နက္ခတ် ဗေဒင် အချိန်အတိုင်း ကလေးမွေးသင့်သလား

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မိဘတိုင်းက သားသမီးတွေကို အကောင်းဆုံးတွေသာ ဖြစ်စေချင်

နက္ခတ်ဗေဒင်အရ တွက်ထားတဲ့ အကောင်းဆုံး အချိန်ရဲ့ ၁၀ မိနစ် အတွင်း မွေးမယ်ဆိုရင် ကလေးရဲ့ ဇာတာက အကောင်းဆုံး ဖြစ်မယ်၊ ဒါပေမယ့် အဲဒီ ၁၀ မိနစ်အတွင်း မမွေးရင်တော့ ချမ်းသာမယ်လို့ တွက်ထားတဲ့ ကလေးက ဆင်းရဲသွားနိုင်တယ်လို့ နက္ခတ်ဗေဒ ပညာရှင် တစ်ယောက်ဖြစ်တဲ့ ဦးဇေယျာကိုက ပြောပါတယ်။

တွက်ချက် ပေးထားတဲ့ အချိန်အတိုင်း မမွေးရင် ရာထူးရာခံ ကြီးမားပြီး ခေါင်းဆောင်နေရာ ရောက်နိုင်တဲ့ ကလေးကလည်း သာမာန်ပဲ ဖြစ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗိုက်ခွဲ မွေးကြတဲ့ မိခင်လောင်း တချို့ဟာ အရင်တုန်းက နေ့ကောင်းရက်သာ လောက်သာ ရွေးပြီး မွေးကြပေမယ့် အခုတော့ နက္ခတ္တဗေဒအရ ကံဇာတာ အကောင်းဆုံး အချိန် အတိအကျကို တွက်ချက်ပြီး မွေးဖွား လာတာမျိုးတွေ ပိုတွေ့လာရပါတယ်။

၂၀၁၀ ခုနှစ် နောက်ပိုင်းလောက်မှာ ဇာတာခွင်ကို အချိန်နာရီအတိအကျ တွက်ချက် မွေးဖွား လာတာတွေ များလာတယ်လို့ ၂၀၀၆ ခုနှစ်က စတင်ပြီး နက္ခတ်ပညာရှင် တစ်ယောက် ဖြစ်လာခဲ့တဲ့ ဦးဇေယျာကိုက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် U Zayar Ko Facebook
Image caption နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကို

ဘာတွေ တွက်ချက်ပေးရလဲ

ကလေးရဲ့ ဇာတာကို တွက်တဲ့ နေရာမှာ မိဘ နှစ်ပါးရဲ့ ဇာတာကို အရင်ကြည့်ပြီး တွက်ချက်ရတာ ဖြစ်တယ်၊ မွေးလာမယ့် ကလေးရဲ့ အသက်ရှည်မှု၊ ပညာတတ်မှု၊ ချမ်းသာကြီးပွားမှု စတာတွေကို တွက်ပေးရတာ ဖြစ်တယ်လို့ လို့ ဦးဇေယျာကိုက ပြောပါတယ်။

တွက်ချက်မှုတွေ အရ တချို့ အချိန်တွေမှာ ဗေဒင်အရ အကောင်းဆုံးနေ့ရက်က သားဖွားမီးယပ် ဆရာဝန်တွေ ခန့်မှန်း တွက်ချက်တဲ့ မွေးရက်ထက် စောနေတတ်တယ်လို့ သူက ပြောပါတယ်။

သူ့အတွေ့ အကြုံအရ ကိုယ်ဝန်ဆောင် မိခင် ၁၀ ယောက်မှာ ၆ ယောက်က မွေးဖွားမယ်လို့ မှန်းတဲ့ ရက်ထက် စောမွေးတာ တွေ့ရတယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။

ကလေးရဲ့ အနာဂတ်ရေးကို တွက်ချက် ပေးရတဲ့အတွက် သူတို့လို နက္ခတ္တဗေဒပညာရှင် တွေမှာ တာဝန်ကြီးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကလေး တစ်ယောက်ဟာ စောမွေးလိုက်လို့ အသက်မရှင်ဘူး ဆိုရင် မိဘတွေက နက္ခတ် ပညာရှင်တွေကို တရား စွဲနိုင်တဲ့အတွက် ဒါကို လည်း အလေးထား စဉ်းစားရကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် ကလေးတစ်ယောက်ဟာ အဲဒီရက်မှာ မွေးရမယ်လို့ ကံဇာတာမှာ ပါပြီးသား ဖြစ်ရင် အဲဒီရက်မှာ မွေးလာရမှာပဲလို့ ဦးဇေယျာကိုက ဆိုပါတယ်။

သူ့ရဲ့ ရင်သွေး ကိုယ်တိုင် ကိုလည်း အကောင်းဆုံး နေ့ရက် အချိန်ကာလ တွက်ချက်ပြီး ၃၆ ပတ်မှာ ခွဲစိတ် မွေးဖွားခဲ့တယ်၊ နာမည်ကျော် သားဖွားမီးယပ် ဆရာဝန်မကြီး ကိုယ်တိုင်က ခွဲစိတ်မွေးဖွား ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

နက္ခတ် ပညာရှင် တစ်ယောက်အနေနဲ့ ချမ်းသာဖို့ မလွယ်ပေမဲ့ အဲဒီလို ဗေဒင်ပညာနဲ့ တွက်ချက်ခဲ့တဲ့ အတိုင်း သူ့ကလေးမွေးဖွားပြီးနောက်မှာ ချမ်းသာဖို့ အခွင့်အလမ်းတွေ ဖြစ်လာတဲ့ အပြင် သူ့ရဲ့ လုပ်ငန်းတွေလည်း အောင်မြင် လာတယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။

သူ့ ကလေးကလည်း အခု ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆိုပါတယ်။

Image caption တချို့ကတော့ သားသမီးကို ဗေဒင်အရ တွက်ချက်ပြီး မွေးတာကို အားမပေးလိုပါဘူး

ဆေးပညာဘက်က အမြင်

ကိုယ့်သားသမီးကို ကောင်းမွန်စေချင်လို့၊ ကြီးပွား တိုးတက်စေချင်လို့ ဆိုပြီး နက္ခတ်ဗေဒင် ကိန်းခန်းအရ တွက်ချက် မွေးဖို့ ကြိုးစားရာမှာ တစ်ဘက်မှာလည်း ဆေးပညာ ရှုထောင့်ကကြည့်ရင် အသက် အန္တရာယ်ထိ ထိခိုက်နိုင်တဲ့ အနေ အထားမျိုး ဖြစ်သွားတတ်တယ်လို့ ဆေးပညာရှင်တွေက ထောက်ပြကြ ပါတယ်။

ဆေးပညာအရ ကိုယ်ရော စိတ်ပါ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ် အဖြစ် မွေးဖွားလာဖို့ အသင့်တော်ဆုံး ကာလကို ဆေးပညာအရ သီတင်းပတ် ၃၈ ပတ်ကျော်မှ ဖြစ်သင့်တယ်လို့ သတ်မှတ်ထားပါတယ်။

ကိုယ်ဝန် ရင့်တဲ့ အချိန်အထိ မစောင့်ဘဲ မွေးမယ် ဆိုရင် မိခင်အတွက်ရော ကလေးအတွက်ပါ အန္တရာယ် ရှိနိုင်ပြီး အထူးသဖြင့် ကလေးအတွက် ဖြစ်နိုင်တဲ့ အန္တရာယ်က ပိုကြီးမားတယ်လို့ သားဖွားနဲ့ မီးယပ်ပညာဆိုင်ရာ ဆရာဝန်ကြီး တွေက ပြောပါတယ်။

ရန်ကုန် ဆေးတက္ကသိုလ် ၁ က သားဖွားနဲ့ မီးယပ် ပညာ ဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာ မြသီတာ ကတော့ ကလေးမီးဖွားတဲ့နေရာမှာ သဘာဝ အတိုင်း မွေးတာက အကောင်းဆုံး ဖြစ်ပြီး ဗိုက်ခွဲမွေးဖို့ လိုတယ် ဆိုရင်တောင် ကိုယ်ဝန် ဆောင်တဲ့ အချိန်ကာလ ၃၉ ပတ် ဝန်းကျင် ကျမှသာ ခွဲသင့်တယ်လို့ ပြောပါတယ်။

မွေးသင့်တဲ့ အချိန်ထက် သီတင်းပတ် အတော်ကြာ စောမွေးမယ် ဆိုရင် မိခင်ရဲ့ သားအိမ် အောက်ပိုင်းက မွေးဖွားဖို့ အဆင်သင့် အဖြစ်သေးတဲ့ အတွက် ခွဲစိတ် မွေးဖွားတဲ့ အခါမှာ အသက် အန္တရာယ် ကျနိုင်တဲ့ အထိ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ သူက သတိပေးပါတယ်။

သားအိမ် အောက်ပိုင်းက မွေးခါနီးအချိန်ရောက်မှ ပါးလာပြီး ကျယ်လာတဲ့ အတွက် အလွယ်တကူ ကလေးကို မွေးပေးနိုင်တယ်၊ အဆင်သင့် မဖြစ်သေးချိန်မှာ ခွဲမွေးရင် ခွဲကြောင်းက သားအိမ် နံရံ ကြွက်သား ထူနေတဲ့ နေရာမှာ ခွဲရလို့ သွေးထွက်များတာ၊ ကလေးကို ထုတ်ယူရခက်တာတွေ ဖြစ်နိုင်တယ်လို့ ပါမောက္ခ ဒေါက်တာ မြသီတာက ပြောပါတယ်။

မွေးကင်းစ ကလေးငယ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ နန့်စမ်းစမ်းအေးကလည်း ခွဲမွေးမယ့်သူတွေအတွက် ဂရုစိုက်သင့်တဲ့ အချက်တချို့ကို အခုလို အကြုံပြုထားပါတယ်။

ဓာတ်ပုံ မူပိုင် EyreWire
Image caption ခွဲမွေးရင် သတိထားရမယ့် အချက်တွေကို ဆရာဝန်ကြီးတွေက ပြောပြကြပါတယ်

စောပြီး ခွဲမွေးရင် သတိထားသင့်တဲ့ အဓိက အချက်များ

- မိခင်က ကျန်းမာရေး မကောင်းရင် အချိန်သိပ်စောပြီး ကြိုတင် ခွဲမွေးတဲ့အခါ ကလေးကို ထိခိုက်နိုင်တယ်။ ဥပမာ မိခင်မှာ ကိုယ်ဝန်ဆိပ်တက်တဲ့ရောဂါ၊ ဆီးချို ရောဂါတွေ ရှိနေရင် ကလေးကျန်းမာရေးကို ထိခိုက်နိုင် ပါတယ်။

- မွေးသင့်တဲ့ ရက်ထက် သိပ်စောလွန်းပြီး ခွဲမွေးရင် ကလေးတွေမှာ အဆုတ် အားနည်းတာ ဖြစ်တတ်ပါတယ်။ အဲဒီအခါ Ventilator အသက်ရှူစက်ပေါ်တင်ပြီး စောင့်ရှောက်မှု ပေးရတဲ့အတွက် အဲဒီလို စက်မျိုးနဲ့ ကျွမ်းကျင် ဆရာဝန်တွေ ရှိနေဖို့ လိုပါတယ်။

-လမစေ့ဘဲ အချိန်စောလွန်းပြီး ၃၄ ပတ် မတိုင်ခင်လောက်မှာ မွေးခဲ့ရင် ဦးနှောက် သွေးယိုတဲ့ ပြဿနာ ဖြစ်တတ်ပြီး အသက် အန္တရာယ် အထိ စိုးရိမ်ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကမ္ဘာတစ်၀န်း မွေးကင်းစ ကလေး သေဆုံးမှု တစ်နှစ်ကို ၂ သန်းခွဲရှိ

ဒါဆိုရင် တချို့ ဆရာဝန်တွေ ဘာကြောင့် စောပြီး ခွဲမွေးပေးသလဲ

တစ်ခါတလေမှာ လူနာတွေ ဘက်က ပုံမှန်ထက် စောပြီး ခွဲမွေးပေးဖို့ ဆရာဝန်တွေကို တောင်းဆိုလာတဲ့ အခါမျိုး ရှိတတ်တယ်လို့ ဒေါက်တာ မြသီတာက ပြောပါတယ်။

တချို့ဆရာဝန်တွေ ကလည်း အသက်အန္တရာယ် မရှိနိုင်ဘူးဆိုပြီး လူနာတွေ တောင်းဆိုတဲ့ အတိုင်း လိုက်လျောပြီး မွေးပေးကြတာမျိုးတွေ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဒေါက်တာမြသီတာက ဒီလို စွန့်စားပြီး ခွဲပေးတာမျိုး မလုပ်သင့်ကြောင်း အကြံပြု ပါတယ်။

ဦးဇေယျာကို ကတော့ အခုလို တိုးတက်လာတဲ့ ခေတ်ကြီးမှာ ခွဲစိတ် မွေးဖွားမှု နည်းပညာနဲ့ နက္ခတ်ပညာတို့ ပူးပေါင်းပြီး ကမ္ဘာကြီးကို အကောင်းဆုံး အလုပ်အကျွေးပြုနိုင်မယ့် လူတော် လူကောင်းလေးတွေ မွေးထုတ် ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။