ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဆုံးဖြတ်နိုင်တဲ့ အဆင့်မှာ အမျိုးသမီးပါဝင်မှု ဘာကြောင့် နည်းနေသေးတာလဲ

ဓာတ်ပုံ မူပိုင် NCA-S EAO' Facebook
Image caption အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်

ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ် အဆင့်တွေမှာ အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်ဖို့အရေးနဲ့ ပတ်သက်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၁၀ ဖွဲ့ ကအမျိုးသမီးတွေပါဝင်တဲ့ အလုပ်ရုံဆွေးနွေး ပွဲကို ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေက Sunny Paradise Hotel မှာ ကျင်းပနေကြပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၆ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ်ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်ပါတယ်။

'' ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ခေါင်းဆောင် မှုအစီအစဉ် " လို့ အမည်ပေးထားတဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ် အဆင့်တိုင်းမှာ ဦးဆောင်သူတွေ၊ ဆုံးဖြတ် ချက်ချမှတ်နိုင်သူတွေအဖြစ် ပိုမိုပါဝင်လာနိုင်စေဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကနေ ပေါ်ထွက်လာတဲ့ မူဝါဒ တွေနဲ့ အခြေခံမူတွေဟာ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုထင်ဟပ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့သိရပါတယ်။

ဒါကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာအရေးပါဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေး မှာလုပ်ငန်းအဆင့်အားလုံးပေါင်းမှအမျိုးသမီးပါဝင်မှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့ပြီးနောက် အလုပ်ရုံဆွေးနွေးပွဲ ၅ ကြိမ်လုပ်ပြီး အမျိုးသမီးတွေပါဝင်မှုကို မြှင့်တင် နိုင်ဖို့ ဆွေးနွေးအဖြေရှာလာခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး နဲ့ အမျိုးသမီး ပါဝင်ခွင့်
ဓာတ်ပုံ မူပိုင် THEIN MIN TUN
Image caption တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ရှမ်းမြောက်က စစ်ရှောင်အချို့

ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ ဆုံးဖြတ်နိုင်တဲ့ အဆင့်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာနိုင်ဖို့ သတ်မှတ်ထားတွေ ရှိပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့ ခက်နေသေးတယ်လို့ ABSDF ကျောင်းသားတပ်မတော် အဖွဲ့က မိဆူးပွင့်က ပြောပါတယ်။

' ' ဒါကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနှစ် ၇၀ အနှစ် ၆၀ ကို ပြန်သုံးသပ်လိုက်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မူဝါဒတွေမှာ အမျိုးသမီးတွေပါ ဝင်လာစေမယ့် လမ်းဖွင့်ထားပေး တဲ့ မူဝါဒတွေမရှိဘူး။ နောက်ပိုင်းမှာ အမျိုးသမီးတွေဦးဆောင်မှုမှာပါဖို့ မူဝါဒတွေချမှတ်တာတွေရှိပေမယ့်လည်း လက်တွေ့မှာ အကောင်အထည်ဖော်နိုင်တဲ့အခြေအနေမရှိသေးဘူး။ အဓိက ကျတာကတော့ ဗဟိုကော်မတီ အဆင့်တွေ ဦးဆောင်မှုအဆင့်တွေမှာ အမျိုးသမီးတွေရှိမနေဘူး" လို့ လက်တွေ့ အခြေအနေကို မိဆူးပွင့်က ထောက်ပြပါတယ်။

မိဆူးပွင့်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး မှု ပူးတွဲကော်မတီ ရဲ့ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှု လုပ်ငန်းကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ဆုံးဖြတ်နိုင်တဲ့လုပ်ငန်းအဆင့်တွေမှာ အမျိုးသမီးတွေပိုပြီး ပါဝင်လာဖို့အတွက်ဆိုရင် အမျိုးသမီး တွေကို နိုင်ငံရေးအရစွမ်းရေးမြှင့်တင်ပေးဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဗဟိုကော်မတီ အစည်း အဝေးတွေနဲ့ နှစ်အလိုက်ကျင်းပတဲ့ညီလာခံတွေမှာ အမျိုးသမီးကိုယ်စားလှယ်တွေကို ပိုမိုထည့်ပေးဖို့ တွေလည်းလိုအပ်နေတယ်လို့ အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ မိဆူးပွင့်ကပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မိဆူးပွင့် - ၈၈ လက်နက်ကိုင်မှသည် ငြိမ်းချမ်းရေး သံတမန် အမျိုးသမီး
ဓာတ်ပုံ မူပိုင် NCA-S EAO' Facebook
Image caption လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မဆက်နိုင်ဘဲ တစ်ဆို့နေတဲ့အခြေအနေတွေအပေါ်လည်း ဆွေးနွေးခဲ့ကြ

အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့အဖွဲ့ ၁၀ ဖွဲ့က အမျိုးသမီးတွေ ပါဝင်တဲ့ ဆွေးနွေးကြတဲ့ အလုပ်ရုံ ဆွေးနွေး ပွဲမှာ အခြားလက်နက်ကိုင်အဖွဲ့တွေထက်စာရင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အဖွဲ့ ကတော့ ဗဟိုအဆင့်မှာအမျိုးသမီးတွေကို နေရာပေးမှု ရှိတယ်လို့ ဆိုရမယ်လို့လည်း မိဆူးပွင့်ကပြောပါတယ်။

ဒါပေမယ့် အမျိုးသမီး ပါဝင်ခွင့် ပိုရတဲ့ ကရင့် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) မှာတောင် တကယ်တမ်း ဆုံးဖြတ်ချက် ချ ရတဲ့ အဆင့်မှာ ပါဝင်နိုင်မှု နည်းတယ်လို့ ကအဲန်ယူရဲ့ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ နော်ဒါးဒါး က ဆိုပါတယ်။

' ' ကျွန်မတို့အဖွဲ့အစည်းမှာတော့ အဲလိုမျိုး ဆုံးဖြတ်နိုင်တဲ့အဆင့်တွေမှာ ဦးဆောင်နိုင်တဲ့ အဆင့် တွေမှာ ပါဝင်ခွင့်မရှိသေးပါဘူး လောလောဆယ်ထိ၊ ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် ကျွန်မတို့ပါဝင်တာနည်းတယ်၊ လူမှုရေးကဏ္ဍမှာပဲ ကျွန်မတို့အများဆုံးပါဝင်ခွင့်ရသေးတယ်။'' လို့ နော်ဒါးဒါး က အမျိုးသမီးတွေရဲ့ ပါဝင်မှု ခွင့် ရမှု အခြေအနေကို ပြောပြပါတယ်။

အမျိုးသမီးတွေ ပို ပါဝင်နိုင်ရင် ငြိမ်းချမ်းရေး ခရီးနီးမလား

အမျိုးသမီးတွေပါဝင်မှုကို မြှင့်တင်နိုင်ဖို့ ဆွေးနွေးအဖြေရှာနေကြတယ်ဆိုပေမယ့်လည်း ရေရှည်သွားရဦးမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ ဆုံးဖြတ်နိုင်တဲ့ အဆင့်တွေမှာ အမျိုးသမီးတွေပါဝင်လာနိုင်ဖို့ကတော့ ခြောက်လ တစ်နှစ်အတွင်း ဖြစ်လာနိုင်ဦးမှာ မဟုတ်ဘူးလို့လည်း မိဆူးပွင့်ကပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသမီးတွေပါဝင်မှုအခြေအနေမြှင့်တင်နိုင်ဖို့ ကိစ္စရပ်တွေအပြင် လက်ရှိငြိမ်းချမ်း ရေးဖြစ်စဉ် ရှေ့မဆက်နိုင်ဘဲ တစ်ဆို့နေတဲ့အခြေအနေတွေအပေါ်လည်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

' 'ကျွန်မတို့က မွေးကတည်းက သေနတ်ဖက်ပြီးမွေးလာရတာ။ ပြေးရလွှားရ ဒုက္ခတွေ၊ နေ့စဉ်ကြုံတွေ့ရတဲ့ ဒုက္ခ သုက္ခတွေ တိုက်ပွဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ဒီဒုက္ခတွေအားလုံးကို အမျိုးသမီးတွေက ခါးစည်းပြီး ခံခဲ့ကြရတယ်။ ဒါကြောင့်မို့ ငြိမ်းအေးပြီး အေးချမ်းသာယာတဲ့ဘဝတွေကို ကျွန်မတို့လိုလားနေတာပေါ့။ စိတ်ဓာတ်ရေးရာအရလည်း ကျွန်မတို့က သိမ်သိမ်မွေ့မွေ့နဲ့ ဆွေးနွေးဖက်တွေကို ကိုယ့်ဘက်ပါလာအောင် ဆွေးနွေးနိုင်တဲ့ အရည်အချင်းတွေရှိတယ်လို့ ယူဆတယ်။ '' လို့ ၆၉ နှစ် အရွယ်ကိုရောက်နေပြီဖြစ်တဲ့ နော်ဒါးဒါးက ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေကသာ ဆုံးဖြတ်နိုင်စွမ်းရှိသူတွေထဲပါဝင်လာ နိုင်မယ့်အခြေအနေကိုမျှော်မှန်းပြီး ပြောဆိုခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ကလေးမိခင်