ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ပြောင်းမယ်

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ အတွင်းရေးမှူးတွေအဖြစ် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူထားတာဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျေးလက်အထိပါဖြန့်ကျက်ထားနိုင်တဲ့ အကြီးမားဆုံးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဒီလို အုပ်ချုပ်ရေးပိုင်းမှာ အရေးပါတဲ့ ဌာနကြီးတခုကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို မကြာခင်ပြောင်းရွှေ့တော့မှာ ဖြစ်တယ်ဆိုပြီး သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီဇင်ဘာလ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတအနေနဲ့ ဝန်ကြီးဌာနတွေ ဖွဲ့စည်းနိုင်သလို ဝန်ကြီးဌာအောက်မှာရှိတဲ့ ဦးစီးဌာနတွေကိုလည်း ပြောင်းရွှေ့ခွင့် ရှိပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနဆိုတာကလည်း NLD အစိုးရလက်ထက်ကျမှ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနဖြစ်ပြီး မကြာသေးခင်ကမှပဲ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးမင်းသူကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် ခဲ့ပါတယ်။

လက်ရှိမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ တာဝန်ယူရတဲ့ အလုပ်တွေများသလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီကို တိုင်ကြားတဲ့အထဲမှာ အများဆုံးတိုင်ကြားခံရတဲ့ ဌာနလည်း ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို ပေါင်းစပ်ညှိနှိုင်းပေးတဲ့ တာဝန်ကို အဓိကလုပ်ဆောင်ပေးရပါတယ်။

လက်ရှိတိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့သူတွေဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဒုတိယညွန်ကြားရေးမှူးချုပ်အဖြစ် ရာထူးယူထားသူတွေ ဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစိုးရအဖွဲရုံးဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်လို့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအရေး လေ့လာသူတစ်ဦးဖြစ်တဲ့ ဦးခိုင်ဝင်းက 'ဒီလိုလုပ်လိုက်တဲ့အတွက် မြေယာအငြင်းပွားမှု ပြဿနာတွေ ဖြေရှင်းတဲ့အပိုင်းမှာ ကောင်းမွန်လာနိုင်တယ်' လို့ သုံးသပ်ပြောဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ