ABSDF မြောက်ပိုင်း အဖွဲ့ဝင်တွေကို ခလရ ၁၅ ထဲ ခေါ်ဆောင်သွား

Image caption စျာပနအပြီး နောက်တစ်ရက်မှာ ဖမ်းဆီး

မတရားအသင်းနဲ့ ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ မိုးညှင်းရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း ဒုဥက္ကဋ္ဌ နဲ့ ရဲဘော် ၂ယောက်ကို အစိုးရ စစ်တပ် ခလရ ၁၅ ရှိရာ ခေါ်ဆောင် သွားတယ်လို့ ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

တပ်ဖွဲ့ ဗဟိုကော်မတီဝင်တစ်ဦးရဲ့ ဈာပနမှာ ပြန်တမ်းဖတ်ဖို့သွားတဲ့ ရဲဘော်အောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် ရဲဘော်ကိုကိန်းမြင့်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ဝ ရက်နေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဖမ်းဆီးကြောင်း သတင်းကို ABSDF အဖွဲ့ထံ သက်ဆိုင်ရာ အာဏာပိုင်တွေက တရားဝင် အကြောင်းကြားတာမျိုး မရှိပဲ၊ အခု စုံစမ်းတဲ့ အခါမှာလည်း ရဲစခန်းမှာ ရှိမနေဘဲ နယ်မြေခံ စစ်တပ်ထဲ ခေါ်သွားကြောင်း သိရတယ်လို့ ABSDF မြောက်ပိုင်းရဲ့ခေါင်းဆောင် ရဲဘော်လဆိုင်းက ဘီဘီစီကို ပြောပါတယ်။

Image caption ကျောင်းသားတပ်ဖွဲ့တာ နှစ် ၃ဝ တိုင်ပြီ

KIA နယ်မြေထဲ အခြေစိုက်တဲ့ အဖွဲ့ဖြစ်လို့ ပစ်မှတ်ထားခံရ

ABSDF အဖွဲ့ဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲပါဝင် လက်မှတ် ရေးထိုးထားပြီး ပင်လုံ ညီလာခံ အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင် နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ အစိုးရနဲ့ စစ်တပ်တို့က ကိုယ်စားလှယ်တွေနဲ့ ပူးတွဲ ဖွဲ့ထားတဲ့ JMC၊ UPDJC တို့လို အဖွဲ့တွေထံ ABSDF က သူတွေ လူကိုယ်တိုင် သွားတွေ့တာမျိုးရော၊ စာတင်တာမျိုးပါ ပြုလုပ် ထားပေမယ့် အကြောင်း မထူးသေးဘူးလို့ ရဲဘော်လဆိုင်းက ပြောပါတယ်။

ABSDF မြောက်ပိုင်းအဖွဲ့ဟာ ကချင် လက်နက်ကိုင် KIA ရဲ့ ထိန်းချုပ်နယ်မြေထဲ အခြေချထားတာ ဖြစ်ပြီး KIA ဟာ NCA လက်မှတ် ရေးထိုးမထားသလို အစိုးရ စစ်တပ်နဲ့ကြား အခုနှစ်ပိုင်းတွေ အထိ တိုက်ပွဲတွေ ရှိနေခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒီလို KIA အဖွဲ့ နယ်မြေထဲကနေ မြို့ပေါ်ကို ရောက်လာ ကြသူတွေကို မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မနဲ့ ဖမ်းဆီးတာမျိုး ဖြစ်ကြောင်း နားလည် ရတယ်လို့ ရဲဘော်လဆိုင်းက ဆိုပါတယ်။

Image caption ဗဟိုကော်မတီဝင် တစ်ယောက် ကွယ်လွန်လို့ မိုးညှင်းအထိ ရောက်လာခဲ့

မိုးညှင်းဖမ်းဆီးမှု

မိုးညှင်းမှာ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ရဲဘော်နိုင်ထွန်းထွန်း ဆုံးတဲ့အခါ စျာပနပွဲကို တက်ပြီး ပြန်တမ်း ဖတ်ဖို့အတွက် အခု ဖမ်းခံထားရသူတွေ သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သွားရောက်ဖို့ရာလည်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လက်ရှိ အစိုးရ ထူထောင်ထားတဲ့ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန) ထံကနေ ခရီးသွားထောက်ခံစာ ရယူခဲ့တယ်လို့ ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

ဒီလို ခရီးသွားထောက်ခံစာနဲ့ မိုးညှင်းကို သွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ စျာပနပွဲပြီး နောက်တစ်ရက် နိုဝင်ဘာ ၃ဝ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး လာရောက် ဖမ်းဆီးကြသူတွေအထဲမှာ ရဲနဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ ဖြစ်တဲ့ စရဖ တပ်ဖွဲ့ဝင်တွေပါ ပါကြောင်း ကြားသိရတယ်လို့ ရဲဘော်လဆိုင်းက ဆိုပါတယ်။

အဲဒီနောက် နယ်မြေခံ အစိုးရတပ် ခလရ ၁၅ က တပ်မတော် အရာရှိ တစ်ယောက်က မတရားသင်း ပုဒ်မနဲ့ ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ နားလည်ရပါတယ်။

အခု ဖမ်းဆီး ခံရသူတွေကို ရဲစခန်းမှာ လက်ရှိ ချုပ်နှောင် ထိန်းသိမ်းထားတာမျိုး မဟုတ်ပဲ ခလရ ၁၅ ကို ခေါ်ဆောင် သွားကြောင်း ကြားသိ ထားရတယ် ဆိုပြီး ABSDF အဖွဲ့က ပြောနေတာ ဖြစ်ပါတယ်။

ရဲစခန်းမှာ ဖမ်းထားသူတွေကို တပ်ကို လွှဲပေးတာ ဥပဒေနဲ့ ညီလား

မတရားအသင်းနဲ့ ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ရဲ့ သဘောသဘာဝ အရ လုံခြုံရေးနဲ့ ပတ်သက်ပြီး စုံစမ်း မေးမြန်းတာမျိုး ပြုလုပ်ဖို့ အစိုးရ စစ်တပ်ဆီ ယာယီ လွှဲပေးတဲ့ သဘော ဖြစ်နိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေကြီး အဖြစ်ကနေ လက်ရှိ အမျိုးလွှတ်တော် အမတ် ဖြစ်နေတဲ့ ဦးအောင်သိန်းက ဆိုပါတယ်။

ဒီလို လွှဲပေးတဲ့ အတွက် စစ်တပ်အနေနဲ့ တရားစီရင်ပိုင်ခွင့် မရှိသလို၊ တရားရုံးတင် စစ်ဆေးနိုင်ဖို့ရာလည်း သက်ဆိုင်ရာ ရဲစခန်းကို ပြန်လည် လွှဲအပ်ပေးရမှာ ဖြစ်တယ်လို့ ဦးအောင်သိန်းက ဆိုပါတယ်။

ဒီလို စစ်တပ် ဖြစ်စေ၊ ထောက်လှမ်းရေး တစ်ဖွဲ့ဖွဲ့က ဖြစ်စေ စစ်ဆေး မေးမြန်းမှုကနေ ရရှိခဲ့တဲ့ ထွက်ဆိုချက် တွေကိုလည်း ရဲစခန်းကို စာရွက်စာတမ်း သက်သက် လွှဲပေးရုံနဲ့ မလုံလောက်ဘဲ တရားရုံး စစ်ဆေး ကြားနာတဲ့အခါ စစ်မေးခဲ့တဲ့ အဖွဲ့က တာဝန်ခံ အရာရှိ တစ်ဦးဦးက လူကိုယ်တိုင် သက်သေ လာရောက် ထွက်ဆိုဖို့ လိုတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

ဒီလို လူကိုယ်တိုင် လာရောက် ထွက်ဆိုဖို့ ပျက်ကွက်ရင် စာရွက်စာတမ်း သက်သက်ကို သက်သေအဖြစ် သုံးတာ ဥပဒေနဲ့ မညီဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Min Htay Facebook
Image caption အလားတူ ဖမ်းခံခဲ့ရဖူးတဲ့ ရဲဘော်မင်းဌေး

၂ဝ၁၆ တုန်းက အလားတူဖြစ်ရပ်

၂ဝ၁၆ နှစ်ကုန်ပိုင်းတုန်းကလည်း ABSDF မြောက်ပိုင်းက ဗဟိုကော်မတီဝင် တစ်ယောက် ဖြစ်တဲ့ ရဲဘော်မင်းဌေးလည်း ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်က စိန်လုံ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရပြီး ၈ လ ဝန်းကျင် တရားဆိုင် ခဲ့ရပါတယ်။

အဲဒီတုန်းကလည်း ဗန်းမော် အခြေစိုက် အစိုးရစစ်တပ်က အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ပဲ အမှုဖွင့် ခဲ့တာ ဖြစ်ပါတယ်။

တရားလိုတင်တဲ့ သက်သေ ဓာတ်ပုံတွေထဲ KIA အဖွဲ့ဝင်တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံမျိုး ပါဝင်သလို ရဲဘော်မင်းဌေး ဘက်ကလည်း ABSDF အဖွဲ့ဟာ NCA ထဲ ပါဝင် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်တယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ တက်တက်ကြွကြွ ပါဝင် နေတဲ့ အဖွဲ့ ဖြစ်တယ် ဆိုတဲ့ အချက်မျိုးကို ကိုင်စွဲပြီး ခုခံ ချေပ ခဲ့ပါတယ်။

၂၀၁၇ စက်တင်ဘာ လဆန်းမှာပဲ မိုးမောက်တရားရုံးက အဲဒီ အမှုဟာ ၁၇(၁) မမြောက်ဘူးဆိုပြီး ရဲဘော်မင်းဌေးကို ပြန်လွှတ် ပေးခဲ့ပါတယ်။

Image caption NCA ထိုးပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲထဲ ပါဝင်နေတဲ့ ကျောင်းသားတပ်မတော်အဖွဲ့

ဖမ်းဆီးမှုတွေဟာ NCA အပေါ် ရိုက်ခတ်နိုင်လား

လက်နက်မပါရင် တနိုင်ငံလုံး လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်လို့ သဘောတူထားပြီးကာမှ အခုလို ဖမ်းဆီးတာမျိုးတွေ ကြုံနေရတာ ဖြစ်တယ်လို့ ABSDF မြောက်ပိုင်းရဲ့ခေါင်းဆောင် ရဲဘော်လဆိုင်းက ပြောပါတယ်။

ဒီလို ဖမ်းဆီးတာတွေဟာ NCA အပေါ် အခြေခံပြီး ယုံကြည်မှု တည်ဆောက်ကြရမယ့် လမ်းကြောင်းကို ထိခိုက် စေတယ်လို့ လည်း ရဲဘော်လဆိုင်းက ဆိုပါတယ်။

NCA လက်မှတ်ထိုး အဖွဲ့တွေ ငြိမ်းချမ်းရေး ညီလာခံ လာတက်တဲ့ အခါမျိုးတွေမှာ လွတ်လွတ်လပ်လပ် လာခွင့်ရပေမယ့်၊ အခုလို တခြားအချိန်တွေမှာ ဆိုရင် ဖမ်းဆီး ခံရတဲ့ ဖြစ်ရပ်မျိုးဟာ အင်မတန် စဉ်းစားဖွယ်ရာ ဖြစ်ပြီး တပြေးညီ သဘောမထားတဲ့ သဘောမျိုး ဖြစ်နေတယ်လို့ တရားလွှတ်တော် ရှေ့နေကြီး အဖြစ်ကနေ လက်ရှိ အမျိုးသားလွှတ်တော် အမတ် ဖြစ်နေတဲ့ ဦးအောင်သိန်းက ဆိုပါတယ်။

ဖမ်းဆီးတာတွေဟာ NCA လက်မှတ်ထိုး အဖွဲ့ဝင်တွေကို ဖမ်းဆီးတယ် ဆိုတာထက် NCA မထိုးဘဲ စစ်ရေး ထိတွေ့ ပစ်ခတ်မှုတွေလည်း ရှိနေတဲ့ KIA အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ဖမ်းဆီးတာမျိုး အဖြစ် ယူဆနိုင်တယ်လို့ သုံးသပ် ကြသူတွေလည်း ရှိပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
woman freedom fighter

ဒီသတင်းနဲ့ပတ်သက်သမျှ