စစ်တိုင်း ငါးတိုင်းမှာ စစ်ရေးရပ်မယ်လို့ အစိုးရတပ်ကြေညာ

burma ဓာတ်ပုံ မူပိုင် Thierry Falise
Image caption တအာင်းပလောင်တပ်ဖွဲ့ဝင်တစု

အစိုးရစစ်တပ်ရဲ့ စစ်တိုင်းကြီး ငါးတိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ် ဆိုပြီး တပ်မတော်ဘက်က ကြေညာလိုက်ပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ်မှာ မပါသေးတဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ လာမယ့်နှစ် ဧပြီလ ကုန်ထိ အစိုးရတပ်ဘက်က အပစ်ရပ်ပေးမယ် ဆိုပြီး အာမခံ ပြောကြား လာပါတယ်။

နေပြည်တော်မှာ သတင်းမီဒီယာကောင်စီနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံတုန်း ကြေညာတာ ဖြစ်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်

လေးလကျော် စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်ဆိုပြီး အစိုးရတပ်ဘက်က ကြေညာလိုက်တဲ့ နယ်မြေတွေကို ကြည့်ရင် ကချင်နဲ့ ရှမ်းပြည်နယ် အခြေစိုက် စစ်တိုင်းတွေ ဖြစ်ပါတယ်။

မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်၊ အရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ ဘယ်လို လှုပ်ရှားမှုမှ မလုပ်ဘူးဆိုပြီး သတင်းမီဒီယာ ကောင်စီနဲ့ နေပြည်တော် တွေ့ဆုံပွဲမှာ တပ်ဘက်က ကြေညာလိုက်တာပါ။

အပစ်မရပ်ရသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ထဲ ပါဝင်လာရေး ဆွေးနွေး နိုင်ဖို့ အပစ်ရပ်ပေးတာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် PHILIPPE LOPEZ
Image caption ကိုးကန့်တိုက်ပွဲတွေအတွင်း ထွက်ပြေးခဲ့ရတဲ့ ကိုးကန့်တပ်သားတစု

တပ်မတော်ဘက်က နာမည်တပ်ပြီး ရည်ညွှန်းတဲ့ အဖွဲ့တွေထဲ လောက်ကိုင်မြို့ တိုက်ပွဲ အပါအဝင် ၂ဝ၁၅ ကနေ ၂ဝ၁၇ ကြား တပ်မတော်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်အဖွဲ့ ၊ အခုနှစ်ပိုင်း အတွင်း မူဆယ် နမ့်ခမ်း ဒေသထဲ အစိုးရတပ်နဲ့ တိုက်နေတဲ့ တအာင်းပလောင်တပ် နဲ့ ရခိုင်လက်နက်ကိုင် အေအေအဖွဲ့တွေ ပါဝင်ပါတယ်။

ဒီသုံးဖွဲ့ကဒီဇင်ဘာ ၁၂ ရက်က စစ်ရေး အပစ်ရပ်ကြောင်း ကြေညာချက်ထုတ်တာကို အစိုးရတပ်က တုံ့ပြန် အပစ်ရပ်ပေးတာပါ။

အဲဒီ သုံးဖွဲ့လုံးကို အပစ်ရပ်စာချုပ်ထဲ ပါခွင့် မပေးနိုင်ဘူး ဆိုပြီး တပ်မတော်ဘက်က အစဉ်အဆက် ပြောဆိုခဲ့ရာကနေ အခုတော့ အပစ်ရပ်ထဲ ဝင်နိုင်ဖို့ လမ်းဖွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်ကပဲ အဲဒီ သုံးဖွဲ့ဘက်က စစ်ရေးကို ရပ်တန့်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ နိုင်ငံရေး အရ ပါဝင်မယ်လို့ ကြေညာခဲ့တာကို အခုအခါမှာ တပ်မတော်ကလည်း ပြန်လှန် အသိအမှတ် ပြုပြီး တုံ့ပြန် လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် HKUN LAT
Image caption ကေအိုင်အေတပ်သားတစုကို စခန်းတနေရာမှာ တွေ့ရစဉ်

ဒါပေမယ့် မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက် ဒေသတွေမှာ အစိုးရတပ်နဲ့ အဓိက တိုက်ပွဲ ဖြစ်နေပြီး လက်နက်အင်အား လူအင်အား အရလည်း အတောင့်တင်းဆုံး အဖွဲ့တွေထဲ ပါဝင်တဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ ကိုတော့ အခု ကြေညာချက်ထဲ နာမည်တပ် ဖော်ပြတာမျိုး မလုပ်ဘဲ ချန်ထားပါတယ်။

စစ်ရေးလှုပ်ရှားမှု ရပ်မယ်လို့ ဆိုတဲ့ စစ်တိုင်းတွေမှာ ကေအိုင်အေ နဲ့ ကြား ထိတွေ့မှုတွေ ဖြစ်နေခဲ့တဲ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း စစ်တိုင်းတွေပါဝင် နေတာ တွေ့ရပါတယ်။

နေပြည်တော်က လာတဲ့ သတင်းတွေ အရ ကေအိုင်အေ ဘက်က ကိုယ်စားလှယ် တချို့လည်း အခု ဒီဇင်ဘာလထဲမှာပဲ နေပြည်တော်ထိ ရောက်လာပြီး ဆွေးနွေးတာမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေအိုင်အေ အနေနဲ့ တပ်မဟာ ဘယ်နှစ်ခုပဲ ထားရမလဲ ဆိုတာ အပါအဝင် အစိုးရ စစ်တပ်ဘက်က တောင်းဆိုထားတာတွေ အပေါ် ကျေလည်အောင် ညှိနေရဆဲ အခြေအနေလို့ နားလည်ရပါတယ်။

အခု အသိအမှတ်ပြု ပြောဆိုလာတဲ့ သုံးဖွဲ့ထဲ ရခိုင်လက်နက်ကိုင် အေအေ ပါပေမယ့် တကယ် လက်တွေ့ အေအေနဲ့ ရင်ဆိုင်တိုက်နေတဲ့ ရခိုင် မြောက်ပိုင်းနဲ့ ရခိုင်နဲ့ ချင်း ပြည်နယ် နယ်စပ် ဒေသတွေ မပါဝင်ဘဲ ဖြစ်နေပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption အေအေစစ်ဦးစီးချုပ် ထွန်းမြတ်နိုင်

အစိုးရတပ်ရဲ့ နေပြည်တော် ထုတ်ပြန်ချက်ထဲမှာတော့ သူတို့ အပစ်ရပ် ပေးထားတဲ့ ကာလတွေမှာ အဲဒီ အဖွဲ့တွေနဲ့ ညှိနှိုင်း ဆွေးနွေး သွားဖို့ ဆိုပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ထိပ်တန်း စစ်ဘက် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ထားပေးမယ့် အကြောင်း ပါဝင်ပါတယ်။

စစ်ရေးအရ ဖြေရှင်းတာကို ရပ်နားပြီး တွေ့ဆုံ ဆွေးနွေးဖို့ လမ်းကြောင်း ဖော်ဆောင် ပေးတာနဲ့ တချိန်တည်း မှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဘာတွေ လိုက်နာဖို့ လိုသလဲ ဆိုတာကို တောင်းဆို တာတွေလည်း ရှိပါတယ်။

အခုလို စစ်ရေး လှုပ်ရှားမှု ရပ်ထားချိန်မှာ နယ်မြေ ဖွံ့ဖြိုးရေး၊ စစ်ဘေးရှောင်တွေ အိမ်ပြန်နိုင်ရေးတွေလည်း ဆောင်ရွက် ပေးမယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံး ၂ဝ၂ဝ မှာ အပြီး လုပ်ဆောင်မယ် ဆိုတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောစကားကိုလည်း အခု ထုတ်ပြန်ချက်ထဲ ထပ်အတည်ပြုထားပါတယ်။

ဓာတ်ပုံ မူပိုင် seniorgeneralminaunghlaing.com.mm

မီဒီယာနဲ့ တပ်မတော်

သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ တပ်သတင်းတွေကို မှန်ကန်တိကျစွာ ရယူနိုင်ရေး၊ သတင်းသမား တွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေပုဒ်မတွေ အပါအဝင် သတင်းသမားတွေအပေါ် အကာကွယ်ပေးရေး စတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်းမီဒီယာ ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း အကြောင်းတစုံတရာနဲ့ သတင်းသမားတွေကို အရေးယူဖို့ ကြုံလာရင် ရဲစခန်းတွေမှာ အရင် အမှုဖွင့် တိုင်ကြားတာမျိုး မလုပ်ဘဲ သတင်းမီဒီယာ ကောင်စီကို အသိပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ် တိုင်းဒေသတွေမှာလည်း မြေပြင်ကွင်းဆင်း သတင်းယူတဲ့အခါ နောက်ယောင်ခံ စုံစမ်းစစ်ဆေးတာမျိုး မလုပ်ဖို့ အသိပေး ပြောဆိုခဲ့တယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် မဝေမာသိမ့် ကပြောပါတယ်။

သတင်းသမားတွေ သတင်းရယူရာမှာ စိုးရိမ်နေရတဲ့ တရားမဝင်အသင်းအဖွဲ့နဲ့ ဆက်သွယ်တဲ့ ပုဒ်မဖြစ်တဲ့ ၁၇ (၁)၊ သတင်းသမားတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေပုဒ်မတွေနဲ့ နိုင်ငံတော်လျှို့ဝှက် အက် ဥပဒေကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် LYNN BO BO
Image caption ရိုက်တာ သတင်းထောက်တွေဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတဲ့ တွေ့ရှိချက်တွေကို တင်ပြ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတဲ့ တွေ့ရှိချက်တွေကို တင်ပြ ဆွေးနွေးခဲ့တယ် လို့လည်း မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီနဲ့ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁ ၊ ပုဒ်မ ၂ဝ (ဂ) ပါ အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ လက်နက်ကိုင် တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်လို့ ရိုက်တာအမှု စီရင်ချက်နဲ့ ပတ်သက်ပြီး သတင်းသမားတွေရဲ့ မကျေနပ်တာတွေကို ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခေါ်ယူတွေ့ဆုံခဲ့တာမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် ရခဲ့တယ်လို့ တက်ရောက်သူတွေ က ပြောကြပါတယ်။

ဒါဟာ နိုင်ငံတကာမှာ တပ်မတော်အပေါ် စွပ်စွဲချက်အများအပြား ထွက်ပေါ်နေချိန်မှာ ပြည်တွင်းမီဒီယာတွေနဲ့ ဆက်ဆံရေးလမ်းကြောင်းကို ထိန်းသိမ်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ စာနယ်ဇင်း အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ် ။