ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအကြား ဘာလို့တိုက်ပွဲတွေ ပြင်းထန်နေလဲ

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption AA ရက္ခိုင့်တပ်မတော် လက်နက်ကိုင်အဖွဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် ရခိုင်နဲ့ ချင်းပြည်နယ်ထိစပ်တဲ့နေရာတွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲအရှိန်မြင့်တက်လာနေပြီး ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အရင်က တပ်အင်အား အနည်းငယ်ပဲရှိခဲ့တဲ့ အေအေဟာ အခုဆိုရင် တပ်အင်အားထောင်နဲ့ချီ ဖြစ်လာပြီလို့ တိုင်းရင်းသားလက်နက်ကိုင်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

အေအေပြောခွင့်ရသူ ခိုင်သုကတော့ ' တပ်မတော်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာ' လို့ ပြောပါတယ်။

လေ့လာသုံးသပ်သူတချို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အေအေက အခြေကုပ်တပ်စခန်းတွေ တိုးချဲ့ရယူဖို့ ကြိုးစားလာနေတယ်လို့ သုံးသပ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် အေအိုင်အေ ကူညီထောက်ပံ့ခဲ့တဲ့ အေအေအဖွဲ့ဟာ အရင်က ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်မှာ အဓိကအခြေပြုပြီး လှုပ်ရှားခဲ့တာပါ။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အထိ လူအင်အား၊ လက်နက်အင်အားကို အသုံးပြုပြီး လှုပ်ရှားမှု အရှိန်မြှင့်လာနေပါတယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption AA ရက္ခိုင့်တပ်မတော် လက်နက်ကိုင်အဖွဲ့

အေအေ တိုးချဲ့လှုပ်ရှားလာတဲ့ အနေအထားနဲ့ ပတ်တတ်လို့ ကို တိုင်းရင်းသားလက်နက်ကိုင်အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက 'အေအေက ကြီးထွားလာတယ်လို့ ပြောလို့ရတယ်၊ အေအေက ၂၀၁၅ ခုနှစ်ကတည်းက တရုတ်နယ်စပ်မှာ အခြေပြုပြီးတော့ အင်အားတည်ဆောက်တယ်၊ သူ့တပ်ဖွ့ဲဝင်တွေက ရခိုင်မြောက်ပိုင်းမှာ စိမ့်ဝင်လာတယ်၊ အစောပိုင်း စိမ့်ဝင်တာက ချင်းပြည်နယ် အဲ့ဒီကမှ ကျောက်တော်အထက် ဒေသတွေ ဒီနှစ်ထဲမှာတော့ ချင်းပြည်နယ်၊ ပလက်ဝဘက် အခြမ်းမှာ တိုက်ပွဲတွေဖြစ်တယ်။ အိန္ဒိယနယ်စပ်မှာ ဖြစ်တယ်၊ အဲ့ဒီကနေ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်၊ ကျောက်တော် ဒေသနားတွေအထိ ရောက်လာလို့ သူလည်းတဖြည်းဖြည်းထိုးဖောက်လာတဲ့ သဘောမျိုးလို့ ပြောလို့ရတယ်' လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ရခိုင်ပြည်သူတွေ အထူးသဖြင့် ရခိုင်လူငယ်တွေက အေအေကို ပိုပြီးလက်ခံလာကြတယ်လို့ ဆိုပါတယ်။

အေအေပြောခွင့်ရသူ ခိုင်သုခကတော့ ရက္ခိုင့်တပ်မတော်ဟာ ရခိုင်ပြည်သူတွေက ပေါက်ဖွားလာလို့ ရခိုင်လူထုတွေရဲ့ ထောက်ခံမှု ရာနှုန်းပြည့်ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အထူးစီးပွားရေးစီမံကိန်းတွေ လုပ်ဆောင်နေပေမယ့် ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့်မရှိဘဲ ရခိုင်လူမျိုးတွေ ဆယ်စုနှစ်နဲ့ချီပြီး ဆင်းရဲမှုကနေ မလွတ်မြောက်တာကလည်း အစိုးရရဲ့ လစ်လျှူရှုမှုလို့ ထင်မြင်ပြီး အေအေကို အားကိုးစရာလို့ မြင်လာကြတယ်လို့ သုံးသပ်သူတွေက ပြောကြပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အစိုးရစစ်တပ်နဲ့ အေအေကြားတိုက်ပွဲတွေ ဒုက္ခရောက်ရတဲ့ ရခိုင်ပြည်သူတွေ

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ 'လောလောဆယ် မြို့ပေါ်ဥပဒေနဲ့မှ မရရင် လက်နက်ကိုင်တိုက်မှ ရမယ်ဆိုတဲ့ဟာကတော့ လူတွေရဲ့ မျှော်လင့်ချက် ဖြစ်သွားတာပေါ့၊ ရွေးကောက်ပွဲကလည်း ၂၀၁၀ နဲ့ ၂၀၁၅မှာ ၂ ကြိမ်လုပ်တယ်၊ သူတို့အတွက် သိပ်မထူးဘူးထင်လာတဲ့အခါ အေအေကို ပုံအောပြီး အားကိုးလာတာဖြစ်နိုင်တယ်' လို့ သုံးသပ်ပါတယ်။

လေ့လာသုံးသပ်သူတွေကလည်း 'တပ်မတော်ရဲ့ဖိနှိပ်မှု အပါအဝင် အကြမ်းဖက်သမားရဲ့ခြိမ်းခြောက်မှုတွေဟာ အေအေလို လက်နက်ကိုင်တဲ့အဖွဲ့မျိုးရှိမှ ရခိုင်ပြည်သူကို ကာကွယ်နိုင်မယ် လို့ ယုံကြည်မှုကလည်း ရခိုင်လူထုတွေထဲမှာ စိမ့်ဝင်နေတယ်' လို့ ပြောဆိုနေကြပါတယ်။