မြန်မာ အကောင့်တု အကောင့်ပုန်းတွေ ရာချီပြီး ဖေ့စ်ဘုတ် ထပ်မံဖျက်သိမ်း

Image caption အယောင်ဆောင် ဖေ့စ်ဘုတ်အကောင့်တွေ စာမျက်နှာတွေဟာ တပ်နဲ့ ဆက်စပ်နေတယ်လို့ဆို

မြန်မာနိုင်ငံထဲက အင်အားကြီးမားတဲ့ တပ်မတော်နဲ့ လျှို့ဝှက် အဆက်အစပ် ရှိနေတဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွေ၊ အကောင့်တွေ ရာနဲ့ချီပြီး ဖယ်ရှားခဲ့တယ်လို့ ဖေ့စ့်ဘုတ် ကုမ္ပဏီက ကြေညာပါတယ်။

မြန်မာအစိုးရစစ်တပ်နဲ့ကြား ဆက်နွယ်မှု ရှိကြောင်း ဖုံးကွယ်ထားတဲ့ စာမျက်နှာတွေ၊ အကောင့်တွေ လို့ဆိုရာမှာ လွတ်လပ်တဲ့ သတင်းဌာနမျိုးတွေ ဖြစ်သယောင်၊ ဖြေဖျော်ရေးနဲ့ အလှအပ ဆိုင်ရာတွေ အပါအဝင် လိုက်ဖ်စတိုင်လို့ ခေါ်တဲ့ လူမှုဘဝဟန်ပန်တွေ အကြောင်း ရေးသားတဲ့ စာမျက်နှာတွေ ယောင်ယောင် ဟန်ဆောင်ထားတဲ့ အရာမျိုးတွေ ဖြစ်တယ်လို့ ဖေ့စ်ဘုတ်က ပြောပါတယ်။

ဖေ့စ်ဘုတ် တာဝန်ရှိသူတွေဘက်က ဖျက်ပစ်၊ ဖယ်ရှားပစ်ခဲ့တဲ့ အရာအများစုဟာ အဲဒီလို ဟန်ဆောင်ထားတဲ့ အရာတွေ ဖြစ်ပြီး ဒီတစ်ကြိမ်မှာဆိုရင် အကောင့်ပေါင်း ၁၃၅ ခု၊ စာမျက်နှာ ပေါင်း ၄၂၅ ခုနဲ့ အုပ်စုပေါင်း ၁၇ ခု ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓာတ်ပုံတွေ အဓိက တင်တဲ့ အင်စတာဂရမ် ကွန်ရက်ပေါ်ကနေလည်း အကောင့် ၁၅ ခုကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

Image caption ရိုဟင်ဂျာ မုန်းတီးရေးနဲ့ သတင်းမှားတွေကို ဖေ့စ်ဘုတ်ပေါ် ဖြန့်ချီ

ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းတွေ၊ အမုန်းစကားတွေ ဖေ့စ်ဘုတ်ပေါ် ဖြန့်နေတဲ့ ပြဿနာကို ဖေ့စ်ဘုတ်ကုမ္ပဏီ အနေနဲ့ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်တာမျိုး မရှိဘူးဆိုတဲ့ ပြစ်တင် ဝေဖန်သံတွေ တိုးမြင့်နေချိန်မှာ ဖေ့စ်ဘုတ်ဘက်က အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ အဓိက ဖြန့်ဝေတဲ့ နေရာဟာ ဖေ့စ်ဘုတ်ပေါ်မှာပဲ ဆိုပြီး ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ပြစ်တင် ထောက်ပြ နေခဲ့ကြပါတယ်။

ဖေ့စ်ဘုတ်ဘက်ကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် စစ်တပ်နဲ့ ဆက်စပ်နေသူတွေ၊ တခါ အစွန်းရောက် အမျိုးသားရေး လှုံ့ဆော် နေသူတွေနဲ့ ဆက်စပ်နေတာတွေ ဆိုပြီး အကောင့်တွေ ပိတ်ပစ်တာမျိုး ၊ သံသယဖြစ်ဖွယ် အရာတွေကို ဖယ်ရှားပစ်တာမျိုးတွေ လုပ်ဆောင် လာခဲ့တာမှာ ဒီတခေါက်နဲ့ပါ ဆိုရင် အခုနှစ်ထဲ ၃ ကြိမ် ရှိပြီ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အကောင့် ဒါမှမဟုတ် စာမျက်နှာဟာ ဘာကို ကိုယ်စားပြုတယ်၊ ဘယ်လို လုပ်ငန်းမျိုး လုပ်ကိုင်တယ် ဆိုတာမျိုးကို အစစ်အမှန် မဖော်ပြဘဲ လိမ်လည် လှည့်ဖျားထားတဲ့ အရာတွေကို ဆက်လက် ဖော်ထုတ်ပြီး ဖယ်ရှားသွားဦးမယ်လို့လည်း ဖေ့စ်ဘုတ်က ပြောပါတယ်။

Image caption ဗိုလ်ချူပ်မှူးကြီး နာမည်နဲ့ အကောင့်လည်း အပိတ်ခံခဲ့ရ

ကိုယ် ဘယ်သူဘယ်ဝါ ဘယ်လို အဖွဲ့မျိုးဖြစ်တယ်၊ ဘယ်လို အလုပ်မျိုး လုပ်ကိုင်တယ် ဆိုတဲ့ အချက်အလက် အစစ်အမှန်တွေကို ဖုန်းကွယ်ထားတာမျိုးဟာ ဖေ့စ်ဘုတ်က ချမှတ်ထားတဲ့ စည်းကမ်း မူဝါဒနဲ့ ဆန့်ကျင်ပြီး အဲဒီလို မူမမှန်တဲ့ အပြုအမူတွေကို လက်သင့်ခံမှာ မဟုတ်ဘူးလို့ ဖေ့စ်ဘုတ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူတဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာနဲ့ တိုင်းရင်းသား ဘာသာစကားတွေ နားလည်တတ်ကျွမ်းတဲ့ ဝန်ထမ်း အယောက် ၁ဝဝ ကို ဖေ့စ်ဘုတ်မှာ အလုပ်ခန့်ပြီး စောင့်ကြည့် ဖယ်ရှားတာတွေ ပြုလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နည်းပညာ သက်သက်သုံးပြီး စိစစ် အရေးယူတာမျိုးထက် ပိုပြီး ထိရောက် စေဖို့ အတွက် အခုလို မြန်မာပြည်ရဲ့ အခြေအနေ နောက်ခံအကြောင်း သိရှိပြီး ဘာသာစကား နားလည် တတ်ကျွမ်းတဲ့ လူသား စစ်ဆေးသူတွေကိုပါ ခန့်အပ်ဖို့ လိုအပ်လာစေတာ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ သုံးစွဲပုံ အပေါ် စောင့်ကြည့် သုတေသနလုပ်နေတဲ့ ကိုမြတ်သူက ဘီဘီစီကို ပြောပါတယ်။

ဖေ့စ်ဘုတ်ရဲ့ လက်ရှိ ဆောင်ရွက်မှုတွေဟာ အမုန်းစကား၊ သတင်းတုတွေ ထွက်ပေါ်မှုတွေအပေါ် ဟန့်တားတဲ့ လုပ်ဆောင်ချက် ဖြစ်ပေမယ့် လှုံ့ဆော်တာတွေလုပ်သူတွေရဲ့ လျှို့ဝှက် အကောင့်တွေ၊ အဖွဲ့တွေ ဖေ့စ်ဘုတ်ပေါ် ရှိနေဆဲပဲလို့ သုတေသီ နောက်တဦးဖြစ်တဲ့ ကိုမိုးထက်နေက ဆိုပါတယ်။

Image caption မြန်မာလို တတ်သူတွေ ရာနဲ့ချီ အလုပ်ခန့်ပြီး ဖေ့စ်ဘုတ်ဘက်က စောင့်ကြည့်

ဖေ့စ်ဘုတ်ဟာ မြန်မာတွေ အသုံးပြုမှု အများဆုံး လူမှုကွန်ရက် အင်တာနက် စာမျက်နှာ ဖြစ်ပြီး ပြည်တွင်းမှာ အသုံးပြုသူ ၁၈ သန်း နီးပါးရှိနေပါတယ်။

ဖေ့စ်ဘုတ်ရဲ့ တာဝန်ပေး ခိုင်းစေမှု အရ လွတ်လပ်တဲ့ စုံစမ်းလေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့တာမှာ ပြီးခဲ့တဲ့လက ထွက်လာတဲ့ အစီရင်ခံစာအရ သတင်းမှားတွေ၊ အမုန်းစကားတွေ ဖြန့်ဝေမှုတွေကို ကိုင်တွယ်ရေး မှာ အဓိက တာဝန်ရှိတာ သက်ဆိုင်ရာ အစိုးရ ဖြစ်ပြီး အဲဒီလို လှုံ့ဆော်မှုတွေကို လူမှုကွန်ရက်ပေါ် ရောက်မလာရေး၊ ဖယ်ချ ရှင်းလင်းရေးမှာ ဖေ့စ်ဘုတ်ဘက်ကလည်း ပိုပြီး တာဝန်ယူ လုပ်ဆောင်သင့် တယ်လို့ ဆိုထားပါတယ်။

ဒီလို လူမှုကွန်ရက်ကို တလွဲ အသုံးချပြီး သတင်းမှား ဖြန့်တာ၊ လူတွေကြား လှုံ့ဆော်တာမျိုးတွေဟာ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲ ကာလကျရင် ပိုပြီး ပြင်းထန် လာနိုင်တယ်လို့လည်း သတိပေး ထားပါတယ်။

မြန်မာနိုင်ငံမှာ စမတ်ဖုန်း အသုံးပြုနိုင်မှု မြင့်လာတဲ့ အခု နှစ်ပိုင်းတွေ အတွင်းမှာပဲ လက်ကိုင် ဖုန်းတွေက တဆင့် အင်တာနက် အွန်လိုင်း သုံးတာ၊ အထူးသဖြင့် ဖေ့စ်ဘုတ် သုံးတာဟာ တရှိန်ထိုး တိုးမြင့်လာပါတယ်။