ဝန်ကြီးအပြောင်းအလဲ သတင်းဖော်ပြချက် မီဒီယာကောင်စီကို သမ္မတရုံး တိုင်ကြားစာပို့ အပါအဝင် မနက်ခင်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Mm.presscouncil
Image caption သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ

(၁) ဝန်ကြီးအပြောင်းအလဲ သတင်းဖော်ပြချက် မီဒီယာကောင်စီကို သမ္မတရုံး တိုင်ကြားစာပို့

ဝန်ကြီးချုပ် ၄ ယောက်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ အပြောင်းလဲရှိတယ်ဆိုတဲ့ ပြည်တွင်းအပတ်စဉ်ထုတ် The Speaker ဂျာနယ်ရဲ့ သတင်းဖော်ပြမှုဟာ မှားယွင်းတယ်ဆိုပြီး သတင်းမီဒီယာကောင်စီအနေနဲ့ ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတက သတင်းမီဒီယာကောင်စီနဲ့ တွေ့တဲ့အချိန်မှာ ပြောလိုက်သလို သမတရုံးကလည်း ကောင်စီကို တိုင်ကြားစာပို့လိုက်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် The Speaker ဂျာနယ်မှာ 'ဝန်ကြီးချုပ် ၄ ဦး နဲ့ ဝန်ကြီးအချို့အနားပေးမည်ဟု သတင်းထွက်ပေါ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် ၄ ဦးအပါအဝင် ဝန်ကြီးအချို့ကို လပိုင်းအတွင်း အနားပေးမည်ဖြစ်ပြီး အနားပေးမယ့် စာရင်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ မပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးကို ကိုးကားပြီး The Speaker ဂျာနယ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့ကျရင် တိုင်ကြားမှုဆိုင်ရာကော်မတီအစည်းအဝေးထိုင်ပြီးတော့ The Speaker ဂျာနယ်က သတင်းသမားတွေကို ခေါ်ယူမေးမြန်းဖြေရှင်းမယ်လို့ သတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုံးကြိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ The Speaker ဂျာနယ်က အယ်ဒီတာချုပ်ကို ဘီဘီစီက ဆက်သွယ်ပေမယ့် ခရီးသွားနေတယ်ဆိုတာကြောင့် ဂျာနယ်ဖက်က တုံ့ပြန်ချက်ကို မရယူနိုင်သေးပါဘူး။

(၂) ထိုင်ဝမ်မှာ လိင်တူချင်းလက်ထပ်ထိမ်းမြှားခွင့်ကို ကန့်ကွက်မဲ အများစုပေးခဲ့ကြ

ဓာတ်ပုံ မူပိုင် Reuters
Image caption လိင်တူချင်းလက်ထပ်ထိမ်းမြှားတာကို ကန့်ကွက်ခံရလို့ ဝမ်းနည်းနေသူ တစ်ဦး

ထိုင်ဝမ်မှာ လိင်တူချင်းလက်ထပ်ထိမ်းမြှားခွင့်ကို လူထုဆန္ဒခံယူကြရာမှာ ကန့်ကွက်မဲပေးခဲ့ကြသူတွေက အနိုင်ရသွားခဲ့ပါတယ်။

လိင်တူချင်းလက်ထပ်ခွင့်ကို ပိတ်ပင်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ပြီးခဲ့တဲ့နှစ်အတွင်းက ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

လူထုဆန္ဒခံယူပွဲမတိုင်ခင်တုန်းကတော့ အာရှတိုက်အတွင်းမှာ ထိုင်ဝမ်က လက်ထပ်ထိမ်းမြှားခွင့် ပထမဆုံးခွင့်ပြုမယ့် အခြေအနေမျိုးဖြစ်လာမယ်လို့ မှန်းဆထားတာတွေ ရှိခဲ့ပါတယ်။

အခုဆန္ဒခံယူပွဲ ရလဒ်အပေါ် ရှေးရိုးစွဲအမြင်ရှိသူတွေကတော့ နှစ်ခြိုက်နေကြပြီးတော့ လိင်တူချစ်သူများအခွင့်အရေးကို ပိုမိုတိုးတက်စေချင်ကြသူတွေကတော့ အစိုးရက လူထုဆန္ဒခံယူပွဲလုပ်ဖို့ ခွင့်ပြုခဲ့တဲ့အပေါ် အပြစ်ဖို့နေပါတယ်။

(၃) ပြင်သစ်မှာ လောင်စာဆီခွန်တိုးလိုက်တာကို ကန့်ကွက်ဆန္ဒပြနေကြ

ဓာတ်ပုံ မူပိုင် AFP
Image caption လောင်စာဆီခွန်တိုးလိုက်တာကို ကန့်ကွက်ဆန္ဒပြနေကြ

ပြင်သစ်မှာ လောင်စာဆီအခွန် တိုးမြှင့်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဒီသတင်းပတ် အကုန်ရက်တွေမှာလည်း ထပ်ဖြစ်နေပါတယ်။

အရင်သီတင်းပတ်ကုန်တုန်းကလည်း အခုလို ဆန္ဒပြပွဲတစ်ကြိမ် ဖြစ်ခဲ့တာမို့ ဒါဟာ ဒုတိယအကြိမ်ပါ။

ပဲရစ်က ရှောင်ဆန်လင်ဇီ လမ်းမကြီးပေါ်မှာ ဆန္ဒပြသမားတွေက ကျောက်တုံးတွေကို အကာအရံတွေလုပ်ခဲ့ကြသလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ နဲ့ လူစုလူဝေးတွေကို ဖြိုခွင်းခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လောင်စာဆီခွန်တိုးလိုက်တာကို ကန့်ကွက်ဆန္ဒပြနေကြ

ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီးတော့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး ခရစ္စ်တိုဖီကတ်စတန်နာ က 'ဒါလက်ယာစွန်းပါတီခေါင်းဆောင် မရင်းလီပန်းက သူ့ကို ထောက်ခံသူတွေကို သွေးထိုးပေးလို့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်လာတာလို့ ဆိုသလို လက်ဝဲ တက်ကြွလှုပ်ရှားကြသူတွေကလည်း သမ္မတ မက်ခရွန်း နှုတ်ထွက်အောင် လုပ်နေကြတာ' လို့ ပြောပါတယ်။

'နိုင်ငံတဝန်းက ဆန္ဒပြသမား အယောက် ၁၃၀ ကို ဖမ်းထားတယ်။ ၄၂ ယောက်က ပဲရစ်မှာ ဖမ်းထားတယ်၊ နိုင်ငံတဝန်း လူပေါင်း ၁ သိန်းကျော် ဆန္ဒပြကြတယ်၊ အဲ့ဒီအရေအတွက်က အရင်သီတင်းပတ်ကုန် ဆန္ဒပြပွဲတုန်းက အရေအတွက်ထက် အများကြီးနည်းသွားပြီ' လို့လည်း သူက ပြောပါတယ်။