သတင်းမီဒီယာကောင်စီနဲ့ ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံတဲ့သတင်းအပါအဝင် ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် Mm.presscouncil
Image caption သတင်းမီဒီယာကောင်စီ

(၁) သတင်းမီဒီယာကောင်စီနဲ့ ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ

သတင်းသမားတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေပုဒ်မတွေအပါအဝင် အကြောင်းတစ်စုံတစ်ရာနဲ့ သတင်းသမားတွေကို အရေးယူဖို့ ကြုံလာရင် ရဲစခန်းတွေမှာ အရင် အမှုဖွင့် တိုင်ကြားတာမျိုး မလုပ်ဘဲ သတင်းမီဒီယာ ကောင်စီကို အသိပေးဖို့တွေကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ သက်ဆိုင်တဲ့ သတင်းတွေ ရယူရာမှာလည်း ဆက်သွယ်မေးမြန်းနိုင်တဲ့ ပုဂ္ဂိုလ်ထားရှိပေးဖို့၊ ပြည်နယ် တိုင်းဒေသတွေမှာလည်း မြေပြင်ကွင်းဆင်း သတင်းယူတဲ့အခါ နောက်ယောက်ခံ စုံးစမ်းစစ်ဆေးတာမျိုး မလုပ်ဖို့ အသိပေးပြောဆိုခဲ့တယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် မဝေမာသိမ့် ကပြောပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက်တွေဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတဲ့ တွေ့ရှိချက်တွေကို တင်ပြ ဆွေးနွေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီနဲ့ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခေါ်ယူတွေ့ဆုံခဲ့တာမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့တယ်လို့ တက်ရောက်သူတွေက ပြောကြပါတယ်။

() NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ့နဲ့ အပစ်ရပ်သဘောတူဖို့ ရှိတယ်လို့ ဦးဇော်ဌေး ပြော

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး

သမ္မတအိမ်တော်မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ၂ ဖက် အပစ်ရပ်သဘောတူညီချက်တွေ ချုပ်ဆိုဖို့ ရှိတယ်ဆိုပြီးတော့ ပြောလိုက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ ထုတ်ပြန်ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ လောလောဆယ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက KIA AA TNLA နဲ့MNDAA စတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကတော့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့လုံး အပစ်ရပ်ရေးလက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံညီလာခံကို အမြန်ဆုံးရောက်ရှိလာဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ NCA စာချုပ်လက်မှတ်ရေးမထိုးခင်မှာတော့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးရဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

(၃) နယ်စပ်တံတိုင်းစီမံကိန်း ရန်ပုံငွေမရဘူးဆိုရင် အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းရပ်ဆိုင်းရဖွယ်ရှိတယ်လို့ သမ္မတထရမ့်ပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က သူနယ်စပ်တံတိုင်းကာဖို့ အစီစဉ်အတွက် တောင်းထားတဲ့ရန်ပုံငွေကို အတည်မပြုနိုင်ဘူးဆိုရင် အစိုးရအလုပ်တွေ ရပ်ဆိုင်းရမှာဖြစ်ပြီးတော့ အဲ့ဒါက တာရှည်မယ်လို့ ပြောလိုက်ပါတယ်။

သမ္မတထရမ့်က အဲ့ဒီနယ်စပ်တံတားကာဖို့ ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံတောင်းထားပြီးတော့ အဲ့ဒါကို အောက်လွှတ်တော်က အတည်ပြုထားပါတယ်။ ဒါပေမယ့်တော့ အထက်လွှတ်တော်က ပယ်ချနိုင်ဖွယ် ရှိနေတာပါ။

သမ္မတထရမ့်ကတော့ 'ဒါဟာ ဒီမိုကရက်တွေအပေါ်မှာပဲ မူတည်တယ်၊ သူတို့သဘောမတူရင်တော့ အစိုးရအလုပ်တွေ ရပ်ဆိုင်းတာဖြစ်လာမှာပဲ' လို့ ပြောခဲ့ပါတယ်။

၂ ဖက် ညှိမရရင်တော့ အစိုးရလုပ်ငန်း တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာ ဖြစ်ပြီးတော့ အစိုးရဝန်ထမ်း တစ်သန်းနီးပါ လခထုတ်မရနိုင်တဲ့ အဖြစ်နဲ့ ကြုံရနိုင်ပါတယ်။

ဒီလို အခြေအနေတွေ ကြုံနေရချိန်မှာပဲ အမေရိကန်စတော့ဈေးကွက်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ဈေးတွေထိုးကျနေပါတယ်။