မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ တပ်မတော်နဲ့ အေအေအကြား ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့

AA ရက္ခိုင့် တပ်မတော် လက်နက်ကိုင်အဖွဲ့ ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption AA ရက္ခိုင့် တပ်မတော် လက်နက်ကိုင်အဖွဲ့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘူးသီးတောင်မြို့ အနီးတဝိုက်မှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲတွေဟာ နိုဝင်ဘာလ ၂၉ ရက်ကတည်းက ၃ ရက်ဆက်တိုက် ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တဝိုက်ကနေ ဘူးသီးတောင်အထိ ကျယ်ပြန့်လာတာဖြစ်ပြီး နိုဝင်ဘာလ၂၉ ရက် မနက် ၁၁ နာရီ ကျော်ကနေ ညနေ ၅ နာရီ အချိန်အထိ ဘူးသီးတောင်မြို့ မြောက်ဖက်၊ "နဟန်း"နှင့်"ဝါးနက်ရုံ"အကြားမှာ ဖြစ်ပွားခဲ့သလို နိုဝင်ဘာ ၃၀ ရက်ကလည်း ညနေ ၅ နာရီ ကနေ ည ၇ နာရီ အတွင်း တိုက်ပွဲ ၄ ကြိမ်တိတိ ဖြစ်ပွားခဲ့တယ်လို့ အေအေ ပြောခွင့်ရသူ ခိုင်သုခက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တဝိုက် ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နယ်စပ်ကြားမှာ အေအေ နဲ့ အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ၂ ဖက် အကျအဆုံး များခဲ့ပါတယ်။

အေအေအဖွဲ့က အရာရှိတစ်ဦးကတော့ တိုက်ပွဲကြောင့် တပ်မတော်က ကျဆုံးသူ ၂၀ ဝန်းကျင်ရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း များခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုတိုက်ပွဲတွေ ထပ်ဖြစ်နေတာကြောင့် ပလက်ဝမြို့နယ် နဲ့ နယ်စွန်နယ်ဖျားတွေမှာ ခရီးသွားလာခွင့်ကို အကန့်အသတ်နဲ့ ခွင့်ပြုနေပြီး အစစ်ဆေးတွေလည်း များနေတာကြောင့် ဒေသခံတွေ သွားရေလာရေး အခက်ခဲကြုံနေရတယ်လို့ ပလက်၀ ဒေသခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။

၃ ရက်ကြာ ဆက်တိုက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရမှုနဲ့ ကျဆုံးမှုတွေ ရှိနေတယ်လို့ အေအေဖက်က ပြောပေမယ့်လည်း အရေအတွက် ဘယ်လောက်အထိ ရှိခဲ့လည်းဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲတွေနဲ့ ပတ်သက်လို့လည်း မြန်မာ့တပ်မတော်ဖက်က အခုထိ တစုံတရာ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။