ရန်ကုန်မိုးပျံလမ်းစီမံကိန်း ဆန်ခါတင် ကုမ္ပဏီ(၁၀)ခု စာရင်းမှာ တရုတ်ကုမ္ပဏီ အများစုပါဝင်၊ အမေရိကန်တောင်းဆိုမှုကြောင့် ဟွာဝေးကုမ္ပဏီရဲ့အကြီးတန်းအမှုဆောင်အရာရှိ ကနေဒါမှာ အဖမ်းခံရ အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Kuni Takahashi/Getty Images
Image caption မိုးပျံလမ်းစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ဖြစ်

၁)ရန်ကုန်မိုးပျံလမ်းစီမံကိန်း ဆန်ခါတင် ကုမ္ပဏီ(၁၀)ခု စာရင်းမှာ တရုတ်ကုမ္ပဏီ အများစုပါဝင်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတည်ဆောက်သွားမယ့် မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် တင်သွင်းလာတဲ့လျှောက်လွှာတွေထဲက ဆန်ခါတင် အရည်အသွေး ပြည့်မီတဲ့ ကုမ္ပဏီ(၁၀)ခု စာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်နေ့ မှာထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီ(၁၀)ခုထဲမှာ ပြင်သစ် ၊ကိုရီးယား ၊ဂျပန် ၊ထိုင်း-တရုတ် ဖက်စပ်ကုမ္ပဏီ နဲ့ မြန်မာ ဖက်စပ်ကုမ္ပဏီ တွေလည်း ပါဝင်လာတာတွေ့ရပြီး အများစုကတော့ တရုတ်သီးသန့် ကုမ္ပဏီတွေဖြစ်ပါတယ်။

ဆန်ခါတင်အရည်အသွေး ပြည့်မီသူတဲ့ ကုမ္ပဏီတွေကသာ စီမံကိန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့ မှတ်တမ်းတွေကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မှာဖြစ်တယ်လို့လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ဖို့ အစိုးရက ဦးစားပေးဆောင်ရွက်နေ တဲ့စီမံကိန်းတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။

၂)ထောင်တွင်းထောင်ပြင် အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအမှု ၃၀၀နီးပါးရှိနေ

နိုင်ငံရေးအကျဉ်းသားဟောင်းတွေအများစုပါတဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ လက်ရှိ အနေ အထားအရ စီရင်ချက်ချပြီးသား နိုင်ငံရေးအကျဉ်းသား ၃၀ ၊ ထောင်တွင်းထောင်ပြင် အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအမှု ၃၀၀ နီးပါး ရှိနေပါတယ်။

ဒီအခြေအနေတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအပြင် ထောင်တွေပြည့်ကျပ်နေတဲ့ အနေအထားတွေ ဘယ်လိုလုပ်သင့်လဲဆိုတာ အစိုးရကို နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအဖွဲ့ (အေအေပီပီ)က မကြာခင်တင်ပြသွားဖို့ရှိနေပါတယ်။

'' နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကဘယ်လိုမှမဖြစ်နိုင်ဘူး။ လက်ရှိအကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့လိုတယ်။ လက်ရှိနိုင်ငံမှာ အစိုးရက ၂ ခုသွားဖြစ်နေတော့ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တောင်းဆိုတဲ့အခါမှာ ဒီလူတွေကို ပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးနေတယ်။ တရားစွဲဆိုတယ်။ ဒါတွေကမဖြစ်သင့်တော့တဲ့ကိစ္စတွေပါ။ ဒါတွေကို အစိုးရအနေနဲ့ စနစ်တကျပြန်လည် သုံးသပ် ပြီးတော့ လွှတ်ပေးသင့်တဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့လိုတယ်'' နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအဖွဲ့ မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်က ဘီဘီစီကိုပြောပါတယ်။

Image caption တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဈာပနမှာ ပြန်တမ်းဖတ်ဖို့သွားရင်း အဖမ်းခံခဲ့ရတာ ဖြစ်

၃)ABSDF မြောက်ပိုင်း အဖွဲ့ဝင်တွေကို အစိုးရ စစ်တပ် ထဲ ခေါ်ဆောင်သွား

မတရားအသင်းနဲ့ ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ မိုးညှင်းရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း ဒုဥက္ကဋ္ဌ နဲ့ ရဲဘော် ၂ ယောက်ကို အစိုးရ စစ်တပ် ခလရ ၁၅ ရှိရာ ခေါ်ဆောင် သွားတယ်လို့ ABSDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

တပ်ဖွဲ့ ဗဟိုကော်မတီဝင်တဦးရဲ့ ဈာပနမှာ ပြန်တမ်းဖတ်ဖို့သွားတဲ့ ရဲဘော်အောင်ဆွေဦး၊ ရဲဘော် မောင်ဦးနှင့် ရဲဘော်ကိုကိန်းမြင့်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ဝ ရက်နေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ဖမ်းဆီးကြောင်း သတင်းကို ABSDF အဖွဲ့ထံ သက်ဆိုင်ရာ အာဏာပိုင်တွေက တရားဝင် အကြောင်းကြားတာမျိုး မရှိပဲ၊ အခု စုံစမ်းတဲ့ အခါမှာလည်း ရဲစခန်းမှာ ရှိမနေဘဲ နယ်မြေခံ စစ်တပ်ထဲ ခေါ်သွားကြောင်း သိရတယ်လို့ ABSDF မြောက်ပိုင်းရဲ့ခေါင်းဆောင် ရဲဘော်လဆိုင်းက ဘီဘီစီကို ပြောပါတယ်။

ABSDF အဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ( NCA) မှာ လက်မှတ်ရေးထိုးထားပြီးတဲ့အဖွဲ့တခုလည်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မန်းဝါ့ဟောင်ဟာ ဟွာဝေးရဲ့ ဘဏ္ဍာရေးမှူးချုပ်ဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူရဲ့သမီးလည်းဖြစ်

၄)အမေရိကန်ရဲ့တောင်းဆိုမှုကြောင့် ဟွာဝေးကုမ္ပဏီရဲ့အကြီးတန်းအမှုဆောင်အရာရှိ ကနေဒါမှာ အဖမ်းခံရ

အမေရိကန်ရဲ့တောင်းဆိုမှုကြောင့် ဟွာဝေးကုမ္ပဏီရဲ့အကြီးတန်းအမှုဆောင်အရာရှိ မန်းဝါ့ဟောင် ကနေဒါမှာ အဖမ်းခံလိုက်ရပါတယ်။

မန်းဝါ့ဟောင် ဟာ ဟွာဝေးရဲ့ ဘဏ္ဍာရေးမှူးချုပ်ဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူရဲ့သမီးလည်းဖြစ်ပါတယ်။ သူ့ကို အမေရိကန်ကို လွှဲပြောင်းပေးမှာဖြစ်ပြီး အမေရိကန်က အီရန်ကို ကုန်သွယ်ရေးပိတ်ဆို့ထားမှုကို ချိုးဖောက်မှုနဲ့ တရား ရင်ဆိုင်နိုင်ရခြေရှိပါတယ်။

အော်တာဝါမှာရှိတဲ့ တရုတ်သံရုံးကလည်း မန်းဟာ ကနေဒါဥပဒေ ဒါမှမဟုတ် အမေရိကန်ဥပဒေတွေကို ချိုးဖောက်ထားတာ မရှိဘူးလို့ပြောပါတယ်။ အမေရိကန် အာဏာပိုင်တွေကတော့ ဟွာဝေးရဲ့ ဧပြီလတုန်းက စီးပွားရေး လုပ်ဆောင်ချက် တွေကို စုံစမ်းနေတယ်လို့ပြောပါတယ်။ ကုမ္ပဏီဘက်ကတော့ အမှားအယွင်း တစုံတရာမလုပ်ထားဘူးလို့ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ