ဖျားကအလွမ်းရာသီ ဝတ္ထုနဲ့ ၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေ ဝတ္ထုရှည် ဆု ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Wikipedia
Image caption ဗိုလ်လက်ျာ၊ ဗိုလ်စကြာနဲ့ ဗိုလ်အောင်ဆန်း

အင်္ဂလိပ်ဘာသာသုတစာပေဆုကိုတော့ ဒေါက်တာခင်လက်ျာ ရဲ့ Burma's Fate စာအုပ်က ရရှိပါတယ်။

ဒေါက်တာခင်လက်ျာဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ သမီးကြီး ဖြစ်ပြီး သူ့ဖခင်အကြောင်း ဖေဖေဗိုလ်လက်ျာ အတ္ထုပ္ပတ္တိနဲ့ ၂ဝ၁၂ က အမျိုးသားစာပေဆု တကြိမ် ရရှိခဲ့ပါတယ်။

အခု ရရှိတဲ့ စာအုပ်မှာတော့ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ ညီညွတ်တိုးတက်မှု ဆိုင်ရာ ကိစ္စတွေကို သူ့ဖခင်ဘဝ နောက်ခံနဲ့ ရေးသားထားပါတယ်။

ဗိုလ်လက်ျာ ပြောမသွားနိုင်ခဲ့တဲ့ သမိုင်းကြောင်း ကိစ္စတွေကို မှတ်တမ်းအထောက်အထားတွေ သုံးပြီး ရေးခဲ့တာလို့လည်း သိရပြီး ၁၉၃ဝ ကျော်ကနေ ထိုင်းနယ်စပ်မှာ ဗိုလ်လက်ျာ ၁၉၇၈ က လုပ်ကြံခံရတဲ့အထိ ရေးသားထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မောင်သာနိုး ၂ဝ၁၆ ခုနှစ် အတွက် အမျိုးသား စာပေ တသက်တာဆုရ
ဓာတ်ပုံ မူပိုင် စာအုပ်အဟောင်းတန်း
Image caption ဖိုးကျော့ရဲ့ နာမည်ကျော် ဆင်လုပ်သား ဝတ္ထု

တသက်တာစာပေဆု

တသက်တာစာပေဆုရှင် အဖြစ် စာရေးဆရာ ဖိုးကျော့နဲ့ ရှေး​ဟောင်းစာ​ပေသု​တေသီ ဦးထွန်းရီ တို့ကို ပေးအပ်ခဲ့ပါတယ်။

ဖိုးကျော့ဟာ အောင်ပွဲသို့ချီရာဝယ် ဝတ္ထုနဲ့ ၁၉၇၂ က အမျိုးသားစာပေဆု ရရှိခဲ့ဖူးပါတယ်။

စာပေဗိမာန် ဝတ္ထုရှည် ဒုတိယဆုတွေကိုလည်း အင်တွဲပွဲလျက် အရှာထွက်သေရွာပြန်တို့၏ အဏ္ဏဝါခရီးမြန်မာ့မုဆိုး ဝတ္ထုတွေနဲ့ ၁၉၉ဝ၊ ၁၉၉၁ နဲ့ ၁၉၉၃ မှာ သုံးကြိမ် ရရှိခဲ့ပါတယ်။

Image caption ဦးထွန်းရီစာစုအဖြစ် ပညာရှင်တွေအကြား လူသိများ

ရှေး​ဟောင်းစာ​ပေသု​တေသီ ဦးထွန်းရီကတော့ ဂျပန် တက္ကသိုလ်တခုမှာ ၁ဝ နှစ်နေထိုင်ပြီး ကုန်းဘောင်ခေတ် မှတ်တမ်းစာစုတွေကို ပြုစုထုတ်ဝေခဲ့သူပါ။

အနှစ် ၄ဝ အတွင်း ရှေးဟောင်းစာစုတွေ အတွဲ ၂၅ဝ ကျော် ထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။

တယောက်တည်း နှစ်ဆု

ဒီနှစ်စာပေဆုမှာ ထူးခြားချက်က စာရေးဆရာတယောက်က နှစ်ဆု တနှစ်တည်း ဆွတ်ခူးတာပါ။

ဝတ္ထုတိုပေါင်းချုပ်ဆုနဲ့ ဘာသာပြန်(ရသ)စာပေဆုတွေကို တင့်ဇော်ရဲ့ အရသာမတူသော ပန်းသီးများ နဲ့ အာရှဝတ္ထုတိုများ စာအုပ်တွေက ရရှိပါတယ်။

တင့်ဇော်ဟာ ရှုမဝ မဂ္ဂဇင်းရဲ့ စင်တင်ကလောင်တချောင်းဖြစ်ပြီး အနှစ် ၃ဝ နီးပါး ရေးသားခဲ့တဲ့ ဝတ္ထုတိုတွေကို စုစည်းထုတ်ဝေပြီး ဆုတွေ ဆွတ်ခူး ရရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် လူခါး
Image caption ဝတ္ထုရှည်ဆုရ လူခါး

ဝတ္ထုရှည်ဆုကိုတော့ လူခါး ရဲ့ မြန်မာပြည်အပြင်ဘက် က ရရှိပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ရည်စူးရေးသားတာပါ။

သူကိုယ်တိုင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် မလေးရှားမှာ နေခဲ့ပြီး ဂျပန်မှာ နေထိုင်နေသူ ဖြစ်ပါတယ်။

နိုင်ငံရေးစာပေဆုကို မောင်မောင်စိုးရဲ့ မြောက်ဦးစစ်တမ်း ၊ ရသစာတမ်းဆုကို မောင်ရင့်မာ ကျောင်းကုန်းရဲ့ နွေနှောင်းညတစ်ည၌ လရောင်နှင့် လေညင်းကို ​တွေ့ရှိခြင်း စာအုပ်တွေက ရရှိပါတယ်။

မောင်ရင့်မာ(ကျောင်းကုန်း)ဟာ လွတ်လပ်စွာလွမ်းဆွတ်ခွင့် နဲ့လည်း ၂ဝ၁၃ က စာပဒေသာစာပေဆု ရရှိခဲ့ပါတယ်။