ရွှေတိဂုံစေတီမှာကပ်လှူထားတဲ့ ရွှေစင်ပြားတွေရဲ့အရည်အသွေးကို တင်းကျပ်စွာစစ်ဆေးနေ၊ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ပုံ မီးပုံးပျံလွှတ်တင်သူ ထောင်ဒဏ် ၂နှစ် ချမှတ်ခံရ အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် SHWEINNTHARKHINMGWIN
Image caption ရွှေစင်ရွှေပြားတွေရဲ့အရည်အသွေးကို သီးခြားအလုပ်ရုံမှာ အဆင့်ဆင့်စစ်ဆေးနေ

၁) ရွှေတိဂုံစေတီမှာကပ်လှူထားတဲ့ ရွှေစင်ပြားတွေရဲ့အရည်အသွေးကို တင်းကျပ်စွာစစ်ဆေးနေ

ရွှေတိဂုံစေတီတော် မှာကပ်လှူထားတဲ့ ရွှေစင်ရွှေပြားတွေရဲ့အရည်အသွေးကို သီးခြားအလုပ်ရုံမှာ လုံခြုံရေးတင်းကျပ်စွာနဲ့ အဆင့်ဆင့်စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်တွေကိုလည်း အများပြည်သူကို အချိန်နဲ့တပြေးညီ အသိပေးထုတ်ပြန်သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွှေတိဂုံစေတီတော်တွင်ကပ်လှူထားတဲ့ရွှေစင်ရွှေပြားများအနက် ကြာမှောက်ကြာလှန်ဧရိယာမှာ ကပ်လှူ ထားတဲ့ ရွှေစင်ပြားတွေ မည်းနက်လာတဲ့အပေါ် အများပြည်သူဝေဖန်ပြောဆိုမှုတွေရှိလာပြီးနောက်မှာ အခုလို အရည်အသွေးစစ်ဆေးတာကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အရည်အသွေးစစ်ဆေးရာမှာလည်း လုပ်ငန်းအဆင့်ဆင့်ကိုမည်သူတစ်ဦးတစ်ယောက်ကိုမှ ကန်ထရိုက်မပေးဘဲ သေချာစစ်ဆေးနေတာ ဖြစ်တယ်လို့လည်း သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မည်းနက်လာတဲ့ ရွှေစင်ပြား ၃,၉၀၀ ကျော်အနက် ၉ ချပ်ကို ပညာရှင်တွေနဲ့ စစ်ဆေးရာမှာ ရွှေပါဝင်မှုဟာ ၉၈ ဒဿမ ၉၁ ရာခိုင်နှုန်းထိ ရှိကြောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဂုဏ်ပြုညစာစားပွဲမှာ တွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်

၂) အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နီပေါခရီးစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါဝန်ကြီးချုပ် ကေပီရှာမာအိုလီရဲ့ ဖိတ်ကြား ချက်အရ အခုသီတင်းပတ်အတွင်း နီပေါနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ဖို့ ရှိနေပါ တယ်။

ခရီးစဉ်နဲ့ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကတ္တမန္ဒူးမြို့မှာ ကျင်းပပြုလုပ်နေတဲ့ 'အာရှ - ပစိဖိတ်ထိပ်သီးအစည်းအဝေး ၂၀၁၈' ကိုလည်း တက်ရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

အခု နီပေါ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပထမဆုံး သွားရောက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကတော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌအဖြစ် သွားရောက်ခဲ့ဖူးပါတယ်။

၃) ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ပုံ မီးပုံးပ်ံလႊတ္တင္သူ ထောင်ဒဏ် ၂နှစ် ချမှတ်ခံရ

ရက္ခိုင့်တပ်မတော် (AA) လက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဦးစီးချုပ်ပုံ မီးပုံးပျံကို လွှတ်တင်ခဲ့တဲ့ ကိုလှထွန်းကျော်ကို ကျောက်ဖြူမြို့နယ် တရားရုံးက နိုဝင်ဘာ ၂၆ရက်နေ့က ထောင်ဒဏ် (၂ ) နှစ်ချမှတ်လိုက်ပါတယ်။

AA ရခိုင်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်ပုံနဲ့ မီးပုံးပျံ လွှတ်တင်တဲ့ အတွက် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာနေ ကိုလှထွန်းကျော်ကို ၂၀၁၇ နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

တစ်နှစ်ကျော်အကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ခုလို ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် THEIN MIN TUN
Image caption လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်မှာ လာရောက်စစ်ဘေးရှောင်နေတဲ့ မိသားစုတွေ

၄) ရှမ်းမြောက်မှာ ဒေသခံတွေသေဆုံးရမှုအပေါ် တိုက်ပွဲတွေရပ်တန့်ပေးဖို့ ရှမ်းတပ်ခုကို SNLD စာပေးပို့ တောင်းဆို

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ခု ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့် ပေးဖို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(SSJAC) ဥက္ကဋ္ဌ တာဝန် ယူထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က စာပို့တောင်းဆိုလိုက်ပါတယ်။

အခုလပိုင်းတွေ အတွင်း ရှမ်းပြည်မြောက်ပိုင်း ဒေသ တချို့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ သေကြေထိခိုက်ရတာတွေ ရှိနေတာပါ။

လက်ရှိအချိန်ဟာ တောင်ယာတွေရိတ်သိမ်းချိန်ဖြစ်တဲ့အပြင် ရှမ်းနှစ်သစ်ကူးပွဲတော်လည်းနီးလာပြီဖြစ်တဲ့အတွက် ဒီအချိန်မှာ တိုက်ပွဲတွေကို ရပ်တန့်ပေးထားဖို့ တောင်းဆိုရတာဖြစ်တယ်လို့ SNLD ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် NASA
Image caption နယ်စပ်ဖြတ်ကျော်သူတွေကို အမေရိကန်ဘက်က တားဆီးခဲ့

၅) မက္ကဆီကို - အမေရိကန်နယ်စပ် မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို မျက်ရည်ယိုဗုံးသုံးပြီး နှိမ်နင်းခဲ့တာကို စုံစမ်းဖို့ မက္ကဆီကိုတောင်းဆို

မက္ကဆီကို - အမေရိကန်နယ်စပ် တီဟွာနာမြို့မှာ နယ်စပ်ဖြတ်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာချီကို အမေရိကန်က မျက်ရည်ယိုဗုံးတွေသုံးပြီး တနင်္ဂနွေနေ့တုန်းက နှိမ်နင်းခဲ့မှုကို အပြည့်အ၀ စုံစမ်းဖို့ မက္ကဆီကို ကတောင်းဆိုလိုက်ပါတယ်။

မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အစိုးရကို ပို့လိုက်တဲ့ သံတမန်စာလွှာမှာတော့ အခုလိုအင်အားသုံးခဲ့တဲ့အတွက် မက္ကဆီကိုဘက်က စိုးရိမ်တယ်ဆိုတဲ့အကြောင်း ပါရှိ ပါတယ်။

နှစ်နိုင်ငံခြားထားတဲ့ နယ်စပ်စည်းရိုးကို ကျော်တက်ခဲ့တဲ့ ရွှေ့ပြောင်း ၄၂ ဦးကိုလည်း အမေရိကန် နယ်စပ်ကင်းလှည့်အဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အမေရိကန်ဟာ နယ်စပ်ကို နာရီချီကြာပိတ်မှု ဖြစ်စေခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း မက္ကဆီကိုဟား ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ရွှေ့ပြောင်း ၉၈ ဦးကို နေရပ်ပြန်ပို့ထားပါတယ်။ အဲဒီလူတွေဟာ အခုလအစောပိုင်းမှာ တီဟွာနာမြို့ကိုရောက်နေတဲ့ အလယ်အမေရိကနိုင်ငံတွေက ထောင်နဲ့ချီတဲ့ရွှေ့ ပြောင်းနေထိုင်သူတွေထဲက ဖြစ်ပါတယ်။