ခန္တီးမှာ လေယာဉ်အစိတ်အပိုင်းလို့ယူဆရတဲ့ အစိတ်အပိုင်းတစ်ခု ပေါက်ကွဲသံနဲ့ အတူ လေထဲက ပြုတ်ကျလာ

ဓာတ်ပုံ မူပိုင် AUNG SAN MYINT
Image caption မနက် ၆နာရီခွဲဝန်းကျင်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူပြုတ်ကျလာ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ဒီကနေ့ မနက် ၆နာရီခွဲ ဝန်းကျင်က လေယာဉ်အစိတ်အပိုင်း လို့ယူဆရတဲ့ အစိတ်အပိုင်းတစ်ခု ပေါက်ကွဲသံနဲ့အတူ လေထဲကနေ ပြုတ်ကျလာခဲ့တယ်လို့ ခန္တီး မြို့ခံ ကိုအောင်ဆန်းမြင့်ကဘီဘီစီကိုပြောပါတယ်။

ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် ရတနာလမ်းနဲ့ မြို့ပတ်လမ်းဆုံ ကွန်ကရစ်ကားလမ်းဘေးအနီးကို ပြုတ်ကျလာခဲ့တာဖြစ်ပြီး ပြုတ်ကျလာတဲ့ သတ္တုအပိုင်းအစဟာ အရှည် ၉ ပေ ၈လက်မခွဲ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

"ဒီကနေ့ မနက်က လေယာဉ်ကွင်းသွားတဲ့လမ်းပေါ့ အဲဒီမှာ ကောင်းကင်ပေါ်ကနေ ဂျိမ်းဆိုတဲ့ အသံကြီးကြားပြီး အောက်ကိုပြုတ်ကျလာတာပဲ၊ တာဝန်ရှိသူတွေကတော့ လေယာဉ်ရုံးထဲ သယ်သွားပြီး စစ်ပေမယ့် ပညာရှင်တွေလည်း မဟုတ်တော့ လေယာဉ်အစိတ်အပိုင်းဟုတ်မဟုတ် တော့ အတည်မပြုနိုင်ဘူး၊ အခုတော့ စစ်ဗျုဟာရုံးထဲကို သယ်သွားပြီလို့သိရတယ်" လို့ ကိုအောင် ဆန်းမြင့် ကပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် AUNG SAN MYINT
Image caption အနီးဝန်းကျင်ရွာတွေမှာလည်း အစိတ်အပိုင်းတချို့ ထပ်မံတွေ့ရမလားလို့ ရှာဖွေနေ

ဒါ့အပြင် ခန္တီးမြို့အနီးဝန်းကျင် တခြားနေရာတွေမှာလည်း အစိတ်အပိုင်းတွေပြုတ်ကျတာရှိတယ် ဆိုတဲ့သတင်းတွေကြောင့် ထပ်မံစုံစမ်းတာတွေ လုပ်နေတယ်လို့ ခန္တီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လေး က ဘီဘီစီကိုပြောပါတယ်။

''ကျွန်တော်တို့လည်း အနီးဝန်းကျင်က ရွာလေးငါးရွာထိကိုလိုက်ရှာပြီးပြီ၊ ဘာမှ ထပ်မတွေ့ဘူး၊ အခုနယ်ထိန်းတွေရော ကျေးရွာတိုင်းက အုပ်ချုပ်ရေးမှူးတွေကိုရော ဖုန်းနဲ့အကြောင်းကြား ထားတယ်၊ တစ်ခုခုထူးတာ တွေ့တာနဲ့ အကြောင်းကြားဖို့၊ အခုထိတော့ ဘာမှန်းအတည်မပြုနိုင် သေးဘူး၊ လေကြောင်းရဲတွေ သက်ဆိုင်ရာတွေကိုတော့ အတည်ပြုနိုင်ဖို့ ဓတ်ပုံတွေတော့ပို့ ထားပြီးပြီ'' လို့ ရဲမှူးမြင့်လေးကပြောပါတယ်။

အခုလို သတ္တုအစိတ်အပိုင်းတစ်ခု ပေါက်ကွဲပြီးပြုတ်ကျတာဟာ ခန္တီးမြို့ပေါ်မှာတော့ ဒါပထမဆုံး အကြိမ်ဖြစ်ပြီးအရင်ကမကြုံဖူးတဲ့အတွက်ဒေသခံတွေအနေနဲ့တော့ အနည်းငယ် အထိတ်တလန့် ဖြစ်သွားခဲ့ကြတယ်လို့လည်း ကိုအောင်ဆန်းမြင့်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် AUNG SAN MYINT
Image caption ခန္တီးမြို့ဟာ ဆောင်းရာသီ ကောင်းကင်မှာမြူတွေပိတ်ဆိုင်းလေ့ရှိတဲ့ ဒေသဖြစ်

"ကျွန်တော်တို့ ခန္တီးက ဆောင်းတွင်းဆို မှိုင်းအမြဲတိုင်းတိုက်တဲ့ရာသီဥတုဖြစ်တယ်၊ ဘာမှမမြင်ရဘူး၊ ဒါကြောင့်လည်း ပြည်တွင်းလေကြောင်းလိုင်းတွေကဘယ်တော့မှ အစောကြီး မတက်ဘူး၊ မန္တလေးကနေ ကျွန်တော်တို့ဆီလေယာဉ်တက်ရင်လည်း ၈နာရီကနေ ၉နာရီကြားမှာပဲ တက်လေ့ရှိတယ်" လို့လည်း ခန္တီးမြို့ရဲ့ ရာသီဥတုအနေအထားနဲ့ လေယာဉ်ပျံသန်းမှု အခြေအနေတွေကို ကိုအောင်ဆန်းမြင့်က ထပ်မံပြောပြပါတယ်။

အဆိုပါ သတ္တုပြား ပြုတ်မကျခင် ရာသီဥတုအခြေအနေအနေနဲ့ ကောင်းကင်မှာ မြူတွေအုပ် ဆိုင်းနေခဲ့တယ်လို့လည်းဒေသခံအချို့ကပြောပါတယ်။

လက်ရှိမှာဒီဇင်ဘာလမ်းလျှောက်ကာလလည်းဖြစ်တဲ့အတွက် အစိတ်အပိုင်းပြုတ်ကျရာလမ်းမှာ လူအသွား အလာရှိပေမယ့်လည်း ပြုတ်ကျချိန်မှာတော့ ဖြတ်သန်းသွားလာသူတွေ မရှိခဲ့တဲ့အတွက် လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိခဲ့ဘူးလို့လည်း ရဲမှူးမြင့်လေးကထပ်မံ ပြောပြ ပါတယ်။