အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူတိုးလာနေတဲ့အကြောင်း အပါအဝင် ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် OYSTEIN LUND ANDERSEN
Image caption ဆွန်ဒါရေလက်ကြားမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က ကရာကာတိုအာ မီးတောင် ပေါက်ကွဲ

(၁) အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူတိုးလာ

ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားနဲ့ ဆူမားတြား ကျွန်းကြားမှာရှိတဲ့ ဆွန်ဒါရေလက်ကြားက ကမ်းခြေတွေကို ဆူနာမီရေလှိုင်းကြီးတွေ ဝင်လာခဲ့ပြီး အဲ့ဒီဘေးကြောင့် လူအနည်းဆုံး ၄၃ ဦး သေဆုံးပြီး ၅၈၄ ဦး ဒဏ်ရာရကာ လူတွေလည်း ပျောက်ဆုံးနေတယ်လို့ အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ပါတယ်။

ဆူနာမီလှိုင်းလုံးတွေဟာ ရေလက်ကြားမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က ကရာကာတိုအာ မီးတောင် ပေါက်ကွဲလို့ ဖြစ်ခဲ့တာလား ဆိုတာကိုတော့ ဆန်းစစ်နေကြပါတယ်။

လှိုင်းလုံးကြီးတွေကြောင့် အဆောက်အဦး ဒါဇင်ထက်မနည်း ပျက်စီးခဲ့သလို သေဆုံးသူဦးရေကလည်း ဒီထက်ပိုလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီကလည်း လပြည့် နေတဲ့ အချိန်ကာလမို့ ပင်လယ်ရေမျက်နှာပြင် မြင့်နေပြီး လှိုင်းလုံးကြီးတွေကလည်း အားကောင်းနေတဲ့အနေအထား ဆက်ရှိနိုင်တယ်လို့ ပြောပါတယ်။

(၂) မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေနဲ့ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးမယ်လို့ ဦးဇော်ဌေးပြော

ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး

ဝေဖန်ကန့်ကွက်မှုတွေရှိနေတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြဌာန်းခဲ့တာဖြစ်ပြီး ဥပဒေပါ ပြဌာန်းချက်တချို့ကို တိုင်းရင်းသားတွေဘက်က စိုးရိမ်မှုတွေ ရှိနေတ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက တိုင်းရင်းသားတွေအနေနဲ့ လက်တွေ့မှာ ရင်ဆိုင်နေရတာတွေကို အစိုးရနဲ့ လာရောက် ညှိနှိုင်းလို့ ရတယ်ဆိုပြီး ပြောခဲ့ပါတယ်။

လာရောက်ဆွေးနွေးညှိနှိုင်းပြီးတဲ့အခါ ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ဦးဇော်ဌေးက တိတိပပ ပြောတာမရှိခဲ့ပါဘူး။

တိုင်းရင်းသားတွေဘက်ကတော့ ဥပဒေကြောင့် သူတို့ ပိုင်ဆိုင်တဲ့မြေယာတွေ ဆုံးရှုံးမှာ၊ တာဝန်ရှိ ဝန်ထမ်းတချို့က မမှန်မကန်လုပ်မှာတွေကို စိုးရိမ်နေကြတာပါ။ ဒါ့အပြင် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တချို့ကလည်း ဒီဥပဒေဟာ သူတို့ဒေသမှာ သတ်မှတ်ထားတဲ့ မြေယာမူဝါဒနဲ့ ကွဲလွဲနေတယ်ဆိုပြီး ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

ဥပဒေ ပြဌာန်းချက်အရ ဒီဥပဒေအသက်ဝင်တဲ့နေ့ကစလို့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းပိုင်ဆိုင်သူတွေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို စီမံကိန်းတွေလုပ်ဖို့ ရထားသူတွေဟာ ၆ လအတွင်း လုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။

(၃) ဆီးရီးယားမှာ တပ်တွေဆုတ်ခွာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်အထူးကိုယ်စားလှယ် ရာထူးက နုတ်ထွက်

ဓာတ်ပုံ မူပိုင် AFP
Image caption အိုက်စ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့က အမေရိကန်အထူးကိုယ်စားလှယ်

အမေရိကန်တပ်တွေ ဆီးရီးယားမှာ တိုက်ခိုက်နေတာတွေကို ပြန်ရုတ်သိမ်းမယ့် သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အိုက်စ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့က အမေရိကန်အထူးကိုယ်စားလှယ် ဘရက်မာ့ခ်ဂါ့ခ် ဟာ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။

အချိန်မတိုင်ဘဲ တပ်တွေဆုတ်ခွာတာဟာ အိုက်အက်စ်တွေအတွက် အခြေအနေကောင်းကို ပေးလိုက်တာလို့ အမေရိကန်ထိပ်တန်းအရာရှိ ဘရက်မာ့ခ်ဂါ့ခ် က သူ့ရဲ့နှုတ်ထွက်လွှာမှာ ရေးသားထားပါတယ်။

အိုက်အက်စ်စစ်သွေးကြွတွေ ပြေးနေပြီဖြစ်ပေမယ့် သူတို့ကို အပြီးသတ်အနိုင်ရသေးတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

သမ္မတထရမ့်ကတော့ တူရကီ အပါအဝင် ဆီးရီးယား အိမ်နီးချင်းနိုင်ငံတွေက အဲ့ဒီကြွင်းကျန်နေတဲ့ အိုက်အက်စ်တွေကို တာဝန်ယူ နှိမ်နင်းနိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။

(၄) အမေရိကန်အစိုးရ လုပ်ငန်းတချို့ရပ်ဆိုင်း

ဓာတ်ပုံ မူပိုင် EPA
Image caption ဘတ်ဂျက် အတည်ပြုမှု ရဖို့ အမေရိကန် လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ရ

အမေရိကန်သမ္မတထရမ့် တောင်းထားတဲ့ ဘတ်ဂျတ်ကိစ္စ အမေရိကန်ဆီးနိတ်အထက်လွှတ်တော်မှာ ဆွေးနွေးကြရာမှာ ဘတ်ဂျက်ကို အတည်မပြုနိုင်တဲ့အတွက် အစိုးရဌာန ၉ ခု ရပ်ဆိုင်းရမယ့်အဖြစ် ဖြစ်သွားပါတယ်။

မက္ကဆီကို-အမေရိကန်နယ်စပ်မှာ တံတိုင်းဆောက်ကာရံဖို့ အမေရိကန်သမ္မတ ထရမ့်က ဒေါ်လာ ၅ ဘီလျံကျော် ဘတ်ဂျက်တောင်းထားပြီးတော့ အဲ့ဒါကို ဒီမိုကရက်ပါတီဘက်က လက်မခံပါဘူး။

ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေပိုင်း အထိ အမေရိကန်လွှတ်တော်မှာ အမတ်တွေဟာ ဒီကိစ္စကို ဆွေးနွေးခဲ့ကြပေမယ့် အတည်မပြုနိုင်တဲ့အတွက် ခရစ္စမတ်ကာလကျော်ပြီးကာမှ ဒီအရေးကို ပြန်ဆွေးကြဖို့ ရှိနေပါတယ်။

ဒီကြားထဲမှာတော့ အမျိုးသားပန်ခြံဥယျာဉ်တွေ ပိတ်ထားရမှာဖြစ်သလို အစိုးရဝန်ထမ်းတချို့လည်း လစာရမရ မသေမချာ ဖြစ်နေမှာပါ။