အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိရောက်မှုရှိရဲ့လား၊ လမ်းကြောင်း ပတ်ဝင်နေရလား

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဓာတ်ပုံ မူပိုင် ACC Myanmar facebook
Image caption သမ္မတ သဝဏ်လွှာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် ဖတ်ကြားစဉ်

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နဲ့ ကုလသမဂ္ဂ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း ၁၅ နှစ်မြောက် အခမ်းအနား ကို ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့ပါတယ်။

အဂတိလိုက်စားမှုကို ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုအဖြစ် ရှုမြင်ဖို့ အဲဒီ အခမ်းအနားကို သမ္မတ ဦးဝင်းမြင့် ပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထား ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်က သမ္မတနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ တွေ့ဆုံခဲ့စဉ်မှာတော့ မျက်နှာ ကြီးငယ်မလိုက် ဆူကြုံနိမ့်မြင့် မရွေး ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုတယ်လို့ မှာကြားခဲ့ကြောင်း သမ္မတ သဝဏ်လွှာမှာ ရေးထားပါတယ်။

အန်အယ်လ်ဒီ အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းပြီးတော့ အစိုးရဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေကို ပြစ်ဒဏ်ပေးအရေးယူပြီး ထိထိရောက်ရောက် ကိုင်တွယ်နေတယ်လို့ ပြောပါတယ်။

အဂတိလိုက်စားမှုဟာ မြန်မာ့လူဘောင် အဖွဲ့အစည်းအတွင်း ရောဂါဆိုးသဖွယ် အမြစ်တွယ်နေတဲ့ ရွံရှာစက်ဆုပ်ဖွယ်ရာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုအဖြစ် ရှုမြင်ဖို့လိုတယ် လို့လည်း သမ္မတ ဦးဝင်းမြင့်က ထောက်ပြထား ပါတယ်။

ဓာတ်ပုံ မူပိုင် ACC Myanmar facebook
Image caption အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ တွေ့ရတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်

ဒါပေမယ့် လက်ရှိ မြန်မာ နိုင်ငံမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေမှု နဲ့ ပတ်သက်လို့ အားနည်းချက် ရှိနေတာတွေကို ပုသိမ်တက္ကသိုလ် သမိုင်းဌာန ကထိက ဖြစ်တဲ့ ဆရာဦးသန်းထိုက်အောင်က ပြောပြပါတယ်။

ဌာန တခုမှာ ဆိုရင် ပါမောက္ခက အဂတိလိုက်စားနေတာကို လက်အောက်ခံ ဝန်ထမ်းက တိုင်ရာမှာ ဌာနတွင်း စစ်ပြီး အဲဒီကိစ္စမှာ ပါဝင်သူ သုံးယောက်လုံးကို အပြစ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီလို လုပ်ဆောင်ခြင်းအားဖြင့် တိုင်တဲ့သူကို နောင်ကျရင် မတိုင်ရဲအောင် လုပ်တဲ့ သဘောမျိုး ဖြစ်နေပြီး အမှန်ကို ထုတ်ပြောရင် ပြောတဲ့သူကို ပြန်ပက်လာမလား ဆိုတဲ့ ကြောက်စိတ် ရိုက်သွင်းသလို ဖြစ်စေတဲ့ အပြင် အမှန်တရား ပျောက်ကွယ် သွားပြီး အဂတိ လိုက်စားမှုကို အားပေးသလို ဖြစ်နေတယ်လို့ ဆရာဦးသန်းထိုက်အောင်က ဆိုပါတယ်။

အဂတိ လိုက်စားမှုကို ကိုယ်တိုင် တွေ့ကြုံရတဲ့ အိမ်ထောင်ရှင်မတဦး ဖြစ်တဲ့ မမေသူကျော် ကတော့ အစိုးရဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေက ပုံစံတမျိုးနဲ့ ဆက်ရှိနေဆဲလို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ACC Myanmar facebook
Image caption ပွင့်လင်းမြင်သာမှု ၊ လူ့အခွင့်အရေးနဲ့ အမျိုးသား အရင်းအမြစ်တွေကို အလေးပေး ဖော်ထုတ်နေတဲ့ ဗြိတိသျှ သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း ကို မေးမြန်းနေစဉ်

အရင်တုန်းက လမ်းကြောင်းရှိရင် အဲဒီလမ်းကြောင်းက သုံးသောင်းပေါက်ရင် ပေါက်တဲ့ အတိုင်း ပေးလိုက်ရုံပဲ၊ လုပ်ငန်း ပြီးပြတ်မှုက မြန်ဆန်ကြောင်း ၊ အခုတော့ လမ်းကြောင်း မရှိတော့ဘဲ ဒီကိစ္စ ပြီးမြောက်ဖို့ လမ်းကြောင်း ပတ်ဝင်ရတဲ့ အခြေအနေ ဖြစ်နေကြောင်း ၊ အဲဒါမျိုးတွေ ရုံးပိုင်း ဆိုင်ရာမှာ ရှိလာတဲ့ အခါ ကျတော့ ငွေရေး ကြေးရေး ပိုကုန် ပိုပေးရတဲ့ အနေအထား ရှိလာကြောင်း မမေသူကျော် ဆိုပါတယ်။

အဲဒီလို ငွေကုန်ကြေးကျ များပေမယ့် ကိုယ့်ကိစ္စ ပြီးမြောက်ဖို့ သေချာလား ဆိုတော့ မသေချာတဲ့ အနေအထားမှာ ရှိနေတယ် ၊ အဲဒါမျိုးတွေကို တိတိကျကျ လုပ်နိုင်ရင် ပိုကောင်းတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဝန်ထမ်းတွေ ဘက်မှာ မပြည့်စုံမှုတွေ လိုအပ်ချက်တွေ ရှိနေတဲ့ အခါ ကျတော့ ဒါတွေကို ဖြည့်စွမ်းဖို့ လိုနေတယ်လို့ အိမ်ရှင်မ မမေသူကျော်က ထောက်ပြပါတယ်။

ဓာတ်ပုံ မူပိုင် ACC Myanmar facebook
Image caption ဒီဇင်ဘာ ၉ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား

တကယ်တော့ အစိုးရဟာ အဂတိလိုက်စားမှု ကာကွယ်ဖို့ အတွက် ဌာနဆိုင်ရာတွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပြီး ဝန်ထမ်းတွေကို အသိပညာပေးတာတွေ လုပ်နေပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မှာတော့ ထိရောက်မှုသိပ်မရှိလှဘဲ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ဆိုတာဟာ တကယ်ကျူးလွန်ခဲ့သူတွေကို ထိထိရောက်ရောက် အပြစ်ပေးဖို့လိုတယ်လို့ ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုး က ပြောပါတယ်။

နယ်ပေါင်းစုံမှာ ထောက်လှမ်းရေးတို့ အထူး စုံစမ်းရေး အဖွဲ့တွေလို ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေနဲ့ အားဖြည့်ပြီး အဂတိ လိုက်စားမှုတွေကို ဖော်ထုတ် ၊ သတင်းပေးမှု တွေကို ထိထိရောက်ရောက် အရေးယူ လုပ်ဆောင်နိုင်မယ် ဆိုရင် ပိုကောင်း လိမ့်မယ်လို့ သူက ဆိုပါတယ်။

တရုတ်ပြည်မှာ ဆိုရင် အဂတိ လိုက်စားတဲ့ လူကို တိတိကျကျ ထိထိရောက်ရောက် အရေးယူ သုတ်သင်လိုက်တဲ့ အခါကျတော့ ကျန်တဲ့ လူတွေ မလုပ်ရဲကြတော့ဘဲ ကိုယ့်ကျင့်ပိုင်း တက်လာတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။

တဘက်မှာလည်း ၀န်ထမ်းတွေရဲ့ ဘဝ ရပ်တည်မှု အတွက် လုံလောက်တဲ့ ၀င်ငွေ လစာ တခု ပေးထားမယ် ဆိုရင် သူတို့ကလည်း ဒါမျိုး အဂတိ လိုက်စားမှုတွေ လုပ်ကြတော့မှာ မဟုတ်ဘူးလို့ ဦးသက်လွင်တိုး က ဆိုပါတယ်။

အဂတိလိုက်စားမှု မြန်မာ ယခင်ထက် အနည်းငယ် ကောင်းမွန်

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ပြန်ဖွဲ့ဖို့ စီစဉ်

မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းမှာ အဂတိ လိုက်စားမှုဟာ ရောဂါဆိုး သဖွယ် ကာလရှည်ကြာ ဖြစ်နေတာကြောင့် ဒါကို ကိုယ့်ကျင့်ပျက် သိက္ခာပျက်ယွင်းမှု အဖြစ် ရွံရှာလာအောင် ပညာပေးဖို့က အခရာ ကျလှပြီး ပြစ်ဒဏ် ပေးဖို့ က ဒုတိယကျတယ်လို့အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ပြန်ကြားရေး လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့် ကပြောပါတယ်။

ဒါ့အပြင် ကျောင်းသင်ဘာသာရပ် အဖြစ် မူလတန်းက စလို့ အဂတိ လိုက်စားမှုကို ရွံ့မုန်းအောင် သင်ကြားပေးနိုင် ကော်မရှင်က ကြိုးစား ပြင်ဆင်နေကြောင်း ၊ အခုအခါ သင်ရိုး ညွှန်းတမ်းကို ပညာရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေကြောင်း ၊ ဆရာကိုင် စာအုပ် ပြုစုထားကြောင်း ကိုလည်း သူက ရှင်းပြပါတယ်။

ထို့အတူ ၀န်ထမ်း လောကမှာလည်း ဝန်ထမ်း အဖွဲ့အစည်းတွေကြား မိမိကိုယ်ကို ထိန်းကျောင်းတဲ့နည်းလမ်းတွေ ၊ ကိုယ့်ဌာန ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် Corruption Prevention Unit တွေ ဖွင့်လှစ်ကာ ဌာနတွင်း ပညာပေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

သမ္မတ ဦးဝင်းမြင့်ကတော့ အဂတိ လိုက်စားမှုဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် တည်ဆောက်နိုင်ရေးမှာ အဓိကကျတဲ့ ခလုတ်တံသင်း ဖြစ်နေတယ်လို့ သူ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အစိုးရဌာနဆိုင်ရာတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ နဲ့ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။