စစ်ရှောင်စခန်းတွေ စနစ်တကျပိတ်ဖို့ ပြင်ဆင်တဲ့ သတင်းအပါအဝင် စိတ်ဝင်စားဖွယ်သတင်းများ

ဓာတ်ပုံ မူပိုင် Hpauyam La Awng
Image caption စစ်ရှောင်နေရတဲ့ ကချင်စစ်ဘေးရှောင်တွေရဲ့ စခန်းတခု

(၁) IDP စခန်းများပိတ်သိမ်းဖို့ ပြင်ဆင်

တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကချင် ၊ ရှမ်း၊ ရခိုင် နဲ့ ကရင်ပြည်နယ်တို့က စစ်ဘေးရှောင်စခန်းတွေကို ပိတ်သိမ်းဖို့ အစိုးရက စီစဉ်နေပါတယ်။

ဒီလို ပိတ်သိမ်းရာမှာ စနစ်တကျ ပိတ်သိမ်းဖို့အတွက် အမျိုးသားရေး မဟာဗျူဟာရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး လုပ်နေပါတယ်။

တနိုင်ငံလုံးအတိုင်းအတာ အရ စစ်ရှောင် စခန်းပေါင်း ၁၄၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်းခြောက်သောင်းကျော် ရှိတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

ဒီ စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းဖို့ အတွက် ဇွန်လက စတင်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ နိုင်ငံရေး ၊လူမှုရေး လုံခြုံရေး စတဲ့ အချက်တွေကို အလေးထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက စခန်းတွေပိတ်သိမ်းရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) ရဲ့ စာရင်းဇယားတွေအရ ၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်နေ့က စတင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တပ်မတော်တို့ကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၁၂၀,၀၀၀ ကျော် ၊ စစ်ပွဲအတွင်း ကျေးရွာပေါင်း (၃၆၇) ရွာ၊ လူနေအိမ်ခြေ (၁၅,၀၀၀) နီးပါးနဲ့ ဘာသာရေး အဆောက်အဦးတွေ အပါအဝင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း (၂၇၂) ကျောင်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

(၂ ) ပြည်ထောင်စုဝန်ကြီး အသစ်ခန့်အပ်

လစ်လပ်နေတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးအဖြစ် သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူကို နိုဝင်ဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက တရားဝင် စာထုတ်ပြန် ခန့်အပ်လိုက်ပါတယ်။

ဦးမင်းသူဟာ အရင်က ဗိုလ်မှူးကြီးရာထူးနဲ့ တပ်မတော်က အငြိမ်းစားယူခဲ့သူဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၀ ကဖြစ်ပါတယ်။

မြိတ်လေတပ်စခန်း ဌာနချုပ်မှာ ဒုတိယ ဌာနချုပ်မှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးက အငြိမ်းစားယူကာ Air Bagan မှာ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သမ္မတရုံးဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ်တာဝန်ယူခဲ့ရပြီး အခုလို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှာ ပြောင်းလဲ တာဝန်ပေးခံရတာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်ဝါဝါထွန်းကို နိုင်ငံတော်သမ္မတကခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။

(၃) ကလေးသူငယ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဆွေးနွေး

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မနေ့က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခဲ့ပါတယ်။

ဒီလို အတည်ပြုရာမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသက်အရွယ်ကို ထိမ်းမြားလက်ထပ်ဖို့ ပဋိဉာဉ်ပြုနိုင်တဲ့ အသက်အရွယ် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ်ဆိုတဲ့ အချက်ကို ဖြုတ်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်လိုက်တဲ့အပေါ် ကန့်ကွက်တာတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘယ်တာကာတယ်ရက်စ်လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အသတ်ခံခဲ့ရ

(၄) ဟွန်ဒူးရက်စ်မှာ အမျိုးသား ၇ ဦးကို လူသတ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်

ဟွန်ဒူးရက်စ်မှာ လူသိများတဲ့ တိုင်းရင်းသားသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အမျိုးသမီး ဘယ်တာကာတယ်ရက်စ်ကို သတ်ဖြတ်ခဲ့မှုမှာ အပြစ်ရှိကြောင်း အမျိုးသား ၇ ဦးကို တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဘယ်တာကာတယ်ရက်စ်လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အသတ်ခံခဲ့ရတာဖြစ်ပြီး သူအသတ်ခံခဲ့ရမှုကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်ခဲ့ပါတယ်။

သူဟာ သူ့လူမျိုးတွေ အလေးထားတဲ့ မြစ်တစင်းပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်းဆောက်မယ့် အစီအစဉ်ကို ကာလ ရှည် ဆန့်ကျင်ကန့်ကွက်ခဲ့သူ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတဲ့ အောက်ခြေက တက်ကြွ လှုပ်ရှားသူတွေကို ချီးမြှင့်တဲ့ သြဇာရှိဆု Goldman ဆုကို ရထားသူဖြစ်ပါတယ်။

ဘယ်တာကာတယ်ရက်စ် ကိုသတ်ခဲ့တယ်လို့ ပြစ်မှုထင်ရှားတဲ့ အမျိုးသားတွေထဲက ၂ ဦးက ဆည်ဆောက်နေတဲ့ ကုမ္ပဏီ ဒယ်ဆာမှာ လုပ်နေတဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒယ်ဆာကုမ္ပဏီဘက်ကတော့ ဒီလူသတ်မှုမှာ သူတို့ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

လူသတ်မှုနဲ့ စွပ်စွဲခံခဲ့ရသူ ၈ ဦးရှိပေမဲ့ တစ်ဦးကတော့ အပြစ်အရှိကြောင်း ထင်ရှားခဲ့ပါတယ်။

သီတင်း ၅ပတ်ကြာတဲ့ ဒီအမှုကြားနာမှုတွေ အတွင်း အစိုးရရှေ့နေတွေရဲ့ အမှုဖုန်းကွယ်ဖို့ ကြိုးစားတာတွေ ပေါ့ပေါ့ဆဆ လုပ်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MIKE PRIOR
Image caption ယူနက်စကိုဝင်သွားတဲ့ ရက်ဂေးဂီတ

(၅) ယူနက်စကိုဝင်သွားတဲ့ ရက်ဂေးဂီတ

ယူနက်စကို ကုလသမဂ္ဂ အဖွဲ့က သူတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး စာရင်းထဲမှာ ရက်ဂေးဂီတ ကို ထည့်သွင်း လိုက်ပါတယ်။

Toots and the Maytals၊ ပီတာတော့ရှ် နဲ့ ဘော့မာလီ တို့လို အဆိုတော်တွေကြောင့် ၁၉၆ဝ ပြည့်လွန် နှစ်ပိုင်းတွေက စလို့ ဂျမေကာမှာ စကြီးထွားလာခဲ့တဲ့ ရက်ဂေး ဂီတဟာ သိမ်မွေ့ နက်နဲတဲ့ ယဉ်ကျေးမှု အမွေအနှစ် ဖြစ်တယ် ဆိုပြီး ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲမှာ ထည့်သွင်း သတ်မှတ်လိုက်တာပါ။

ရက်ဂေး ဂီတဟာ တီထွင်ကြံဆမှု၊ လူမှု နိုင်ငံရေးနဲ့ ဘာသာရေး နွယ်တဲ့ ဂီတ ဖြစ်တယ်လို့ ယူနက်စကိုက ပြောပါတယ်။

ရက်ဂေး ဂီတဟာ ဂျမေကန်လူမျိုးတွေရဲ့ ထူးခြားတဲ့ ဂီတဖြစ်ပြီး ကမ္ဘာ တဝန်းက ထောင့်ပေါင်းစုံကို ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တယ်လို့ ဂျမေကာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အဆိုတော် မီလီစမောလ် ရဲ့ My Boy Lollipop ပြန်ဆို သီချင်းကြောင့် ငြိမ့်ငြိမ့်ညောင်းညောင်း ရက်ဂေးဂီတသံကို ကမ္ဘာက သိလာကြပါတယ်။

(၆) တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်အငြင်းပွားမှုက ကမ္ဘာ့ကုန်သွယ်မှုထိခိုက်

တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကြားက ကုန်သွယ်အငြင်းပွားမှုတွေကြောင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံစည်းမျဉ်း စည်းကမ်းတွေအပေါ် ကြီးကြီးမားမား ထိခိုက်မယ့် အခြေအနေ ဖြစ်နေပြီလို့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး WTO ရဲ့ ညွန်ကြားရေးမှူးချုပ် ဟိုဘတ် တိုကယ်ဗီတိုက ပြောလိုက်ပါတယ်။

ဒါ့အပြင် ၁၉၄၇ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ အခွန်အကောက်များနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဘုံသဘောတူညီချက် (GATT) ကိုပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းတဲ့ WTO သက်တမ်းတစ်လျှောက်မှာ လက်ရှိဖြစ်နေတဲ့ ကိုယ်ကျိုးစီးပွားရှေးရှုတဲ့ စီးပွားရေး မူဝါဒဟာ အဆိုးရွားဆုံး အကြပ်အတည်းဖြစ်တယ်လို့ သူက ပြောပါတယ်။

ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းတဲ့ အခြေအနေဟာ ခြိမ်းခြောက်မှုအဆင့်ကနေ တစ်ဦးကို တစ်ဦး လက်ညှိုးထိုးတဲ့ အဆင့်ရောက်နေပြီလို့လည်း သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ