မန္တလေး ရတနာပုံ ဆိုက်ဘာစီးတီး တက္ကသိုလ်ကျောင်းသားတစ်ဦး ဆိုင်ကယ်လုယက်ခံရရာမှ ရိုက်နှက်ခံရပြီး သေဆုံး

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)က ကျောင်းသားတွေ ဓာတ်ပုံ မူပိုင် Yatanarpon Cyber City Students' Union
Image caption နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)က ကျောင်းသားတွေ

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) က ဒုတိယနှစ် ကျောင်းသားတစ်ဦး ဆိုင်ကယ်လုယက်ခံရရာမှ ရိုက်နှက်ခံရလို့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက သေဆုံးခဲ့ပါတယ်။

မနေ့ ညနေပိုင်း ၃ နာရီကျော်လောက်က တက္ကသိုလ်ကနေ ဆိုင်ကယ်စီး ပြန်လာတဲ့ ကျောင်းသားနဲ့ ကျောင်းသူနှစ်ဦးကို ရတနာပုံ ဆိုက်ဘာစီးတီး မြို့သစ်မီးသတ်စခန်းအနီးမှာ ဆိုင်ကယ်လုယက်သူတွေက ရိုက်နှက်လို့ အသက် ၁၇ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသားက နေရာမှာပဲ သေဆုံးပြီး တစ်ဦးကိုတော့ မန္တလေး ဆေးရုံကြီးမှာ စောင့်ကြည့်အနေအထားနဲ့ ဆေးကုသနေရတယ်လို့ ရတနာပုံ ဆိုက်ဘာစီးတီး ကျောင်းသားသမဂ္ဂက အဖွဲ့ဝင် ကိုခွန်းနိုင်ပြည့်ထွန်းက ပြောပါတယ်။

" ကျောင်းက ပြန်ဖွင့်နေပေမယ့် ကျောင်းအပ်နေရချိန်ဆိုတော့ ကျောင်းသားအားလုံး ကျောင်း ပြန်မတက်ကြသေးဘူး။ ဒီလမ်းတွေကလည်း လူပြတ်တယ်။ အခုအခင်းဖြစ်တာကိုလည်း ဒီပတ်ဝန်းကျင်က ဥယျာဉ်စိုက်တဲ့တွေက အကြောင်းကြားလို့ သိတာ၊ ကျနော်တို့ ရောက်တဲ့အချိန်မှာ နှစ်ယောက်လုံး ခေါင်းတွေ အရိုက်ခံထားရတာ တွေ့တယ်။ ဖြစ်တဲ့အချိန် မျက်မြင်လည်း မရှိ၊ တစ်ယောက်က သေ၊ တစ်ယောက်ကလည်း အရေးပေါ် စောင့်ကြည့်အနေအထားဆိုတော့ မေးလို့မရသေးဘူး" လို့ ကိုခွန်းနိုင်ပြည့်ထွန်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Yatanarpon Cyber City Students' Union
Image caption နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ဟာ မန္တလေးမြို့နဲ့ ၂၇ မိုင်၊ ပြင်ဦးလွင်မြို့နဲ့ ၁၆ မိုင် ကွာဝေးပြီး တက္ကသိုလ် သွားရာလမ်းမှာ စက်မှုဇုန်နဲ့ မြို့သစ်ရှိပေမယ့် လုပ်ငန်းလည်ပတ်တဲ့ စက်ရုံနည်းပါးလို့ လူပြတ်လပ်တယ်လို့လည်း သူက ပြောပါတယ်။

သေဆုံးသူကျောင်းသားဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကနေ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) မှာ ICT မေဂျာကို တက်ရောက်ပညာသင်ယူနေတဲ့ ဒုတိယနှစ် ကျောင်သား မောင်ထက်လင်းသန့် ဖြစ်တယ်လို့ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြောပါတယ်။

" ကျောင်းသားရဲ့ မိဘတွေလည်း ရောက်နေပြီ၊ အခင်းဖြစ်စဉ်ကို တိတိကျကျ မသိရသေးဘူး။ ရဲတွေ စုံစမ်းမေးနေတာ တွေ့တယ်။ နာရေးဖြစ်နေတော့ အမှုဖွင့်တာတွေလည်း မလုပ်နိုင်သေးဘူး။ တလောကတော့ စက်ရုံဝန်ထမ်းလည်း အလုခံရတယ်ကြားတယ်" လို့ ဒေါက်တာအောင်ဝင်းက ပြောပါတယ်။

ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာ တက္ကသိုလ်အနီး ပတ်ဝန်းကျင်မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ၊ ကျောင်းသူတွေကို နှောင့်ယှက်တာတွေ၊ ဆိုင်ကယ်စီးလာချိန်မှာ ဆိုင်ကယ်ခြင်းယှဉ်ပြီး ကန်ကျောက် ခံရမှုတွေရှိလို့ နီးစပ်ရာ ပြင်စာရဲစခန်းကို အသိပေးတိုင်ကြားမှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

" အခုဆို ကျောင်းသားတွေကို ၂ ယောက် ၃ ယောက်တည်း မသွားဖို့ ပြန်မယ်သွားမယ်ဆို အုပ်စုလိုက် သွားလာဖို့ သတိပေးထားရတယ်။ ဒီနှစ်ထဲကို လုဖို့ကြံရွယ်လို့ တိုင်ထားတာ ၁၀ မှု လောက်ရှိမယ်၊ တိုင်တုန်းဆို ရဲကင်းတွေလာတယ်။ နောက်ပိုင်း အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားတာချည်းပဲ" လို့ ကိုခွန်းနိုင်ပြည့်ထွန်းက ပြောပါတယ်။

လုယူသူတွေက ရဲတင်းစွာ လုပ်ဆောင်လာလို့ တက္ကသိုလ်ကို တက်ရောက် သင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ဘေးကင်းလုံခြုံရေး၊ ပြည်သူတွေ လုံခြုံရေးအတွက် ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီး ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကျောင်းသားများသမဂ္ဂ ဒီကနေ့မှာ သတင်းထုတ်ပြန် တောင်းဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ