တနင်္သာရီကမ်းရိုးတန်းမှာ ကမ်းနီးလုပ်ကွက်တွေထိ ခိုးဝင်ဖမ်းဆီးနေတဲ့ ကမ်းဝေးလှေတွေကြောင့် ဒေသခံကမ်းနီးလုပ်ငန်းလုပ်ကိုင်သူတွေထိခိုက်နေ

ခိုးဝင်ကမ်းဝေးလှေတွေကြောင့် ထိခိုက်လာတဲ့ ဒေသခံရေလုပ်ငန်းလုပ်ကိုင်သူတွေ ဓာတ်ပုံ မူပိုင် ZAWHEIN
Image caption ခိုးဝင်ကမ်းဝေးလှေတွေကြောင့် ထိခိုက်လာတဲ့ ဒေသခံရေလုပ်ငန်းလုပ်ကိုင်သူတွေ

တနင်္သာရီတိုင်းကမ်းရိုးတန်းရေပြင်မှာ ကမ်းနီးလုပ်ကွက်တွေထိခိုးဝင်ပြီး ဖမ်းဆီးနေတဲ့ ကမ်းဝေးငါးဖမ်းလှေ တွေကြောင့် ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့ဒေသခံတွေ ထိခိုက်နစ်နာတွေရှိနေတယ်လို့ ကျွန်းစုမြို့နယ် အတွင်းကကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနကနေ ဒေသအလိုက် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ကွက်တွေကို မြေပုံနဲ့ သတ်မှတ် ဖော်ထုတ်ပေးထားပါတယ်။

' ' အခုက မျောပိုက်တွေ မီးထွန်းလှေတွေ လုပ်တဲ့ဒေသခံတွေအတွက် ရေပြင်ဧရိယာက မရှိသ လောက် ကိုဖြစ်နေပြီ၊ လုပ်ကွက်တွေသတ်မှတ်ထားတာရှိပေမယ့် ကမ်းဝေးမှာလည်း သူတို့ပဲလုပ်တယ်၊ ကမ်းနီးမှာ လည်း သူတို့တွေချည်းပဲ။ သူတို့တွေ ကမ်းနီးမှာ ဝင်ဖမ်းတော့ မျောပိုက်ပဲဖြစ်ဖြစ် မီးထွန်းလှေပဲဖြစ်ဖြစ် ကျောက်ချထားရင်တောင် သူတို့ဆွဲလာတဲ့လမ်းကြောင်းအတိုင်းပဲဆွဲသွားတာ၊ အဲ့တော့ မျောပိုက်လှေတွေ ပျက်တယ်၊ မီးထွန်းလှေက ရဲ့ကျောက်ကြိုးတွေ ဝါးလတ်လှေနောက် ကိုပါသွားတဲ့အထိ အခက်အခဲတွေ ရှိတယ်၊ ကမ်းနီးလုပ်တဲ့သူတွေလည်း လုပ်ငန်းတွေစွန့် နေရပ်တွေစွန့်ပြီး တခြားနေရာတွေ ပြောင်းကုန် တယ်၊ ထိုင်းဘက်မှာပဲ အလုပ်သွားလုပ်ကြတော့တယ်၊ အရင်က ပိုက်လှေ အစီး ၂၀၀ကျော်ရှိတာ အခုဆို ၂၀ကျော်ပဲရှိတော့တယ် '' လို့ ဒေသခံတွေ ရဲ့အခက်အခဲအပေါ် ကျွန်းစုမြို့ နယ် သိင်္ဂီကျေးရွာမှာနေထိုင်တဲ့ ကမ်းနီး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်တဲ့ ကိုအောင်လင်းစိုးက ဘီဘီစီကို ပြောပြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေသခံ ရေလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောပြ
ဓာတ်ပုံ မူပိုင် ZAWHEIN
Image caption ကမ်းနီးမှာ ဝင်ရောက်ခိုးဖမ်းတဲ့ ကမ်းဝေးလှေတစ်စင်း

ကမ်းဝေးလှေတွေ ကမ်းနီးလုပ်ကွက်တွေအထိ ဝင်ရောက်ဖမ်းဆီးနေတာဟာ ဆယ်စုနှစ်နဲ့ချီရှိလာပြီဖြစ် တာကြောင့် နေရပ်စွန့်ပြီး ပြောင်းရွှေ့လုပ်ကိုင်သူများလာတာကြောင့် အရွယ်ရောက်သူတွေမရှိတော့ တဲ့အတွက် မျောလှေထွက်ရာမှာလည်း ကလေးငယ်တွေကိုပဲခေါ်ယူပြီး လုပ်ကိုင်နေကြရတယ်လို့ ကော့သောင်းမြို့နယ် အောင်ဘာ ကျေးရွာဒေသခံတစ်ဦးကလည်းပြောပါတယ်။

အခုလိုဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေအပေါ် ဒေသခံတွေကအကူအညီတောင်းလာတဲ့အတွက် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဟိန်းက သူကိုယ်တိုင် နိုဝင်ဘာ ၃ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ပင်လယ်ပြင် အတွင်း ဆင်းပြီး ကမ်းနီးလုပ်ကွက် ဧရိယာတွေကို လိုက်လံလေ့လာခဲ့တယ်လို့ဘီဘီစီကိုပြောပါတယ်။

' ' တနင်္သာရီကမ်းရိုးတန်းတလျှောက် မြိတ်ရေပြင်ကနေ ကော့သောင်းရေပြင်အထိပေါ့ ကမ်းနီးတလျှောက် လှေနဲ့လျှောက်ကြည့်တယ်။ အဲဒီမှာ သံခွံအမျိုးအစားအပါအဝင် ငါးခိုးဖမ်းတဲ့လှေ အစီးရာနဲ့ချီပြီးတော့ ကမ်းနီးမှာ ဆွဲနေတာတွေ့ရတယ်။ အဲဒါတွေကို မှတ်တမ်းတင်ထားတာရှိတယ်။ တချို့ဟာတွေကိုတော့ ကျွန်တော်တို့သွားတဲ့လှေကသေးတော့ မလိုက်နိုင် တာလည်းရှိတယ်။ ကမ်းနီးမှာခိုးဖမ်းနေတဲ့ လှေတွေ အားလုံးက နံပါတ်ပြားတွေကိုပိတ်ပြီးဖမ်းနေကြတာ။ အဲဒါဓတ်ပုံရိုက်ထားတာကို ကျွန်တော် ၁၀ ရက်နေ့ ပြန်ရောက်ကတည်းက တိုင်းမွေး/ရေဝန်ကြီးရော သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနကိုရော အကြောင်းကြား ထားတယ်။ ဒါပေမယ့် ခုထိ အကြောင်းပြန်တာ မရှိသေးဘူး။'' လို့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် ZAWHEIN
Image caption ကမ်းနီးမှာ ဝင်ရောက်ခိုးဖမ်းတဲ့ ကမ်းဝေးလှေတွေဟာ လှေနံပါတ်ပြားတွေကိုဖုံးကွယ်ထား

သတ်မှတ်ဧရိယာကိုကျော်လွန်ပြီး ခိုးဝင်ဖမ်းဆီးနေတဲ့ငါးဖမ်းလှေတွေကို လွှတ်တော်ကိုယ်စားလှယ် ကိုယ် တိုင် အထောက်အထားရယူပြီး ပေးပို့တိုင်ကြားထားတာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ စစ်ဆေးနေတာတွေရှိတယ်လို့ သိရပါတယ်။

' ' ကမ်းနီးမှာ ခိုးဝင်ဖမ်းတယ်ဆိုတာကလည်း ရှိနိုင်ပါတယ်။ ပင်လယ်ပြင်မှာတော့ ကျွန်တော်တို့ဌာနက စစ်ဆေးနိုင်တာမျိုးမရှိဘူး။ တပ်မတော်ရေပဲရှိမယ်။ ကျန်တာကတော့ ကမ်းမှာ ဦးဇော်ဟိန်းတို့လို လာရောက်တိုင်ကြားတာကိုပဲ မှန်မမှန်စစ်ဆေးအရေးယူ လိုက်တာပဲ။ ပင်လယ်ပြင်မှာတော့ စောင့်ကြည့်ပြီးအရေးယူနိုင်တာတော့မရှိဘူး။ ဒီလိုအရေးယူနိုင်ဖို့ဆိုရင်တော့အထောက်အထားနဲ့ခြေရာခံအရေးယူနိုင်မယ့် VMS စနစ်ကို တပ်ဆင်ဖို့ကိုတော့ ဆောင်ရွက်ထားတယ်။ လောလောဆယ်တည်ထောင်ဖို့ကို ရင်းနှီးမြှုပ်နှံဖို့နဲ့ ယန္တရားတည်ဆောက်နိုင်ဖို့ ဆောင်ရွက်နေတယ်။ အမှန်တော့ ပင်လယ်ထဲမှာတည်းက အရေးပေါ်ဆက်သွယ်လို့ရတယ်ဖုန်းနံပါတ်တွေရှိတယ်။ အဲဒီနံပါတ်တွေဆက်လိုက်ရင်တော့ ထိထိရောက်ရောက်ရှိမှာပေါ့နော်။ မဟုတ်ရင်တော့ ပင်လယ်ဆိုတာတော့ ထွက်သွားပြီးရင်လည်း ပြန်လာဖို့ခက်တယ်၊ ကျန်တဲ့ဟာတွေလည်း ဆက်သွယ်ရေး စနစ်နဲ့အခက်အခဲရှိနိုင်တယ်။ ဒါကိုအလျင်လို လို့တော့မရနိုင်ဘူး မကျော်လွှားနိုင်ဘူး''လို့လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် အထောက်အထားရယူပြီး ပေးပို့တိုင်ကြားခဲ့ပေမယ့် အရေးယူမှုအပိုင်းမှာ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ ဦးတင်ထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ZAWHEIN
Image caption ရေလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတွေရဲ့ လှေငယ်တွေ

ကမ်းနီးလုပ်ကွက်တွေမှာ ခိုးဝင်ဖမ်းဆီးနေတဲ့ ကမ်းဝေးရေယာဉ်တွေကြောင့် ဒေသခံတွေထိခိုက်လာတဲ့အတွက် ကိုယ်တိုင်ကွင်းဆင်းပြီးတွေ့ရှိလာတဲ့အထောက်အထားတွေကို တိုင်ကြားထားတဲ့အပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးက အရေးယူဆောင်ရွက်တာမျိုးမရှိခဲ့ရင်တော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးထံတင်ပြသွားဖို့ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာ့ ပင်လယ်ထက်က ငရဲခန်း ရေလုပ်သားများ - ဘီဘီစီမြန်မာပိုင်းရဲ့ အထူး ရုပ်သံ အစီအစဉ်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ