ပြည်တွင်းစစ်ကြောင့် စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်တို့ရဲ့မြေတွေ သိမ်းခံရမလား

ဓာတ်ပုံ မူပိုင် Zinghtung Yawng Htang
Image caption ပြည်တွင်း စစ်ကြောင့် အိမ်ရှင်တွေ စွန့်ခွာခဲ့ရတဲ့ ကချင်ရွာ တစ်ရွာက နေအိမ်

အစိုးရက စက်တင်ဘာလအတွင်းမှာ အသစ် ပြဋ္ဌာန်းထုတ်ပြန်လိုက်တဲ့ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲခွင့် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေဟာ နေရပ်ကို မပြန်လာနိုင်သေးတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ မြေနေရာ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေတယ်လို့ စစ်ရှောင် ဒုက္ခသည်တွေက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဒီဥပဒေဟာ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ စီမံခန့်ခွဲမှုကို အသိအမှတ်မပြုထားဘူးဆိုပြီး ဒေသခံ တိုင်းရင်းသားတွေက ကန့်ကွက်နေကြသလို မြေပြန့်က တောင်သူတွေကလည်း ဒီဥပဒေကြောင့် သူတို့အ ားထားနေရတဲ့ စိုက်ပျိုးမြေတွေကို ဆုံးရှုံးမှာ စိုးရိမ်နေကြကြောင်း မြေယာလှုပ်ရှားသူတွေက ပြောပါတယ်။

အခု ပြင်ဆင် ပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်မြေလပ်နှင့်မြေရိုင်းဥပဒေအရ တစ်နိုင်ငံလုံးမှာရှိတဲ့ အသုံးပြုနေတဲ့ မြေလွတ် မြေလပ်နဲ့ မြေရိုင်းတွေကို ၆ လ အတွင်း အသုံးပြုခွင့်လျှောက်ထားရမှာဖြစ်ပြီး အချိန် ၆ လကျော်ပါက အသုံးပြုခွင့် လျှောက်ထားမှု မရှိတဲ့ မြေတွေကို ပြန်လည် သိမ်းဆည်းမယ့်အပြင် အသုံးပြုသူတွေကို ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ၅သိန်းနဲ့ ဒဏ်နှစ်ရပ်စလုံး ချမှတ်မယ်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။

ဒါကြောင့် စစ်ဘေးကြောင့် ရှောင်တိမ်းနေရတဲ့ ကချင်နဲ့ ရှမ်းဘက်က ဒုက္ခသည်တွေ ထားရစ်ခဲ့တဲ့ မြေတွေကိုပါ မှတ်ပုံတင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် hpauyam La Awng
Image caption စစ်ရှောင်စခန်းက နေအိမ်များ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်တုံဒေသကနေ စစ်ရှောင်ထွက်ပြေးလာရပြီး လာရှိုးက ဒုက္ခသည် စခန်းမှာ နေထိုင်နေရတဲ့ ဒေါ်လရှီခေါင်က သူတို့နေရပ်မှာ တိုက်ပွဲတွေ လက်ရှိဖြစ်နေတာကြောင့် ဥပဒေအတိုင်း မှတ်ပုံတင်ဖို့က ခက်ခဲနေတယ်လို့ ဆိုပါတယ်။

"ကျွန်မတို့ရဲ့ ရွာမှာလည်း စစ်တပ်တွေက တပ်စခန်းချထားတာတွေရှိတယ်၊ ပြန်ဖို့ဆိုတာက လုံးဝမဖြစ်သေးဘူး၊ ဒီဥပဒေကြီးပေါ်လာတော့ ကျွန်မတို့က အရမ်းစိုးရိမ်လာတာပေါ့ လို့ ဒေါ်လရှီခေါင်က ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) ရဲ့ စာရင်းဇယားတွေအရ ၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့က စတင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တပ်မတော်တို့ကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၁၂၀,၀၀၀ ကျော် ၊ စစ်ပွဲအတွင်း ကျေးရွာပေါင်း (၃၆၇) ရွာ၊ လူနေအိမ်ခြေ (၁၅,၀၀၀) နီးပါးနဲ့ ဘာသာရေး အဆောက်အဦးတွေ အပါအဝင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း (၂၇၂) ကျောင်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ရွာသားတွေဟာ စစ်ပွဲတွေ ပြန်စတဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပြီးတော့ ရွာကို ပြန်မရောက်တာ အခုဆိုရင် ခုနှစ်နှစ်ကျော် ရှိနေပြီဖြစ်တာကြောင့် အခြေအနေ ပေးရင် ပြန်လာချင်နေကြတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာနဲ့ ၁၀ မိုင်ကျော်က စစ်ရှောင်စခန်းမှာ နေထိုင်နေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းက ဆရာတော် Chin Le Zau Awng က ဘီဘီစီကို ပြောပါတယ်။

"ရွာမှာစစ်တပ်တွေရှိတယ်၊ ပြန်လို့က မလွယ်သေးခင် သူတို့က တရုတ်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ ငှက်ပျောခြံတွေ လုပ်တယ် ဆိုတော့ ကျွန်တော်တို့ မြေတွေပါသွားမှာကို ဒီက လူတွေက သိပ်စိတ်လှုပ်ရှားနေကြတယ်၊ ဒီကိစ္စကို ကျနော်တို့လည်း KIO အစိုးရဘက်ကို တင်ပြဖို့ လုပ်နေပါတယ်၊ ကျွန်တော်တို့ဆီမှာ မြေလွတ်မြေရိုင်းတွေ အများကြီးရှိသေးတယ်လို့ ဆရာတော်က ဆိုပါတယ်။

ဒီအခြေအနေတွေအရ အစိုးရက လက်မှတ်ထုတ်ပေးမှ သူတို့တွေက ဒီမြေမှာ ပြန်လုပ်ကိုင်ခွင့်ရသလို ဖြစ်နေလို့ ကန့်ကွက်ရတာလည်း ဖြစ်တယ်လို့ စစ်ရှောင်ဒုက္ခသည်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် hpauyam La Awng
Image caption ချမ်းအေးဒဏ်ကို မီးလှုံရင်း အန်တုနေတဲ့ စစ်ရှောင်စခန်းက ကလေးငယ်များ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က သူတို့စွန့်ခွာ ခဲ့တဲ့ ကျေးရွာနားမှာလည်း တရုတ် တစ်ရှုး ငှက်ပျောဧက ၄၀၀ ကျော်စိုက်ပျိုးနေတာကြောင့် အခုပြဋ္ဌားလိုက်တဲ့ ဥပဒေအရ သူတို့ထားခဲ့တဲ့ မြေတွေကိုပါ ကုမ္ပဏီက မှတ်ပုံတင်ပြီး သိမ်းယူမှာကို စိုးရိမ်ကြတယ်လို့ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းမှာ နေကြတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒီမြေတွေဟာ သူတို့ရဲ့ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာတဲ့ ဥယျာဉ်ခြံမြေတွေ ဖြစ်ပြီး မြေလွတ်မြေလပ် မဟုတ်လို့ မှတ်ပုံ မတင်ချင်ကြဘူးလို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂါဒီးရန်းကျေးရွာကနေ စစ်ရှောင် ထွက်ပြေးတဲ့ ဦးတူးနန်က ဆိုပါတယ်။

သတ်မှတ်ပါရှိတဲ့ ဥပဒေ ပြဋ္ဌာန်းမှုအရ မိရိုးဖလာ မြေတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် မှတ်ပုံတင်မယ် ဆိုရင် ဘယ်အချိန်ကစပြီး လုပ်ခဲ့တယ်၊ ဘယ်လိုမြေအမျိုးအစားဖြစ်တယ် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရေးသားပြီး အစိုးရဆီမှာ လျှောက်ထားရမှာဖြစ်ပါတယ်။