မြန်မာ့စီးပွားရေးတိုးတက်မှု နှေးကွေးလာနေလို့ ကမ္ဘာ့ဘဏ် ပြော

ရင်းနှီးမြှပ်နှံသူတွေ ယုံကြည်လာဖို့ ရခိုင် အရေး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့လည်းလိုနေလို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လင်ဂိုးစလ်တိန်း ဆို ဓာတ်ပုံ မူပိုင် World Bank Myanmar
Image caption ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်လာဖို့ ရခိုင် အရေး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့လည်းလိုနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လင်ဂိုးစလ်တိန်း ဆို

၂၀၁၈/၂၀၁၉ ခုနှစ် အတွက် မြန်မာ့ စီးပွားရေး တိုးတက်မှုနှုန်းက ၆.၂ % လို့ ခန့်မှန်းပြီး ဒါဟာ ၂၀၁၇/၂၀၁၈ က တိုးတက်မှုနှုန်း ၆.၈ % ထက် စာရင် နှေးကွေးလာတယ် လို့ ဒီဇင်ဘာလ ၁၃ ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါဟာ အခြား ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ ခိုင်မာတဲ့ တိုးတက်မှုနှုန်းလို့ ၂၀၁၈ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။

ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍ အသီးသီးမှာ တိုးတက်မှု နှေးကွေးနေပေမယ့် စိုက်ပျိုးရေး ထုတ်လုပ်မှု ကဏ္ဍ တည်ငြိမ်နေတာနဲ့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းအပါအဝင် ဝန်ဆောင်မှု ကဏ္ဍမှာ တိုးတက်မှုက အားကောင်းနေတဲ့ အတွက် ဒါက နိုင်ငံ့ စီးပွားရေးကို ခုသာ ခံသာ ရှိနေနိုင်တယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ဝယ်ယူသုံးစွဲနိုင်မှု အား လျော့ကျသွားတာ၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ နှေးကွေးလာတာ၊ လောင်စာဆီဈေးနှုန်း မြင့်လာလို့ ကုန်ထုတ်လုပ်မှု စရိတ် ကြီးမြင့်လာတာနဲ့ ကျပ်ငွေ တန်ဖိုး ကျဆင်းလာတာတွေက စက်မှုကဏ္ဍ တိုးတက်မှုနှုန်းကို ကျဆင်းစေခဲ့ပြီး ၂၀၁၇/၂၀၁၈ ခုနှစ်က ၉.၄ % ရှိခဲ့ရာက ၂၀၁၈/၁၉ မှာ ၈.၂ နှုန်းအထိ လျော့ကျနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

လက်ရှိ ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း မိုဘိုင်း အင်တာနက် ဆက်သွယ်ရေး ကဏ္ဍက လျင်လျင်မြန်မြန်နဲ့ တိုးတက်နေပေမယ့် ခရီးသွားလုပ်ငန်းနဲ့ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွေမှာတော့ နှေးကွေးနေတယ်လို့ ဆိုပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းက ဆက်တိုက် မြင့်မားလာပြီး မြန်မာ ကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းဟာ ၆ လ အတွင်း မှာ ၁၈ % အထိ ကျဆင်းလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြည်တွင်းနဲ့ ပြည်ပမှာ ဖြစ်ပေါ်နေတဲ့ မရေရာမှုတွေက မြန်မာ့ စီးပွားရေး အပေါ် သိသိသာသာ ဖိစီးစေတယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေက ပြည်ပ ရင်းနှီးမြှပ်နှံသူတွေ အပေါ် ရိုက်ခတ်ခဲ့သလို ခရီးသွားလုပ်ငန်းမှာလည်း ကျဆင်းခဲ့ရတယ်လို့ အဲဒီ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် အားစိုက် ဆောင်ရွက်ဖို့ လိုပြီး ရခိုင် ပဋိပက္ခမှာလည်း လူမှု အသိုင်းအဝန်း အတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖို့ လိုအပ်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘာဒီးယားနဲ့ လာအို နိုင်ငံများ ဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လင်ဂိုးစလ်တိန်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ထောက်ပြသွားခဲ့ပါတယ်။

ဒီလို အခြေအနေမျိုး ဖန်တီးနိုင်မှသာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိကာ ကာလလတ် အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူထု အများ ကို အကျိုး သက်ရောက်စေမယ့် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်နိုင်မယ်လို့ သူက ဆိုပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းကို မှီခိုလို့ မရဘဲ ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ လုပ်သာ ကိုင်သာ ရှိနိုင်တဲ့ အနေအထားကိုလည်း မြှင့်တင်ပေးဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ သုံးသပ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေနဲ့ စီးပွားရေး တိုးတက်မှုနှုန်းက ၇ % အပေါ်လောက်မှာ ရှိသင့်တယ်လို့ သူက ဆိုပါတယ်။

အစိုးရကိုယ်တိုင်ကလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး တိုးတက်နှုန်း တန့်နေတာကို အသိအမှတ်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အသစ် တစ်ခုကို သိပ်မကြာခင်ကပဲ ဖွဲ့စည်းခဲ့ပါတယ်။ အခုလို အခြေအနေမှာ အစိုးရ အနေနဲ့ လက်တွေ့ကျပြီးတော့ ထိထိရောက်ရောက်နဲ့ ရလဒ်ထွက်နိုင်တဲ့ အလုပ်တွေ လုပ်ဖို့ လိုတယ်လို့ ဦးရဲမင်းအောင်က ထောက်ပြပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် အားကောင်းလာရင် မြန်မာနိုင်ငံရဲ့ ကာလလတ် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်မှာ ပိုမို ကောင်းမွန်လာနိုင်ပြီး ၂၀၂၀/၂၀၂၁ ခုနှစ်မှာဆိုရင် ၆.၆ % ရာခိုင်နှုန်း ရှိနိုင်မယ်လို့ ကမ္ဘာ့ဘဏ်ကတော့ ခန့်မှန်းပါတယ်။

ဒါပေမယ့် ကမ္ဘာ့စီးပွားရေးနဲ့ ကုန်သွယ်ရေး အရှိန် နှေးကွေးနေတာနဲ့ ရခိုင် မြောက်ပိုင်း ပြဿနာကို ကိုင်တွယ် ဖြေရှင်းမှု အခြေအနေနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံအပေါ် ဥရောပနိုင်ငံတွေက ကုန်သွယ်ရေး ကင်းလွတ်ခွင့် ပြန်လည် ကန့်သတ်လာနိုင်မှုက အဓိက စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

လက်ရှိ အခြေအနေကို ကျော်လွှားနိုင်ဖို့ အခွန်အခတွေကို စနစ်တကျ တိုးမြှင့် ကောက်ခံပြီး ထိထိရောက်ရောက်နဲ့ ပြန်လည် အသုံးချကာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အရည်အသွေး မြှင့်တင်ဖို့ ကမ္ဘာ့ဘဏ်က အကြံပြုပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံပြီး လူသား အရင်းအမြစ်ကို ပြုစုပျိုးထောင် ပေးနိုင်ရင် လက်ရှိ ကုန်ထုတ် စွမ်းအားထက် နှစ်ဆ မြင့်တက်လာနိုင်တဲ့ အလားအလာ ရှိတယ်လို့ ကမ္ဘာဘဏ်ရဲ့ အစီရင်ခံစာက အကြံပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ