တိုက်ပွဲကြားပိတ်မိသူတွေကိုကယ်ဖို့ တောင်းဆိုဆန္ဒပြသူတွေ ထောင်ဒဏ်ငွေဒဏ်ချခံရ

ကချင် ဓာတ်ပုံ မူပိုင် Myitkyina News Journal
Image caption စစ်ဘေးရှောင်တွေကို ကယ်တင်နိုင်ရေး ဦးဆောင်ခဲ့သူ ဒေါ်နန်ပူ

ကချင်ပြည်နယ်မှာ တပ်မတော် နဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေ တို့အကြား ဖြစ်ပွားနေခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေကို ကယ်တင်နိုင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်း နဲ့ ဒေါ်နန်ပူတို့ ၃ ဦးကို တပ်မတော်ကို အသရေ ပျက်စေမှု ပုဒ်မ ၅၀ဝ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီ ချမှတ် လိုက်ပါတယ်။

ဒီလို ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် တက်ကြွလှုပ်ရှားသူ အယောက် ၅၀ လောက် ပါ၀င်တဲ့ ကချင်လူငယ် အဖွဲ့ဝင်တချို့က မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

တရားရုံးအမိန့်ကို မကျေနပ်လို့ ဦးဆောင် ဆန္ဒပြခဲ့ကြသူ ကိုဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင်၊ မ ဆွတ်ဆိုင်းထွယ် တို့ကိုလည်း အခုအခါ ထပ်မံ အမှု ဖွင့်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် Myitkyina News Journal
Image caption စစ်ဘေးရှောင်တွေကို ကယ်ထုတ်ဖို့ ကြိုးစားသူတွေအပေါ် ပြစ်ဒဏ်ချမှတ်မှုကို မကျေနပ်လို့ ဆန္ဒပြကြ

ပိတ်မိ ပြည်သူတွေကို အချိန်မီ ကယ်ထုတ်နိုင်ဖို့က အစိုးရပိုင်း တာဝန်ရှိသူတွေ လုပ်ရမယ့် အလုပ်ဖြစ်တယ်၊ ဒီလို လုပ်ဖို့ ဥပဒေ ဘောင်အတွင်းက တောင်းဆိုခဲ့ပါတယ် ၊ ဒါကို မတရား ပုဒ်မ နဲ့ စွဲဆိုတယ် ၊ ဖမ်းဆီး ခေါ်ဆောင်သွားတယ် ၊ ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေကို လွတ်စေချင်တယ် ၊ ဒီမတရားတဲ့ ဥပဒေတွေနဲ့ မတရားတဲ့ အမိန့်ချမှတ်မှုတွေကို အလိုမရှိတဲ့အတွက် ဆန္ဒပြနေတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်တဲ့ ကချင် တမျိုးသားလုံး ဆိုင်ရာ လူငယ်သမဂ္ဂ အတွင်းရေးမှူး မကျန်းဇဲ ကပြောပါတယ်။

ပြစ်ဒဏ် ချမှတ်ခံရသူ ၃ ဦးဟာ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ထောင်နဲ့ ချီ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေကို ကယ်ထုတ်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလတုန်းက လမ်းလျှောက် ချီတက်တာ၊ ထိုင်သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ တာတွေကို ဦးဆောင် ပြုလုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Myitkyina News Journal
Image caption ဦးလွမ်းဇောင်း ကို ဖမ်းဆီး ခေါ်ဆောင်သွားစဉ်

အခု တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ အယူခံဝင်တာတွေ အပါအဝင် တရားရုံး လမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ အမှုမှာ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ဇာလီထွေက ပြောပါတယ်။

သက်သေ ထွက်ဆိုချက်ကို တရားသူကြီးက သေချာ သုံးသပ်တာမျိုး မရှိခဲ့ပဲ တရားသူကြီးရဲ့ ကောက်ချက်တခုကတော့ တပ်မတော်ကို အသရေဖျက်တယ်လို့ ဆိုပြီး အဲဒီ ကောက်ချက်အရ ပုဒ်မ ၅၀၀ နဲ့ အမိန့်ချခဲ့တာ ဖြစ်တယ်လို့ ဒေါ်ဇာလီထွေက ရှင်းပြခဲ့ပါတယ်။

ပြစ်ဒဏ် ကျခံနေရတဲ့ ကချင် လူငယ်ခေါင်းဆောင် ၃ ဦး လွတ်မြောက်ရေးအတွက် တောင်းဆိုတာတွေ ဆက်လုပ်သွားမယ်လို့ ကချင်လူငယ် အဖွဲ့တွေက ပြောပါတယ်။

ဆွီဒင် သံရုံးကလည်း တရားရုံးရဲ့ အမိန့်အပေါ် စိုးရိမ် ပူပန်မိတယ်လို့ ကြေညာချက် တရပ် ထုတ်ပြန်ထားပါတယ်။