တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပခွင့်မပြုသတင်း အပါအဝင် ဒီဇင်ဘာ ၈ ရက် မနက်ခင်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Hinn Nandar
Image caption ၂၀၁၇ ခုနှစ်က တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား

(၁) တောင်ကြီးမြို့ဗိုလ်ချုပ်ပန်းခြံမှာ လူ့အခွင့်အရေးနေ့အခမ်းအနား ကျင်းပခွင့်မပြု

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဌာနက ခွင့်မပြုဘူးလို့ ပွဲကျင်းပရေး စီစဉ်နေသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဗိုလ်ချုပ်ပန်းခြံမှာ ကျင်းပဖို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့တွေဆီကို စာတင်ထားခဲ့ရာက တောင်ကြီးမြို့ စည်ပင်သာယာရေး ဌာနက အများပြည်သူ အပန်းဖြေနေရာဖြစ်လို့ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်တာလို့ ပွဲစီစဉ်ရာ ဦးဆောင်ပါဝင်တဲ့ ဒေါ်နှင်းနန္ဒာက ပြောပါတယ်။

" မနှစ်ကလည်း အဲဒီပန်းခြံမှာပဲ ကျင်းပခဲ့တာ၊ ဒီလိုပဲ အမျိုးသမီးနဲ့ ပတ်သတ်တဲ့ အခမ်းအနားတွေ၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လည်း ကျင်းပနေကျပဲ၊ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့ အသိပညာပေးတာ ဖျော်ဖြေပွဲလုပ်တာကို ခွင့်မပြုဘူး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးကိုလည်း သွားတွေ့ခဲ့တယ်၊ စည်ပင်က ခွင့်မပြုရင် သူတို့လည်း ဘာမှလုပ်လို့ မရဘူးလို့ ပြောလိုက်တယ်" လို့ ဒေါ်နှင်းနန္ဒာက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို တောင်ကြီးမြို့အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေက ပူးပေါင်းကျင်းပတာလို့ သူက ပြောပါတယ်။ ပွဲကျင်းပရက် နီးလာလို့ အခမ်းအနားကို တောင်ကြီးမြို့က ပုဂ္ဂလိကပိုင် ရှုခင်းသာပန်းခြံမှာ ပြောင်းရွှေ့ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း ဒေါ်နှင်းနန္ဒာက ပြောပါတယ်။

(၂) တရုတ်ဇနီးမယားလုပ်ဖို့ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေ ထောင်ချီရှိ

တရုတ်အမျိုးသားတွေနဲ့ အတင်းအဓမ္မ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူး ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီး ၇၅၀၀ လောက် ရှိတယ်လို့ ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ကျန်းမာရေးဌာနနဲ့ ကချင်အမျိုးသမီးအဖွဲ့ - ထိုင်းနိုင်ငံက ဒီဇင်ဘာလ ၇ ရက် သတင်းထုတ်ပြန် ပါ တယ်။

လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစုဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ဖြစ်ကြပြီး အသက် ၁၄ နှစ် အရွယ် အမျိုးသမီးငယ်တွေလည်း ပါတယ်လို့ တရုတ်-မြန်မာနယ်စပ် က လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကချင်အမျိုးသမီးအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ဆိုပါတယ်။

နယ်မြေ မတည်ငြိမ်မှု၊ လက်နက်ကိုင် ပဋိပက္ခ၊ နှစ်ရှည်တိမ်းရှောင်ရတာ အပြင် အလုပ်အကိုင် ရှားပါးမှုကြောင့် အမျိုးသမီးတွေက အိမ်းနီးချင်း တရုတ်ပြည်ထဲ အလုပ်လုပ်ငွေရှာလိုတဲ့အတွက် အခုလို လူကုန်ကူးမှုတွေ များလာတယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေဟာ တရုတ်အမျိုးသားတွေအတွက် ကလေးမွေးပေးတဲ့အပြင် တခြားအိမ်မှု ကိစ္စတွေကိုလည်း လုပ်ရပြီး အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ခံရပါတယ်။

ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ကျန်းမာရေးဌာနနဲ့ ကချင်အမျိုးသမီးအဖွဲ့ -ထိုင်းနိုင်ငံအဖွဲ့က မြန်မာနဲ့ တရုတ်နိုင်ငံက လူကုန်ကူးခံရတဲ့ အမျိုးသမီး ၄၀၀ ကို တွေ့ဆုံမေးမြန်းခဲ့ပြီး ဒီအစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ပြောပြချက်အရ အမျိုးသမီး ၇၅၀၀ ကျော်ဟာ တရုတ်အမျိုးသားတွေနဲ့ အတင်းအဓမ္မ လက်ထပ်ရပြီး ၅၀၀၀ ကျော်က ကလေးမွေးပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

(၃) သာသနာရေးဝန်ကြီး သူရဦးအောင်ကို နိုင်ငံအကြီးအကဲတွေ ခေါ်ယူသတိပေး

ဘင်္ဂလားဒေရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ဒုက္ခသည်တွေကို အစွန်း ရောက်တွေလို့ပြောကြားခဲ့တဲ့ သာသာနာရေးနဲ့ယဉ်ကျေးမူ့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို နိုင်ငံတော်အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

" အကြီးအကဲတွေက သူ့ကို ခေါ်ယူတွေ့ဆုံ ပြောထားပြီး ဖြစ်တယ်။ အဓိက ကတော့ မီဒီယာနဲ့ တွေ့ဆုံ ပြောကြားရာမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒကို ကင်းလွတ်လို့ မရဘူး။ ပုဂ္ဂလိကတဦးချင်း ပြောကြားချက်နဲ့ နိုင်ငံတော်ရဲ့မူဝါဒ ခွဲခြားသိဖို့ လိုတယ်။ ဆိုင်ရာ ဆိုင်ရာ ဒီကိစ္စ ပြောခွင့်ရတဲ့သူတွေ ရှိတယ်လို့ ပြောချင်ပါတယ်" သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားတခုအတွင်း မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အစွန်းရောက်တွေလို့ ပြောခဲ့တာဟာ ဘင်္ဂါလီတွေကို ရည်ညွန်းတာဖြစ်ပြီး၊ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဘန်းပြပြီး အထောက်အပံ့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝေမျှ စားနေကြတယ်။ ဘင်္ဂါလီလူငယ်တွေရဲ့ ခေါင်းထဲကို ရခိုင်ဘက်ကို ချီတက်ဖို့ ရိုက်သွင်းခံထား ရတယ်လို့ ပြောဆိုခဲ့တာပါ။

ဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မကြာသေးခင်ကပဲ မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတော် အကြီးအကဲတွေက ဝန်ကြီး သူရဦးအောင်ကို ကို ခုလိုခေါ်ယူတွေ့ဆုံ သတိပေးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပဲရစ်မှာ လုံခြုံရေးတိုးမြှင့်ချထား

(၄) အစိုးရ ဆန့်ကျင်သူတွေကို တားဆီးကာကွယ်ဖို့ ပဲရစ်မှာ လုံခြုံရေးတိုးမြှင့်ချထား

အစိုးရ ဆန့်ကျင်သူတွေကို တားဆီးကာကွယ်ဖို့ ပဲရစ်မှာ လုံခြုံရေး တိုးမြှင့်ချထားသလို နာမည်ကျော် အီဖယ်လ် မျှော်စင်နဲ့ အနားတဝိုက်က ဈေးဆိုင်တွေကိုလည်း ပိတ်ထားပါတယ်။

ပြင်သစ်နိုင်ငံတဝန်း အစိုးရ ဆန့်ကျင်သူတွေကို တားဆီးဖို့ တာဝန်ချထားတဲ့ လုံခြုံရေးအင်အားဟာ ၉ သောင်း နီးပါးရှိတယ်လို့ ဆိုပါတယ်။

ပဲရစ်မြို့က လမ်းတွေပေါ်မှာ ချထားတဲ့ လုံခြုံရေးဝန်ထမ်း ၈ ထောင်ကျော်နဲ့ တင့်ကား ၁၂ စီးလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ပြင်သစ် အစိုးရက လာမယ့် ဇန်နဝါရီလမှာ လောင်စာဆီအခွန် အပါအဝင်၊ အခွန်တိုးကောက်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ မကျေနပ်တဲ့သူတွေက ဆန္ဒပြရာကနေ အဓိကရုန်းတွေ ပြီးခဲ့တဲ့အပတ်က ပါရီမြို့တော်မှာ ဖြစ်ပွားခဲ့ပါတယ်။

အဓိကရုန်းအတွင်း ထိခိုက်ဒဏ်ရာ ရတာတွေ၊ ဖမ်းဆီးခံရမှုတွေ ဖြစ်ပွားအပြီး အခုချိန်မှာတော့ ဆန္ဒပြသူတွေဟာ လက်ရှိအစိုးရ ပြုတ်ကျတဲ့အထိ ဆန့်ကျင်မှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လောင်ဆာဆီခွန် တိုးဖို့ကိစ္စ ပြင်သစ် ဆိုင်းငံ့