ရှမ်းမြောက်က ကွတ်ခိုင်မှာ ကချင်လူငယ်တွေကို ဖမ်းနေ

kia ဓာတ်ပုံ မူပိုင် Thierry Falise
Image caption ကေအိုင်အေ တပ်သားတစုကို တောတွင်းတနေရာမှာ တွေ့ရ

နိုဝင်ဘာလ ၂၆ ရက်က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ လူငယ်တချို့ကို အစိုးရတပ်က ဖမ်းဆီးရိုက်နှက်တာတွေရှိသလို ကေအိုင်အေတပ်က စစ်သားစုဆောင်းဖို့ ဖမ်းခေါ်သွားတာတွေ ရှိခဲ့ပါတယ်။

ကွတ်ခိုင်နယ်မှာရှိတဲ့ ကချင်စစ်ရှောင်စခန်းအမှတ် ၂ က ကချင်လူငယ် အင်ခွန်ဇော်တောင်နဲ့ လဖိုင်ဇော်ဝမ်တို့ ဘော်လီဘောပြိုင်ပွဲအသွား မန်ပိန်းရွာနားမှာ ရှေ့တန်းတာဝန်ကျနေတဲ့ အစိုးရတပ်မတော်က ငါးနာရီကြာ ဖမ်းဆီးရိုက်နှက်တာကို ခံခဲ့ရပါတယ်။

ရိုက်နှက်ခံရသူတွေက ဆေးရုံမတက်ရဲ အမှုမဖွင့်ရဲဘဲ စခန်းထဲမှာ ဆေးကုနေကြတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။ ဖုန်းထဲမှာ စစ်ဝတ်စုံနဲ့ အကသီချင်းပါလို့ အဖမ်းခံရတာလို့ ဆိုပါတယ်။

နောက် ကွတ်ခိုင်မြို့ပေါ်မှာ ညပိုင်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ မိုင်တဲဖုန်းကုမ္ပဏီ တာဝါတိုင်ဆောက်တဲ့ ဝန်ထမ်းတယောက်နဲ့ ကချင်လူငယ် ကိုးယောက်ကို ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ရင်း ၉ က စစ်သား စုဆောင်းဖို့ ဖမ်းခေါ်သွားတယ်လို့ ဒေသခံ တွေကပြောပါတယ်။

Image caption ကွတ်ခိုင်ကျမ်းစာသင်ကျောင်း

ဗမာလူငယ် နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး ကျမ်းစာသင်ကျောင်းက သုံးယောက်ပါသွားတယ်လို့ သိရပါတယ်။

ကျမ်းစာသင်ကျောင်းတာဝန်ခံတွေကလည်း သူတို့ကျောင်းက လူငယ်တွေကို လိုက်ရှာနေကြတယ်လို့ ဒေသခံ မမိုင်းမိုင်က ပြောပါတယ်။

ကေအိုင်အေအနေနဲ့ စစ်သားသစ်အတွက် စည်းရုံးစုဆောင်းတာရှိပေမယ့် အတင်းအဓမ္မခေါ်တာမျိုး မလုပ်ဘူးလို့ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်က ကွတ်ခိုင်မြို့နယ်မှာ ခလရ (၄၅)က ဗိုလ်ကြီးတယောက်ကို တီအန်အယ်လ်အေက ဖမ်းလို့ ခလရ ၄၅ ကလည်း ပန်ကူကျေးရွာ၊ မန်ဆာရွာက ဒေသခံ ကိုးယောက်ကို ပြန်ဖမ်းခဲ့ပါသေးတယ်။

ဖမ်းသွားခံရတဲ့ ပန်ကူရွာက ဒေသခံ ငါးယောက် ပြန်လွတ်ခဲ့ပေမယ့် ကျန်တဲ့သူတွေက မလွတ်သေးသလို ခလရ ၄၅ က ဗိုလ်ကြီးလည်း မလွတ်လာသေးဘူးလို့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ် ။