ဒေါပုံကနေ ဘုရင့်နောင်အထိ မိုးပျံလမ်းတင်ဒါ ထပ်ပြိုင်ရမယ်

ဓာတ်ပုံ မူပိုင် Frank Bienewald
Image caption ယာဉ်ကြောရှုပ်ထွေးလွန်းတဲ့ ရန်ကုန်မြို့တွင်းတနေရာ

မိုင် ၃၀ လောက်ရှည်ပြီး ရန်ကုန်ကို အဝိုင်းပတ် ပုံသဏ္ဍာန် တည်ဆောက်မယ့် မိုးပျံ အမြန်လမ်း စီမံကိန်းကို တင်ဒါဝင်ပြိုင်ဖို့ အရည်အသွေးပြည့်မီတဲ့ နိုင်ငံခြား ကုမ္ပဏီ ၁၀ ခုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေါပုံ တံတားထိပ်ကနေစပြီးတော့ ဘုရင့်နောင်ကမ်းနားလမ်းနားမှာ အဆုံးသတ်မှာဖြစ်တဲ့ ဒီရန်ကုန်မိုးပျံလမ်း စီမံကိန်းကို လုပ်မယ့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကိုတော့ တင်ဒါတင်ဖို့ ရွေးချယ်ထားတဲ့ ကုမ္ပဏီ ၁၀ခုထဲက တစ်ခုက အပြီးသတ် ရွေးချယ်မှာ ဖြစ်ပါတယ်။

ဒီတင်ဒါဝင်ပြိုင်ဖို့ အရည်အသွေးမီတဲ့ နိုင်ငံခြား ကုမ္ပဏီ ၁၀ ခုကတော့ တရုတ်နဲ့ တရုတ် ဖက်စပ် ကုမ္ပဏီ ၆ ခုတို့ ပါပါတယ်။

ကျန်တာကတော့ ပြင်သစ်၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း စတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးပျံလမ်း စီမံကိန်းအတွက် ဝန်ကြီးဌာနက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကို ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံး အဆင့်မှာ စိတ်ဝင်စားတဲ့ ကုမ္ပဏီ ၅၃ ခုလျှောက်ထားခဲ့ရာမှာ အရည်အသွေးပြည့်မှီတဲ့ ကုမ္ပဏီ ၁၂ ခုထဲကမှ ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်ခဲ့တာလို့ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာနရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောပါတယ်။

ဦးကြည်ဇော်မြင့်က "ဒီကုမ္ပဏီတွေက စီမံကိန်း အဆိုပြုလွှာတွေ တင်ရမှာဖြစ်ပြီး အဲ့ဒီအပေါ်မူတည်လို့ ရွေးချယ်မှာဖြစ်ပါတယ်။ ပရောဂျက် ပရိုပိုဆယ် ခေါ်တဲ့အခါ ဒီကုမ္ပဏီက မည်သို့မည်ပုံ ရင်းနှီးမြှုပ်နှံမယ်၊ ငွေရေးကြေးရေးက ဘယ်လို ရမယ်။ နိုင်ငံတော်ဘက်ကို ဘယ်လို ပြန်ပီးပေးမယ် ဒါတွေကို ယှဉ်ပြိုင်ခိုင်းမှာ။ မေလလောက်မှာ ကျွန်တော်တို့ အဲဒါကို ပိတ်မယ်" လို့ ဆိုပါတယ်။

အခုပမာဏရွေးထားတဲ့ ကုမ္ပဏီ ၁၀ ခုထဲက ရင်းနှီးမြှုပ်နှံခွင့်ရမယ့် ကုမ္ပဏီဟာ လာမယ့် ၂၀၁၉ ခုနှစ် ဇွန်လထဲမှာ လုပ်ငန်းတွေ စရမှာပါ။

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption ဆူးလေဘုရားနဲ့ ဆူးလေလမ်းကြော

ဒီစီမံကိန်းဟာ ဒေါပုံတံတားထိပ်ကနေ စမှာဖြစ်ပြီး ပုစွန်တောင်လမ်းမကနေ ဝေဇယန္တာလမ်းနဲ့ သံသုမာ လမ်းဆုံနားမှာ ရန်ကုန်လေယာဉ်ကွင်းကို သွားတဲ့ လမ်းတစ်လမ်းရှိမှာ ဖြစ်ပါတယ်။

မင်္ဂလာဒုံစက်မှုဇုန်ရှေ့ ခရေပင်လမ်းဆုံဘက်ကို သွားတဲ့လမ်းကတော့ အနောက်ဖက်ကို ချိုးပြီး အောက်မင်္ဂလာဒုံလမ်းကနေ တောင်ဘက်ချိုးကာ ဘုရင့်နောင် ကမ်းနားလမ်းနားမှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

မိုင် ၃၀ လောက် ရှည်လျားမယ့် ဒီစီမံကိန်း ပထအဆင့်ကို ၂ နှစ်ခွဲနဲ့ အပြီး တည်ဆောက်နိုင်ဖို့ မှန်းထားတယ်လို့လည်း လမ်းဦးစီးဌာနရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ