မောင်တောမှာ ကျွဲနွားတွေကို အုပ်စုလိုက်ဝင်ခိုးတာတွေဖြစ်နေလို့ ဒေသခံတွေပြော၊ရုရှား အထူးတပ်ဖွဲ့က ယူကရိန်းရေတပ်သင်္ဘော ၃ စီးကို ဖမ်းဆီးထားအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် PHYO HEIN KYAW/AFP/Getty Images
Image caption မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်

၁) မောင်တောမှာ ကျွဲနွားတွေကို အုပ်စုလိုက်ဝင်ခိုးတာတွေဖြစ်နေလို့ ဒေသခံတွေပြော

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်း ကျွဲနွားတွေကို အုပ်စုလိုက် ခိုးမှုတွေ နေ့စဉ် ပေါ်ပေါက်နေတဲ့ အတွက် ဒေသခံ တောင်သူလယ်သမားများ အနေနဲ့ အခက်အခဲတွေ ဖြစ်နေ တယ်လို့ ဒေသခံတောင်သူတွေက ဘီဘီစီကိုပြောပါတယ်။

အခိုးခံရတဲ့ ကျွဲ ၈ ကောင်ရဲ့ တန်ဖိုးဟာ ကျပ် သိန်း ၉၀ ဖိုးရှိပြီး ဘင်္ဂလာဒေ့ရှ်ဘက်က လူတွေ ဟာ မော်တော်ဘုတ်နဲ့ ဝင်ရောက်ပြီး ကျွဲတွေကို ခိုးယူသွားတာကို ဘင်္ဂလာဒေ့ရှ် ရှင်မဖြူကျွန်မှာရှိနေတဲ့ ဒေသခံ တစ်ဦးနဲ့ ဆက်သွယ် မေးမြန်းရာကနေသိရတယ်လို့ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာက အခိုးခံခဲ့ရတဲ့ ကျွဲပိုင်ရှင် တောင်သူ ဦးခြသေ့ၤအောင်က ဘီဘီစီကိုပြောပြပါတယ်။

အလားတူ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်း အောင်သပြေကျေးရွာမှာ နွား ၁၄ ကောင်ကို တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခိုးယူသွားခြင်းခံခဲ့ရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြား ချက်အရသိရပါတယ်။

ဓာတ်ပုံ မူပိုင် ZAWHEIN
Image caption ငါးခိုးဖမ်းနေတဲ့လှေတွေကြောင့် ဒုက္ခရောက်နေတဲ့ ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ဒေသခံတချို့

၂) တနင်္သာရီမှာ ငါးခိုးဖမ်းတဲ့လှေတွေအရေး လွှတ်တော်ကိုယ်စားလှယ်တချို့ ပင်လယ်ပြင်ဆင်းပြီး အထောက် အထားရှာနေ

တနင်္သာရီတိုင်းအတွင်း ငါးခိုးဖမ်းတဲ့လှေတွေအရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် တွေကိုယ်တိုင် ပင်လယ်ပြင်ဆင်းပြီး အထောက်အထားရှာနေတယ်လို့ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းထံကနေသိရပါတယ်။

ငါးခိုးဖမ်းတဲ့လှေအရေးနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းက သက်ဆိုင်ရာ ဝန်ကြီးနဲ့ ဌာန တွေကို အကြောင်းကြားထားပေမယ့်လည်း ၂ပတ်ကျော်ကြာတဲ့အထိ အရေးယူဆောင်ရွက်ခဲ့တာမျိုး အကြောင်းမကြားခဲ့ရတဲ့အတွက် အခုလို ကိုယ်တိုင်ကွင်းဆင်းနေကြရတာလို့ သိရပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ငါးခိုးဖမ်းတဲ့လှေတွေအရေးနဲ့ပတ်သက်ပြီး ဒေသခံ ကမ်းနီးငါးဖမ်း လုပ်ကိုင်သူ တွေကလည်း ပြီးခဲ့တဲ့ရက်တွေအတွင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖော်ပြောဆိုထားကြပါတယ်။

၃) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့( PPST ) အစည်းအဝေးကို ဒီဇင်ဘာလဆန်းမှာကျင်းပဖို့ရှိနေ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ ( PPST )ရဲ့အစည်းအဝေးကို ဒီဇင်ဘာလဆန်းမှာ ကျင်းပဖို့ရှိပါတယ်။

မကြာသေးခင်ရက်ပိုင်းကလည်း PPST ရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုး ဟာ PPST မှာ မပါတော့ဘဲ သူ့ကိုယ်စား KNU အထွေထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို KNU ကိုယ်စားလှယ်အနေနဲ့ ပြောင်းလဲ တာဝန်ပေးဖို့ KNU ခေါင်းဆောင်တွေက ဆုံးဖြတ်ထားပါတယ်။

"ဒီလိုအခြေအနေတွေရှိနေတဲ့အတွက် တိုင်ပင်ကြဖို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့လိုနေပြီ၊ တိုင်တိုင် ပင်ပင်မလုပ်ရင် ပြည်သူအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေးကပိုကြာသွားမှာပေါ့၊'' လို့ PPST အစည်းအဝေး ခေါ်ယူကျင်းပသွားဖို့ စီစဉ်ရတာနဲ့ပတ်သက်ပြီး PPST အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ပအို့ဝ် လွတ်မြောက်ရေးအဖွဲ့ရဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကိုပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်း
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရှရှားဟာ သူ့ရေပိုင်နက်ကိုဝင်လာတဲ့ ယူကရိန်း သင်္ဘောတွေကို ဖမ်းဆီး

၄) ရုရှား အထူးတပ်ဖွဲ့က ယူကရိန်းရေတပ်သင်္ဘော ၃ စီးကို ဖမ်းဆီးထား

ရုရှား အထူးတပ်ဖွဲ့တွေဟာ ခရိုင်းမီးယားကမ်းလွန်က ခီယာဂျ် ရေလက်ကြားမှာ ယူကရိန်းရေတပ်သင်္ဘော ၃ စင်းကို ဖမ်းဆီးလိုက်ပါတယ်။

ယူကရိန်းသမ္မတ ပီထရို ပေါ်ရိုရှန်ကာကတော့ ဒါဟာ ကျူးကျော်မှုဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေး ကြေညာဖို့ လွှတ်တော်ကို တောင်းဆိုသွားမယ်လို့ပြောပါတယ်။

ရုရှားဘက်ကတော့ ယူကရိန်းဟာ သူ့ရေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ပြီး ဒါဟာ ရန်စမှုကို လုပ်လိုက်တာလို့ ယူကရိန်းဘက်ကို စွပ်စွဲပါတယ်။

အစောပိုင်းတုန်းကလည်း ရုရှားဟာ ခီယာဂျ်ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားတဲ့ ယူကရိန်းရေတပ်သင်္ဘော တွေ သူထိန်းချုပ်ထားတဲ့ တံတားတစ်စင်းအောက်ကနေ မဖြတ်သွားနိုင်အောင် ကုန်တင်သင်္ဘောကြီး တစ်စင်းနဲ့ ဟန့်တားခဲ့ပါသေးတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီကတော့ ဒီအရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးဖို့ ဒီကနေ့မှာ လုံခြုံရေး ကောင်စီ အစည်းအဝေးပွဲပြုလုပ်ဖို့ ရှိတယ်လို့ပြောပါတယ်။ အစည်းအဝေးပွဲလုပ်ဖို့ ကိုလည်း ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက တောင်းဆိုထားပါတယ်။

ဥရောပသမဂ္ဂကလည်း ရုရှားအနေနဲ့ ခီယာဂျ်လေရက်ကြားမှာ လွတ်လပ်တဲ့ သွားလာမှုကို ပြန်ခွင့်ပြုပေးဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ရွှေ့ပြောင်းသူတွေဟာ နယ်စပ်က ပထမ အဟန့်အတား တံတိုင်းကို ကျော်ဖြတ်နိုင်ခဲ့

၅) နယ်စပ်ကို အတင်းအကျပ် ဖြတ်ကျော်သူတွေ ပြည်နှင်ဒဏ်ပေးခံရမယ်

မက္ကစီကို-အမေရိကန် နယ်စပ်မှာ လုံခြုံရေး အတားအဆီးတွေကို ချိုးဖောက်ပြီး နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ အလယ်အမေရိကနိုင်ငံတွေက ရွှေ့ပြောင်းအခြေချသူ ၅၀၀ နီးပါးကို ပြည်နှင်ဒဏ်ပေးမယ်လို့ မက္ကစီကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေက နယ်စပ်ကို အင်အားသုံးပြီး တရားမဝင် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ လူစုကို ဝန်းရံ ပိတ်ဆို့ခဲ့ရတယ်လို့ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ် တွေ အပါအဝင် လူဒါဇင်နဲ့ ချီဟာ တီဟွာနာမြို့နားက နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးဆီ ပြေးသွားနေတဲ့ ရုပ်ပုံတွေကိုလည်း ရုပ်သံဗီဒီယိုတွေမှာ တွေ့မြင်ရပါတယ်။

သူတို့ကို အမေရိကန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေက မျက်ရည်ယို ဓာတ်ငွေ့တွေသုံးပြီး တားဆီးခဲ့ပါတယ်။

ဒီလို နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့သူတွေကို ဖော်ထုတ်ပြီး ချက်ချင်းပဲ ပြည်နှင်ဒဏ် ပေးမယ်လို့ မက္ကစီကို ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ တရားဝင် ပြောင်းရွှေ့အခြေချမှု လုပ်ငန်းမူဘောင်တွေကို ဖောက်ဖျက်ရာ ရောက်ပြီး ရွှေ့ပြောင်းသူတွေရဲ့ လိုလားချက်ကို ရရှိဖို့ ပိုပြီး ဝေးကွာစေတဲ့ အပြင် ဆိုးရွားတဲ့ ကိစ္စရပ်တွေဆီ ဦးတည် စေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအဖြစ်အပျက်ကြောင့် မက္ကစီကို-အမေရိကန် နယ်စပ်ကို နာရီအတန်ကြာ ပိတ်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ နယ်စပ်ကို ပြန်ဖွင့်ပေးထားပါတယ်။

အလယ်အမေရိကတိုက် နိုင်ငံတွေက ပြောင်းရွှေ့အခြေချသူတွေဟာ တီဟွာနာမြို့ကို ဒီလ အစောပိုင်းကတည်းက ရောက်ရှိနေတာပါ။ သူတို့ ရောက်လာပြီးနောက်မှာ အဲဒီမြို့မှာလည်း တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရွှေ့ပြောင်းသူတွေဟာ သူတို့ရဲ့ မူလ နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတွေ ဒဏ်ခံနေရလို့ ထွက်ပြေးခိုလှုံလာတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နယ်စပ်ဖြတ်ကျော်သူတွေကို အမေရိကန်ဘက်က တားဆီးခဲ့

ဒီသတင်းနဲ့ပတ်သက်သမျှ