တလင်တမယား ဥပဒေက အမျိုးသမီးတွေအပေါ် ဘယ်လောက် ကာကွယ်ပေးလဲ

မျိုးစောင့် ဥပဒေထဲက တစ်လင်တစ်မယား ဥပဒေနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေ ကွဲပြား ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption မျိုးစောင့် ဥပဒေထဲက တလင်တမယား ဥပဒေနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေ ကွဲပြား

''ဒီဥပဒေက အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ စိုးရိမ်ပူပန်မှုအပေါ် အတိုင်းအတာတခုအထိ ကာကွယ် ပေးနေတယ်..။''

ဒါကတော့ အိမ်ထောင်ရှင် အမျိုးသားတွေ ဖောက်ပြန်ခဲ့လို့ တိုင်ကြားခဲ့ရင် ထောင်ဒဏ် ၇ နှစ် အထိ ကျခံ ရနိုင်တဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မျိုးစောင့်ဥပဒေ လေးခုထဲက တခုဖြစ်တဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ရည်ညွှန်းပြီး တရားလွှတ်တော် ရှေ့နေ မလှလှရီက ပြောဆိုလိုက်တာပါ။

သူကိုင်တိုင် ဦးဆောင်ပြီး ဥပဒေပိုင်းအရ အကြံပေး ကူညီတာတွေလုပ်ပေးနေတဲ့ Legal Clinic Myanmar အဖွဲ့ကို လာရောက်အကူအညီတောင်းတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကို ကြည့်ပြီး သူက အခုလို ကောက်ချက်ချ ပြောဆို ခဲ့တာပါ။

'' အရင်ကဆိုရင် ဖောက်ပြန်တဲ့ အိမ်ထောင်ရှင်အမျိုးသားတွေကြောင့် လာအကူအညီတောင်းတဲ့ အမျိုးသမီးတွေကို ကျွန်မတို့အနေနဲ့ ကွာရှင်းပြတ်စဲပြီး ပစ္စည်းခွဲဝေဖို့ အကြံပေးတာကလွဲပြီး ဘာမှ အကူအညီမ ပေးနိုင်ခဲ့ဘူး ။ အခုတော့ ဥပဒေကြောင်းအရ အတိုင်းအတာ တခုအထိ ကူညီပေးနိုင်တဲ့အနေအထား ဖြစ်လာတယ်'' လို့လည်း Legal Clinic Myanmar အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တဲ့ မလှလှရီကပြောပါတယ်။

တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ စတင် အာဏာတည်ခဲ့ပြီး အမျိုးသမီးများ တရားမဝင် မယားအဖြစ်ရောက်ရှိခြင်းကနေ ကာကွယ်ဖို့ဆိုတဲ့အချက် အပါ အဝင် ရည်ရွည်ချက် လေးချက်နဲ့ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ အမျိုးသမီးအားလုံးအပေါ် သက်ရောက်မှုရှိနေသလား

"ဒီဥပဒေကို အစကတည်းက ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်ကိုက ဘာသာတခုက အမျိုးသားတွေက အိမ်ထောင်ဘက်တွေ အများကြီးယူတာကို ကာကွယ်ချင်တဲ့အတွက်သာ ဖြစ်တယ်ဆိုတာ ဥပဒေပြုဖို့ တိုက်တွန်းခဲ့ကြတဲ့ သူတွေရဲ့ ရည်ရွယ်ချက်က ထင်ရှားပါတယ်။ စေတနာမမှန်ဘူး'' လို့ အမျိုးသမီး အရေး ဆောင်ရွက်နေသူ တဦးဖြစ်တဲ့ မခင်လေးက ပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီဘာသာဝင်တွေဆီက တိုင်တန်းတာ မရှိသလောက်ဖြစ်ပြီး သူတို့အပေါ် သက်ရောက်မှု လည်းမရှိဘူးလို့ သူကဆိုပါတယ်။

အများစုဖြစ်တဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေကသာ ခင်ပွန်းကတိုင်တာ၊ အမျိုးသမီးက တိုင်တာတွေနဲ့ပဲ အမှုအခင်းတွေကဖြစ်နေတယ်ဆိုတာ ကြားသိရတဲ့အတွက် ဒါက မလိုအပ်ဘဲနဲ့ လုပ်ထား တာဖြစ်တဲ့ အတွက် အကျိုးရှိတဲ့ ဥပဒေလို့ ကျွန်မတို့ သုံးသပ်လို့မရဘူး။

ဒီဥပဒေမတိုင်ခင်ကတည်းက ဗုဒ္ဓဘာသာဝင်အများစုဟာ တလင်တမယား စနစ်ကိုသာ ကျင့်သုံးခဲ့ကြလို့ အတည်ဖြစ်ပြီးသားလို့ မခင်လေးက ထပ်လောင်းပြောဆိုပါတယ်။

အတည်မပြုခင်ကတည်းက ကန့်ကွက်သူအများအပြားရှိခဲ့

တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ အပါအဝင် မျိုးစောင့်ဥပဒေ လေးခုကို အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ (မဘသ) က ဦးဆောင်ပြီး ဒီဥပဒေတွေ ထွက်ပေါ်လာဖို့ ဆောင်ရွက်ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီဥပဒေတွေကို လွှတ်တော်မှာ အတည်မပြုသေးခင်ကတည်းက အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ပြောဆိုတာတွေ အများအပြားရှိခဲ့ပါတယ်။ အမျိုးသမီးအရေး လှုပ်ရှားသူ အများစုကတော့ ဒီဥပဒေဟာ အမျိုးသမီးတွေကို ကာကွယ်ဖို့ ဆိုတာထက် အမျိုးသားကို ဗဟိုပြုပြီးတော့ ထုတ်ပြန်ထားတဲ့ဥပဒေလို့ မြင်တယ်လို့ ထောက်ပြကြပါတယ်။

၃ နှစ်ကျော်အကြာမှာ ဥပဒေကိုပြန်လည်ပြင်ဆင်ဖို့ အသံထွက်လာ

ဒီရက်ပိုင်းထဲမှာပဲ သာသနာရေးနဲ့ ပြည်ထောင်စုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒီ ဥပဒေကြောင့် ပြစ်ဒဏ်ခံနေရသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အများစုဖြစ်နေတာကြောင့် ဥပဒေကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ လိုနေပြီ ဆိုပြီး မြိုင်ကြီးငူ ဆရာတော် ဈာပန အခမ်းအနားမှာ ကြွရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားခဲ့ပါတယ်။

ဥပဒေ စတင်အသက်ဝင်လာတဲ့ ပထမ သုံးလအတွင်း ရန်ကုန်တိုင်းတခုထဲမှာပဲ အိမ်ထောင်ရေးဖောက်ပြန် လို့ တိုင်ကြားခဲ့တဲ့အတွက် အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၄ ဦး အရေးယူခံရတာ ရှိခဲ့ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာ ရုံးတွေဖွင့်ပြီး ဥပဒေရေးရာကူညီပေးနေတဲ့ Legal Clinic Myanmar အနေနဲ့ တလင်တမယားဥပဒေနဲ့ အရေးယူနိုင်ဖို့ ကူညီပေးခဲ့တဲ့ အမှုက ၁၅ မှုရှိခဲ့ပြီး အဲဒီအမှုတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ အမှုက အများဆုံးဖြစ်ပါတယ်။

ဒီအချက်အလက်တွေကြောင့်လည်း "ဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့လိုနေပြီ" လို့ အစောပိုင်း ဥပဒေထွက်ပေါ်လာချိန်မှာ အမျိုးသားရေးအမြင်နဲ့ ထောက်ခံခဲ့သူတဦးလည်း ဖြစ်တဲ့ ဥပဒေပညာရှင် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

" အဓိကက မြန်မာအမျိုးသမီးတွေကို ဘာသာခြားတွေနဲ့ ယူတဲ့အခါ အခွင့်အရေးဆုံးရှုံးတာတွေကနေ ကာကွယ်ပေးချင်တာ၊ ဒါကို အထူးထိမ်းမြားခြင်းဥပဒေနဲ့ ဘာသာကူးပြောင်းခြင်း ဥပဒေ နှစ်ခုနဲ့တင် လုံ လောက်နေပြီ၊ ဒီတော့ ဒီဥပဒေက တအားများ တင်းကျပ်နေသလားလို့ သုံးသပ်တာပေါ့လေ'' လို့ ဦးကျော် ဇေယျက သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးအချို့ကတော့ ဒီဥပဒေမှာပါတဲ့ ၇ နှစ်ဆိုတဲ့ ပြစ်ဒဏ်က မိမိရဲ့ခင်ပွန်း ဖောက်ပြန်မှုလုပ်ဖို့ရာအတွက် အဟန့်အတားဖြစ်စေမယ်လို့ ယုံကြည်သူတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် "ဒီဥပဒေ ပြဋ္ဌာန်းလိုက်ပြီးတော့ရော၊ အခု ဒီကိစ္စတွေက တကယ်ပဲကွယ်ပျောက်သွားပြီလား'' လို့ အမျိုးသမီးအရေး လှုပ်ရှားသူ မခင်လေး က မေးခွန်းထုတ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ လူမှုရေး မညီမျှမှုတွေ ပြေလည်အောင် ဥပဒေ လေးရပ်ကို ပြဋ္ဌာန်း ပေးဖို့ အမျိုး ဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့-ဗဟို ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသက နိုင်ငံသားပေါင်း ၁,၃၃၅,၆ဝဝ ဦးရဲ့ လက်မှတ်တွေနဲ့ အတူ သမ္မတ ဦးသိန်းစိန် အစိုးရခေတ် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ တုန်းက သမ္မတထံ စာရေးသား တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီမှာ မျိုးစောင့် ဥပဒေ လေးခုကို အတည်ပြု ခဲ့ပါတယ်။

ဥပဒေ လေးခုထဲမှာ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ တို့ ပါဝင်ခဲ့ပါတယ်။

ဒီဥပဒေ တွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေး စံချိန် စံနှုန်းနဲ့ မကိုက်ညီဘူး ဆိုပြီး ပြည်တွင်း ပြည်ပမှာ ဝေဖန်ခဲ့ကြပါတယ်။