နွားပွဲဈေးအခွန် မဆောင်လို့ဆိုပြီး နွားအကောင် ၃၀၀ ကျော် ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Khinmaung Oo's Facebook
Image caption နွားတွေတင်ဆောင်လာတဲ့ ကား

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လိုင်စင်နဲ့ တရုတ်နိုင်ငံကို နွားတင်ပို့တဲ့ ကုမ္ပဏီ ၃ ခုက နွားအကောင် ကျော် ၃၀၀ ဟာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ကနေ တရုတ်-မြန်မာနယ်စပ်ကိုပို့ဖို့ သယ်ဆောင်လာစဉ်မှာ ရွှေဘိုခရိုင်ရဲ နဲ့ ကန့်ဘလူရဲတွေက ဒေသတွင်း နွားပွဲဈေးအခွန် မဆောင်လို့ဆိုပြီး ဖမ်းဆီးလိုက်ပါတယ်။

ဇီးကုန်းမြို့ကနေ မူဆယ်ကို ထွက်ခွာမယ့် နွားအကောင် ကျော် ၃၀၀ တင်ဆောင်လာတဲ့ ကား ၁၅ စီးကို ကန့်ဘလူမြို့နယ် မိုင် ၂၀ ခန့် အကွာ ရွှေဘိုမြို့အဝင်မှာ ဖမ်းဆီးခံခဲ့ရတယ် နွားကားတွေ အဖမ်းခံရတဲ့ ကေကေဇက်ကုမ္ပဏီပိုင်ရှင် ဦးချစ်စမ်းမောင်က ပြောပါတယ်။

နွားပွဲဈေးဆိုတာ အညာက မြို့အတော်များများမှာ စည်ပင်သာယာက ကြီးကြပ်ပြီး လုပ်ကိုင်ချင်သူကို လေလံချပေးတဲ့ စနစ်နဲ့ ထိမ်းချုပ်တာ ဖြစ်ပါတယ်။

နွားပွဲဈေး လေလံအောင်သူတွေဟာ နွားပွဲဈေးမှာ အရောင်းအဝယ်ဖြစ်တဲ့ နွားတွေထဲက နွားပိုင်ရှင်နဲ့ နွားဝယ်သူတွေဆီကနေ နွားတစ်ကောင် အတွက် တဖက်ကို အခွန်ငွေ ၁ သောင်း ဆောင်ခိုင်းတဲ့ စနစ်နဲ့ လုပ်ကိုင်ကြတာပါ။

အခု အဖမ်းခံရတဲ့ နွားတင်ပို့တဲ့ ကုမ္ပဏီတွေက သူတို့ နွားတွေဟာ ဒီနွားပွဲဈေးက ဝယ်တာမဟုတ်ဘဲ ရွာတွေက တိုက်ရိုက်ဝယ်တာမို့ ဒီနွားပွဲဈေး အခွန်ကို မဆောင်တာလို့ ကုမ္ပဏီပိုင်ရှင် ဦးချစ်စမ်းမောင်က ပြောပါတယ်။

နေပြည်တော် စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းကတော့ နွားတင်ပို့ခွင့်နဲ့ ပတ်သက်လို့ ပြည်ထောင်စုအဆင့်က သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေပြီး စစ်ကိုင်းတိုင်းထဲမှာတော့ သီးခြားညွှန်ကြားချက်လို လုပ်ထုံးလုပ်နည်းနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။

ပြည်ထောင်စုအဆင့်က နွားတင်ပို့လိုင်စင် လွယ်လွယ်ကူကူ ချပေးပေမယ့် ဒေသန္တရဥပဒေအရ တိုင်းဒေသကြီး တစ်တိုင်းကို ပုံစံတမျိုး လုပ်နေတာမျိုး မဖြစ်စေလိုပဲ နိုင်ငံတော်လည်းအခွန်ရအောင် တပြေးညီသတ်မှတ်ပြီး တရားဝင်ပဲ တင်ပို့ချင်တယ်လို့ နွားတင်ပို့တဲ့ ကုမ္ပဏီတွေက ဆိုကြပါတယ်။

ဒီလိုအောက်ခြေ ပြည်နယ်တိုင်းတွေရဲ့ ဒေသန္တရ ဥပဒေတွေကြောင့် တချို့ကတော့ ပြည်ထောင်စုအဆင့်မှာ လိုင်စင်မလုပ်ပဲ ဒေသတွင်း အစိုးရနဲ့ အဆင်ပြေအောင် နွားပွဲဈေး အခွန်ကိုဆောင်ပြီး တရုတ်နယ်စပ်ကို မှောင်ခိုလမ်းကနေ တင်ပို့နေတာ နေ့စဉ် နွားအကောင်ရေ ရာချီရှိနေတယ်လို့ နွားကုန်သည်တွေက ပြောကြပါတယ်။

အခုတော့ အဖမ်းခံခဲ့ရတဲ့ နွားတွေကို ပိုင်ရှင်တွေကို ပြန်ပေးပြီး ကိုယ့်ခြံကိုယ် ပြန်ထားခွင့်ရတယ်ဆိုပေမယ့် နယ်စပ်ကိုတော့ တင်ပို့ခွင့်မရသေးဘူးလို့ ကုမ္ပဏီပိုင်ရှင်တွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ