ဟွာဝေးဖုန်း အသုံးများတဲ့ မြန်မာနိုင်ငံမှာကော လုံခြုံရေး စိုးရိမ်စရာရှိနေလား

Huawei, Myanmar ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာစီလိုနားက ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ကရက်မှာ တွေ့ရတဲ့ ဟွာဝေးအမှတ်တဆိပ်

တရုတ်နာမည်ကြီး နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ 5G ကွန်ရက် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာတွေကို အသုံးမပြုဖို့ အနောက်နိုင်ငံတချို့မှာ ပိတ်ပင်မှုတွေ ရှိနေချိန်မှာပဲ ထိပ်တန်း အမှုဆောင် အရာရှိတစ်ဦးကနေဒါမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

သူကတော့ ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်တဲ့အပြင် ကုမ္ပဏီ ဘဏ္ဍာရေးမှူးလည်းဖြစ်၊ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ မန်ဝန်ဂျိုးဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့မှုနဲ့ ဟွာဝေးကုမ္ပဏီကို အမေရိကန်က စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ဟွာဝေး

ဟွာဝေး ကုမ္ပဏီဟာ ကမ္ဘာမှာ အကြီးဆုံး ဆက်သွယ်ရေး ပစ္စည်းနဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်ပြီး လက်ကိုင်ဖုန်းအပါအဝင် အင်တာနက် ဆက်သွယ်ရေးနဲ့ တယ်လီဖုန်းဆက်သွယ်ရေးတွေမှာ အဓိကကျတဲ့ နည်းပညာပစ္စည်းတွေ၊ ထပ်ဆင့်ထုတ်လွှင့်တဲ့ တာဝါတိုင်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ စတာတွေကို ထုတ်လုပ်ပါတယ်။

မြန်မာနိုင်ငံမှာ ဟွာဝေး လက်ကိုင်ဖုန်းသုံးသူ အများအပြားရှိပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကလည်း တယ်လီနော၊ အူရီဒူးတို့ ဝင်မလာခင် စောစောပိုင်းက ဟွာဝေးရဲ့ ထုတ်ကုန်တွေကို ဝယ်ယူခဲ့ဖူးပြီး ဟွာဝေးက လာရောက် တပ်ဆင်ပေးခဲ့တာတွေ ရှိခဲ့တယ်လို့ ဂျပန်နိုင်ငံ ယိုကိုဟားမား ခေအိုတက္ကသိုလ်က ဝါယာလက်စ် နည်းပညာဆိုင်ရာ ဧည့်ပါမောက္ခလည်းဖြစ် 5G နည်းပညာနဲ့ပတ်သက်လို့ လေ့လာမှုတွေ လုပ်နေတဲ့ ဒေါက်တာစန်းမော်က ပြောပါတယ်။

မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းမှာ အဓိက ဟွာဝေးအပြင် အက်ဒီဆင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို သုံးတာများတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟွာဝေးကုမ္ပဏီ

နိုင်ငံတကာက ဘာကို စိုးရိမ်နေတာလဲ

ဟွာဝေးရဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေသုံးရင် ကိုယ့်နိုင်ငံရဲ့ လုံခြုံရေး ပိုင်းဆိုင်ရာမှာ ချိုးဖောက်မှုတွေ ရှိနိုင်တယ်ဆိုပြီး အနောက်နိုင်ငံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒါကလည်း အခုအခါ 5G လို့ ခေါ်တဲ့ လက်ကိုင်ဖုန်းမျိုးဆက် ၅ နည်းပညာတွေကို အသုံးပြုဖို့ ပြင်ဆင်ဆောင်ရွက်နေတာနဲ့ သက်ဆိုင်တယ်လို့ ဒေါက်တာစန်းမော်က ပြောပါတယ်။

5G နည်းပညာမှာ လူလူချင်းဆက်သွယ်ပြောဆိုမှုတွေတင်မက အင်တာနက် နဲ့ 5G ကွန်ရက် ချိတ်ဆက်အသုံးပြုပြီး လုံခြုံရေး ၊ ယာဉ်သွားယာဉ်လာ၊ ရထားအသွားအလာ ၊ ဘဏ်လုပ်ငန်း၊ ကျန်းမာရေး ပညာရေး၊ ကာကွယ်ရေး စတာတွေကို အဝေးကနေ စောင့်ကြည့် ထိန်းကျောင်းတာတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကာကွယ်ရေးလိုကဏ္ဍမှာ ဒုံးလက်နက်ပစ်လွတ်တာမျိုး၊ လူမဲ့ ဒရုန်းတိုက်လေယာဉ်တွေ အသုံးပြု စစ်ဆင်တာမျိုးတွေ 5G ကွန်ရက်ကနေ တဆင့် လုပ်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် 5G ကွန်ရက်ကို အသုံးပြုဖို့ တပ်ဆင်ထားတဲ့ Router တွေ၊ Gateway နဲ့ Server တွေလို နည်းပညာပစ္စည်း ကိရိယာတွေကတဆင့် ကိုယ့်ရဲ့ သတင်းအချက်အလက်၊ ဒေတာတွေကို စောင့်ကြည့်ပြီး လိုသလို အသုံးချနိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေကြတာဖြစ်တယ်၊ ဒါကြောင့် ဟွာဝေးက ထုတ်တဲ့ ပစ္စည်းတွေကို ပိတ်ပင်ကြတာလို့ ဒေါက်တာစန်းမော်က ရှင်းပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟွာဝေးနဲ့ပတ်သက်လို့ နိုင်ငံတချို့က စိုးရိမ်မှုတွေရှိနေ

ဟွာဝေးကပဲ စိုးရိမ်စရာဖြစ်နေတာလား

တခြား နည်းပညာကုမ္ပဏီတွေကလည်း သူတို့ ထုတ်တဲ့ 5G ကွန်ရက်ဆိုင်ရာ ပစ္စည်းတွေကို အသုံးချပြီး စောင့်ကြည့်တာမျိုးတွေ လုပ်နိုင်ပေမယ့် ကွာခြားချက်တွေရှိတယ်လို့ ဆိုပါတယ်။

ဥပမာ Apple ဆိုရင် လက်ကိုင်ဖုန်းနဲ့ ကွန်ပြူတာတွေ ထုတ်ပေမယ့် Router လို Core Network ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပစ္စည်းတွေ မထုတ်ဘူး၊ အမေရိကန်Cisco ကုမ္ပဏီဆိုရင်လည်း Core Network ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပစ္စည်းတွေသာထုတ်ပြီး လက်ကိုင်ဖုန်း၊ ကွန်ပြူတာတွေ မထုတ်ဘူး၊ ဟွာဝေးကတော့ လက်ကိုင်ဖုန်းရော ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းတွေပါ အကုန်ထုတ်တဲ့ အတွက် အခုလို စိုးရိမ်မှုတွေ ရှိကြတာလို့ ပြောပါတယ်။

ဆိုလိုတာက ဟွာဝေးလက်ကိုင်ဖုန်းနဲ့ အတူ၊ သူရဲ့ ထုတ်ကုန်တွေ အသုံးပြုတဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုခြင်းအားဖြင့် ဟွာဝေးကုမ္ပဏီအနေနဲ့ ဒေတာ အချက်အလက်တွေကို စောင့်ကြည့် ထိန်းကျောင်းနိုင်ခွင့် အလွယ်တကူ ရနေနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘေဂျင်းမြို့က ဟွာဝေး ဆိုင်းဘုတ်

မြန်မာနိုင်ငံအတွက် စိုးရိမ်စရာရှိလား

ဟွာဝေးရဲ့ ထုတ်ကုန်တွေ အသုံးပြုတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက နည်းပညာရှင် အသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေတော့ ရှိနေကြတယ်လို့ ဒေါက်တာစန်းမော်က ပြောပါတယ်။

ဒါပေမယ့် အခုအချိန်ထိ ဟွာဝေးက ဒီလို အသုံးချမှုရှိတယ်ဆိုတာ ဘယ်သူမှ အတိအကျ သက်သေပြနိုင်ခြင်း မရှိဘူး၊ နောက်ပြီး မြန်မာနိုင်ငံမှာ အကုန်လုံး ဟွာဝေးထုတ်ကုန်တွေချည်း တပ်ဆင်အသုံးပြုတာမဟုတ်ဘဲ တခြား အက်ဒီဆင်လို ကုမ္ပဏီရဲ့ ပစ္စည်းတွေလည်း အသုံပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်ဖုန်းကွန်ရက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ၄ ခုရှိတဲ့ အနက် သူသိရသလောက် MPT ကပဲ ဟွာဝေးပစ္စည်းတွေ အသုံးများတယ်လို့ ဒေါက်တာစန်းမော်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စခရင် ခေါက်လို့ရမယ့် မိုဘိုင်းဖုန်း အပါအဝင် ကလစ်နည်းပညာ