အိန္ဒိယသမ္မတ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည် တွေပြန်လက်ခံရေး ထည့်သွင်းဆွေးနွေးသွားဖို့ရှိနေ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မြန်မာ့ပဲကိုတိုးမြှင့်ဝယ်ယူဖို့အရေးကိုလည်း ကုန်သည်တွေဘက်ကတောင်းဆိုသွားဖို့ရှိနေ

အိန္ဒိယသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးသွား ဖို့ရှိ သလို ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေပြန်လည်လက်ခံဖို့ အရေးထည့်သွင်းဆွေးနွေးသွားဖို့ရှိ တယ်လို့ သိရပါတယ်။

အိန္ဒိယသမ္မတ မစ္စတာရမ်နက် ကိုဗင်ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိလာရောက်သွားဖို့ရှိနေတာပါ။

'' နှစ်နိုင်ငံအကြားမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးသွားဖို့တွေ အများကြီးရှိတယ်။ ပြီးတော့ သမ္မတကြီး ၂ ဦးရှေ့မှောက်မှာသဘောတူညီချက်အချို့လက်မှတ်ထိုးဖို့ရှိတယ်။ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေပြန်လည်နေရာချထားရေးအတွက် အသင့်နေထိုင်နိုင်မယ့် အိမ်တွေ အိန္ဒိယက လှူထားတာ လွှဲပြောင်းပေးအပ်မယ့်ပွဲလည်း တခါတည်းလုပ်သွားဖို့ရှိတယ်။ ဒုက္ခသည် တွေအရေးနဲ့ပတ်သက်ရင် နှစ်နိုင်ငံအကြားမှာ နီးနီးကပ်ကပ်ဆက်ဆံရေးရှိတယ်။ မြန်မာအပေါ်မှာလည်း သူတို့နားလည်ပေးတယ် ထောက်ခံမှုလည်းရှိပါတယ်'' လို့ အိန္ဒိယသမ္မတခရီးစဉ်အတွင်း ဆွေးနွေးသွားဖို့ ရှိနေ တဲ့အကြောင်းအရာတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်ကဘီဘီစီကို ပြောပါ တယ်။

ဒီခရီးစဉ်အတွင်းမှာ အိန္ဒိယဘက်ကနေ မြန်မာကို ဥပဒေပိုင်းဆိုင်ရာသင်တန်းတွေပို့ချကူညီပေးဖို့ အမ်အိုယူရေးထိုးသွားဖို့ရှိသလို ကုန်သွယ်ရေးဆိုင်ရာ အမ်အိုယူတစ်ခုကိုလည်းရေးထိုးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အိန္ဒိယသမ္မတရဲ့ ချစ်ကြည်ရေးခရီးစဉ်အမီ မြန်မာနိုင်ငံကိုလာရောက်တဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ဆိုက်ရောက်ဗီဇာကို ဒီဇင်ဘာ ၁ရက်နေ့ကစပြီး ခွင့်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အိန္ဒိယသမ္မတ မစ္စတာ ရမ်နက်ကိုဗင်ရဲ့ ခရီးစဉ်အတွင်း မြန်မာ့ပဲကို ပြန်လည်တိုးမြှင့်ဝယ်ယူ ပေးဖို့ကိုလည်း တင်ပြတောင်းဆိုသွားဖို့ရှိတယ်လို့ အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းကနေ သိရပါတယ်။

'' အဓိကက တော့ ပဲပေါ့။ မြန်မာကနေ ပဲကို တိုးမြှင့်ပြီးဝယ်ဖို့တင်ပြသွားဖို့ရှိတယ်။ ပဲစင်းငုံက အိန္ဒိယတစ်နိုင်ငံတည်းဝယ်တာ။ကျန်တဲ့ဘယ်နိုင်ငံမှ မဝယ်ဘူး ။ မြန်မာကလည်းမစားဘူး။ ဆိုတော့ အိန္ဒိယဘက်က အဝယ်လျှော့ လိုက်တဲ့ အချိန်မှာ တောင်သူတွေအများကြီးနစ်နာသွားတယ်။ပြီးတော့ သူက တစ်နှစ်ကို တစ်သီးစားပဲ မတ်ပဲကမှ ၂ခါရသေးတယ်။ တခြားပစ္စည်းတွေလည်း ပို့တာရှိပေမယ့် အဓိကက မြန်မာကထွက်တဲ့ပဲရဲ့ ၇၀ရာခိုင်နှုန်းလောက်က အိန္ဒိယကို ပို့နေရတာ။ ဒါကြောင့် မြန်မာက ပဲကို တိုးပြီးဝယ်ဖို့ကိုပဲ အဓိကတောင်းဆိုသွားဖို့ရှိတယ်။'' လို့ အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဗန္ဓုလမောင်ရွှေကဘီဘီစီကိုပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ အိန္ဒိယ မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမို ကောင်းမွန်ခဲ့ပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းက အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ မြန်မာနိုင်ငံကိုလာရောက်ခဲ့သလို ဒီနှစ် မေလအတွင်းမှာလည်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj ဆူရှမာ ဆွာရာ့ဂျ်လည်း လာရောက်ခဲ့ ပါသေးတယ်။

ဆက်စပ် အကြောင်းအရာများ