တရုတ်ဇနီးသည်အဖြစ် လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေ ထောင်ချီရှိ

နယ်မြေမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းတရုတ်ပြည်ထဲ အလုပ်လုပ်ငွေရှာလိုတဲ့အတွက် လူကုန်ကူးခံရမှုတွေ များလာ ဓာတ်ပုံ မူပိုင် STR/AFP/Getty Images
Image caption နယ်မြေမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းတရုတ်ပြည်ထဲ အလုပ်လုပ်ငွေရှာလိုတဲ့အတွက် လူကုန်ကူးခံရမှုတွေ များလာ

တရုတ်အမျိုးသားတွေနဲ့ အတင်း အဓမ္မ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူးရောင်းစားခံရတဲ့ မြန်မာပြည်က အမျိုးသမီးတွေထောင်နဲ့ချီရှိနေပြီး အခုဆိုရင် အမျိုးသမီးပေါင်း ၇,၅၀၀ လောက်ရှိတယ်လို့ ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ ကျန်းမာရေးဌာနနဲ့ ကချင်အမျိုးသမီးအဖွဲ့ - ထိုင်းနိုင်ငံ က ဒီဇင်ဘာလ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ အများစုဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ဖြစ်ကြပြီး အသက် ၁၄ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီးငယ်တွေဟာ တွေလည်းပါတယ်လို့ တရုတ် - မြန်မာနယ်စပ် က လူကုန်ကူးခံရတဲ့အမျိုးသမီးတွေကို ကူညီဆောင်ရွက်ပေး နေတဲ့ ကချင်အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့အဖွဲ့က ဆိုပါတယ်။

တချို့အမျိုးသမီးတွေက တရုတ်အမျိုးသားနဲ့ ယူပြီး ကလေးတယောက်မွေးပေးပြီးနောက် ပြည့်တန်ဆာ လုပ်ငန်းခွင်တွေမှာလည်း ထပ်ဆင့်အရောင်းစားခံရတယ်လို့ ကချင်အမျိုးသမီးအဖွဲ့-ထိုင်းနိုင်ငံ ရဲ့အထွေထွေ အတွင်းရေးမှူး မွန်းနေလီက ဘီဘီစီကို ပြောပါတယ်။

မြန်မာအမျိုးသမီး တယောက်ကို အမေရိကန်ဒေါ်လာ ၁,၀၀၀ ကနေ ၁၅,၀၀၀ အထိ ပေးပြီးယူကြတယ်လို့ ဆိုပါတယ်။

နယ်မြေ မတည်ငြိမ်မှု၊ လက်နက်ကိုင် ပဋိပက္ခ၊ နှစ်ရှည် တိမ်းရှောင်ရတာအပြင် အလုပ်အကိုင် ရှားပါးမှုကြောင့် အမျိုးသမီးတွေက အိမ်နီးချင်းတရုတ်ပြည်ထဲ အလုပ်လုပ်ငွေရှာလိုတဲ့အတွက် အခုလိုလူကုန်ကူးမှုတွေ များလာတယ်လို့ သူကဆိုပါတယ်။

အရင်တုန်းကဆိုရင် အမျိုးသမီးတွေကို တရုတ်အမျိုးသားနဲ့ ပွဲစားတွေက ညာပြီး ခေါ်သွားတယ်။ ဒါပေမဲ့ အခုဆိုရင် နည်းလမ်းပေါင်းစုံနဲ့ အရောင်းစားခံရတယ်။ ဥပမာ ကျွန်မတို့ ကချင်မှာဆိုရင် ကချင်ထုံးတမ်း စဉ်လာအရ လက်ထပ်ထိမ်းမြားဖို့ လာရောက် တောင်းရမ်းတဲ့ပုံစံနဲ့ လုပ်လာတယ်။ ရိုးရာအရ ကွမ်းဖိုးတွေ ပေးတယ်။ တကယ်ပဲ လေးလေးနက်နက်နဲ့ လက်ထပ်မယ့်ပုံစံနဲ့ လုပ်တယ်။ ဒါပေမဲ့ တနှစ်၊ ၂ နှစ်ကြာပြီး နောက်မှာ ထပ်ရောင်းစားခံရတယ်။ အဆက်အသွယ်ပြတ်ပြီး ပျောက်သွားတာတွေ များလာတယ်လို့ မွန်းနေလီ က ပြောပါတယ်။

လူကုန်ကူးခံရလို့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးတွေဟာ တစ်နှစ်ကို တစ်ရာလောက် ရှိတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ - ထိုင်းနိုင်ငံက ခန့်မှန်းထားပါတယ်။

သူတို့လက်လှမ်းမမီတဲ့အမှုတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

လူကုန်ကူးခံရတဲ့အမျိုးသမီးတွေဟာ တရုတ်အမျိုးသားတွေအတွက် ကလေးမွေးပေးတဲ့အပြင် တခြားအိမ်မှုကိစ္စတွေကိုလည်းလုပ်ရပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ လည်းခံရတယ်လို့ မွန်းနေလီ က ပြောပါတယ်။

သူများတွေမလုပ်ချင်တဲ့အလုပ်တွေ သန့်ရှင်းရေးကအစအကုန်လုံးလုပ်ရတယ်။ အမျိုးသားတွေ စိတ်ကျေနပ်အောင်လုပ်ပေးရတာတွေ အမျိုးမျိုးရှိတယ်။ သူတို့စိတ် မကျေနပ်ဘူးဆိုရင် အရိုက်ခံရ၊ အထိုးခံရတာတွေလည်းရှိတယ်လို့ မွန်းနေလီ က ပြောပါတယ်။

ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ကျန်းမာရေးဌာနနဲ့ ကချင်အမျိုးသမီးအဖွဲ့-ထိုင်းနိုင်ငံအဖွဲ့က မြန်မာနဲ့ တရုတ်နိုင်ငံက လူကုန်ကူးခံရတဲ့ အမျိုးသမီး ၄၀၀ ကို တွေ့ဆုံမေးမြန်းခဲ့ပြီး ဒီအချက်အလက်တွေပါဝင်တဲ့အစီရင်ခံစာကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဥရောပ တလွှား လူကုန်ကူးမှု တိုးလာ

အမျိုးသမီးတွေရဲ့ပြောပြချက်အရ အမျိုးသမီး ၇,၅၀၀ ကျော်က တရုတ်အမျိုးသား တွေနဲ့ အတင်းအဓမ္မ လက်ထပ်ရပြီး ၅,၀၀၀ ကျော်က ကလေးမွေးပေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ