ဘိလပ်မြေစက်ရုံစီမံကိန်းဖျက်သိမ်းဖို့ ဆန္ဒပြတောင်သူတွေ လမ်းပိတ်ဆို့မှုနဲ့ ထောင် ၁ လ ချခံရ၊ အမေရိကန်ရေတပ်ရဲ့ စစ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကျော်ခုတ်မောင်းခဲ့ မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ၃ရက်တာခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေကိုချုပ်ဆိုနိုင်ခဲ့

၁) တရုတ် - မြန်မာ စီးပွားရေး စင်္ကြံလမ်းစီမံကိန်းအကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံ ကတိပြု

တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Mr. Ning Jizhe မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီးနောက်မှာတော့ တရုတ် - မြန်မာ စီးပွားရေး စင်္ကြံလမ်းစီမံကိန်းကို ကြိုးစား အကောင်အထည်ဖော်သွားဖို့ နှစ်နိုင်ငံသဘောတူညီမှုရရှိခဲ့တယ်လို့ တရုတ်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။

Mr. Ning Jizhe ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး တချို့အပါအဝင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

'' တရုတ်နိုင်ငံကလုပ်ဆောင်မဲ့ OBOR လိုခေါ်တဲ့ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်း မှာ မြန်မာနိုင်ငံ အနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ ၂၀၁၇ ခုနှစ်ကသဘောတူထားခဲ့ပြီး အဲဒီစီမံကိန်းအောက်မှာပါဝင်တဲ့ စီးပွားရေး စင်္ကြံ လမ်းတွေအကောင် အထည်ဖော်ဖို့ အဓိက ဆွေးနွေးတာဖြစ်ပါတယ်။''လို့ Mr. Ning Jizhe လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းဆွေးနွေးခဲ့တဲ့အချက်တွေအပေါ် စီးပွားရေး နဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်ကဘီဘီစီကိုပြောပါတယ်။

တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူစာချုပ်၊ မူဆယ်-မန္တလေးရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှု စာချွန်လွှာစတဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးပြီး ရန်ကုန်မြို့သစ်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန် စသည့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

၂)ဘိလပ်မြေစက်ရုံစီမံကိန်းဖျက်သိမ်းဖို့ ဆန္ဒပြတောင်သူတွေ လမ်းပိတ်ဆို့မှုနဲ့ ထောင် ၁ လ ချခံရ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ နယ် အောင်သပြေကျေးရွာအနီးမှာတည်ဆောက်နေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကိုဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့သူတွေအနက် ၅ ဦးကို နိုဝင်ဘာ ၂၈ ရက်နေ့ ထောင်ဒဏ် ၁ ကျခံဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

ဘိလပ်မြေစက်ရုံစီမံကိန်းကိုဖျက်သိမ်းပေးဖို့ တောင်းဆိုသူတွေအနက် ဦးဆောင်ကန့်ကွက်သူ ၅ ဦးကို ဘိလပ်မြေစက်ရုံစီမံကိန်းသွားရာလမ်းကို ပိတ်ဆို့မှုနဲ့ ပုဒ်မ ၃၄၁ နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ချ မှတ်ခဲ့ တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ယီမင်မှာ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ ဆော်ဒီဦးဆောင်တဲ့ညွန့်ပေါင်းတပ်ဖွဲ့ကို အမေရိကန်ရဲ့ထောက်ခံမှု ပြန်ရုတ်သိမ်းရေး အတည်ပြုခဲ့

၃) အိမ်ဖြူတော်ရဲ့ ဆော်ဒီနဲ့ပတ်သက်တဲ့မူဝါဒအပေါ် စိုးရိမ်ကြောင်း လွှတ်တော်မှာမဲပေး

အိမ်ဖြူတော်ရဲ့ ဆော်ဒီအာရေးဗျအပေါ် မူဝါဒနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြသတဲ့ နှစ်ပါတီစလုံးက မဲပေးမှုတစ်ရပ်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

ယီမင်မှာ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ ဆော်ဒီဦးဆောင်တဲ့ညွန့်ပေါင်းတပ်ဖွဲ့ကို အမေရိကန်ရဲ့ထောက်ခံမှု ပြန်ရုတ်သိမ်းရေး အဆိုကို အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၃၇ မဲနဲ့ အတည်ပြုခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ကာကွယ်ရေးဝန်ကြီး ဂျင် မက်ထစ် တို့ကတော့ ဒီအဆို ကြောင့် ယီမင်မှာဖြစ်နိုင်တဲ့အခြေအနေ ပိုဆိုးရွားသွားနိုင်တယ်လို့ ဆိုပြီး ဒီအဆိုကို မထောက်ခံဖို့ အထက်လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

ဆော်ဒီအာရေး ဗျနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့အခုလိုရပ်တည်ချက်ဟာ အမေရိကန်မှာနေထိုင်တဲ့ ဆော်ဒီသတင်းထောက် ဂျမဲ ခါရှော့ဂျီ အသတ်ခံရပြီးနောက် ထွက်ပေါ်လာတာပါ။ အစ္စတန်ဘူလ်မြို့က ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ခါရှော့ဂျီ အသတ်ခံရမှုဟာ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်နဲ့ တိုက်ရိုက်မဆက်နွယ်ဘူးဆိုတာကို မစ္စတာ ပွန်ပီယိုနဲ့ မစ္စတာ မက်ထစ် တို့က အထက်လွှတ်တော်အမတ်တွေကို အစောပိုင်းမှာ အကျဉ်းချုံး ရှင်းပြခဲ့ပါတယ်။

၄)အမေရိကန်ရေတပ်ရဲ့ စစ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကျော်ခုတ်မောင်းခဲ့

အမေရိကန်ရေတပ်ရဲ့ ပစိဖိတ်ရေတပ်သင်္ဘောအုပ်စုထဲက စစ်သင်္ဘော ၂ စင်း၊ ဖျက်သင်္ဘောတစ်စင်းနဲ့ လောင်စာ ဆီဖြည့်ရေယာဉ်တစ်စင်းတို့ဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ခုတ်မောင်းခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။

အခုလို ခုတ်မောင်းမှုဟာ ဒီနှစ်အတွင်း ၃ ကြိမ်မြောက်ဖြစ်ပြီး ထိုင်ဝမ်ကို ပြည်မကြီးနဲ့ကင်းကွာနေတဲ့ပြည် နယ်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်အတွက် ဒါဟာ နယ်မြေအချုပ်အခြာကို ချိုးဖောက်မှုအဖြစ် မြင်လာနိုင်ချေရှိပါတယ်။

အမေရိကန်စစ်တပ်ပြောခွင့်ရသူ ဗိုလ်ကြီး ရေချယ်မက်ခ်မားရ်ကတော့ အခုလို ခုတ်မောင်းတယ်ဆိုတာဟာ အင်ဒို-ပစိဖိတ်ဒေသကို လွတ်လပ်ပွင့်လင်းမှုဖြစ်စေချင်တဲ့အမေရိကန်ရဲ့အားထုတ်မှုကို ပြသတာလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ