မန်းမဟော်သဓာအထက်တန်းကျောင်း ဆောက်ဖို့ မဘသ ပြင်နေ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အမျိုးသားရေးဆရာတော်ဦးဝီရသူ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာမှာ အမျိုးသားရေးဆရာတော်ဦးဝီရသူနဲ့ တခြားအမျိုးသားရေးဝါဒီတွေ ဦးဆောင်တဲ့ မန်းမဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း အဆောက်အဦးဆောက်ဖို့ကို သက်ဆိုင်ရာကခွင့်ပြုချက်ချမပေးပေမယ့် ဆက်လုပ်တော့မယ်လို့ ကျောင်းဖြစ်မြောက်ရေး ကော်မတီက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောလိုက်ပါတယ်။

အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင် ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို လေးထပ် အဆောက်အဦး တည်ဆောက်ဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဆီကို စာတင်ထားတာ ၁နှစ်ကျော်ရှိနေပြီ ဖြစ်ပေမယ့် ခွင့်ပြုချက်ကျမလာတဲ့ အတွက် အမြန်ချပေးဖို့နဲ့ ချမပေးဘူးဆိုရင် ဆက်မစောင့်တော့ဘူးလို့ ကျောင်းဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

ဒီကျောင်းဖြစ်မြောက်အောင် ဦးဆောင်နေတဲ့ အမျိုးသားရေးဆရာတော် ဦးဝီရသူက အစိုးရအနေနဲ့ ဘာအကြောင်းပြန်ချက်မှ ခိုင်ခိုင်လုံလုံမရှိပဲ ခွင့်ပြုချက်ချမပေးတာလို့ ဆိုပါတယ်။

မဟော်သဓာအမျိုးသားကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်မြောက်ရေး ကော်မတီ ဒုတိယဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်ကလည်း ဥပဒေနဲ့ အညီဖြစ်အောင် သူတို့ဘက်က တင်ပြစရာအားလုံးတင်ပြပေမယ့် သက်ဆိုင်ရာက ခွင့်မပြုလို့ သူတို့ လုပ်စရာရှိတာတွေကို ဆက်လုပ်မယ်လို့ ပြောပါတယ်။

Image caption မဘသ အဖွဲ့အား သတိပေး ရှင်းလင်းပွဲ ကျင်းပခဲ့စဉ်

လေးထပ် ကျောင်းဆောင်ဆောက်ဖို့ ဖေဖေါ်ဝါရီလက ပန္နက်ချတာမှာ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်လို့ ခွင့်ပြုမိန့်ရအောင် စောင့်နေတာလို့ ကော်မတီက ဆိုပါတယ်။ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီးမေးကြည့်တော့ အဆောက်အဦးကိစ္စ သူ့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ဒီကျောင်းမှာ ၉ တန်းနဲ့ ၁၀ တန်း ကျောင်းသားကျောင်းသူ ၁၀၀ ဝန်းကျင် သင်ကြားနေကြတာ ဖြစ်ပါတယ်။

နောက်ထပ်လည်း ကျောင်းသားဦးရေတိုးနေတာမို့ နေရာအခက်ခဲရှိလို့ အစိုးရရဲ့ခွင့်ပြုမိန့်ကို ဆက်စောင့်မှာ မဟုတ်တော့ပဲ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်လို့ ဆရာတော်ဦးဝီရသူနဲ့ ကျောင်းဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ