ပြည် - ကံမလမ်းမှာ အမျိုးသမီးငယ်တစ်ဦး ပစ်ခတ်ခံရလို့ ဆေးရုံရောက်

ဓာတ်ပုံ မူပိုင် မိုးမေတ္တာနာရေးကူညီမှု အသင်း ( ပြည်)
Image caption ပစ်ပြီးထွက်ပြေးသွားတဲ့ ဆိုင်ကယ်စီးလာသူ ၂ဦး ကို လိုက်လံဖမ်းဆီးနေဆဲ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့ ပန်းတောင်းမြို့နယ်က ပြည် - ကံမ လမ်းမပေါ်က ကံမလမ်းခွဲအနီး မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးငယ် ၂ ဦးအနက် တစ်ဦးမှာ မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဆိုင်ကယ် ဘက်ကနေ ရုတ်တရက်ပစ်ခတ်ခဲ့တဲ့အတွက် သွေးထွက်လွန်ဒဏ်ရာရပြီး ပြည်ဆေးရုံမှာ ကုသနေရတယ်လို့ အဆိုပါ အမျိုးသမီးငယ်ကိုဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တဲ့ မိုးမေတ္တာ အသင်းက ကိုအာကာမြတ်ကိုက ဘီဘီစီကိုပြောပါတယ်။

'' အမျိုးသမီး ၂ယောက်ဆိုပေမယ့် ထိတာတော့ တစ်ယောက်ထဲပဲ။ ရုတ်တရက် တဘက်ကနေ ဆိုင်ကယ်စီး လာတဲ့သူက သူတို့အပြောတော့ လေသေနတ်လို့ယူဆရတဲ့အရာနဲ့လှမ်းပစ်လိုက်တာလို့ပြောတယ်။ ညာဘက် ရင်အုံမှာ လက်သန်းလောက်ရှိတဲ့ အပေါက် ၂ပေါက်ဖြစ်သွားတာ။ ဒဏ်ရာလည်းတော်တော်နက်တယ် ။ အသားစ လည်းဖွာထွက်နေတာ။ သွေးကတော့တော်တော်များတယ်။ ဟိုရောက်တော့ သွေးထွက်လွန်လို့ မျက်ဖြူတစ်ချက်တစ်ချက်လန်တာတော့ရှိတယ်။'' အခင်းဖြစ်နေရာမှာ တွေ့ရှိခဲ့စဉ်ကအခြေအနေကို ကိုအာကာ မြတ်ကိုက ပြန်လည်ပြောပြပါတယ်။

အသက် ၂၀ ကျော် ဝန်းကျင်ရှိတဲ့အမျိုးသမီးငယ် ၂ဦးဟာ ပြည်ဘက်ကို ပြန်လာနေစဉ် မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ ဒဏ်ရာရပြီး ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပေမယ့် သတင်းရရှိချိန်က နေ့လယ် ၁၂နာရီခွဲ ဝန်းကျင် မှသာ သတင်းရခဲ့တဲ့အတွက် အခုလို သွေးထွက်လွန်တဲ့အခြေအနေဖြစ်ခဲ့ရတာလို့လည်း သိရပါတယ်။

'' ပစ်တဲ့သူတွေကတော့ ကံမဘက်ကို ဆိုင်ကယ်နဲ့မောင်းပြေးသွားတယ်လို့ပဲသိရတယ်။ ဆိုတော့ ပစ်တဲ့သူကို တော့ မမိလိုက်ဘူးပေါ့။ ဘယ်လိုဖြစ်တယ်ဆိုတာလည်း သူတို့ကိုမေးလို့ကို မရဘူး။ ငိုပဲငိုနေကြတာ။'' လို့လည်း ကိုအာကာမြတ်ကိုက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပန်းတောင်း မြို့နယ် ရဲစခန်းကို ဘီဘီစီကဆက်သွယ်မေးမြန်းရာမှာ ပစ်ပြေးသွားတဲ့ သူ ၂ ဦးကိုဖမ်းမိရေးအတွက် သက်ဆိုင်ရာနယ်ထိန်းနဲ့ တာဝန်ကျ အရာရှိ တွေ လိုက်လံစုံစမ်းနေတယ်လို့သိရပြီး ပစ်ခတ်သွားတဲ့လက်နက်ကိုတော့ သေချာအတည်မပြုနိုင်သေးဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ