အင်ဒိုနီးရှားဆူနာမီကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိနေပြီး ဒဏ်ရာရသူ ၈၀၀ ကျော်သွားပြီ

လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အင်ဒိုနီးရှားဆူနာမီ ဓာတ်ပုံ မူပိုင် AFP/Getty
Image caption လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အင်ဒိုနီးရှားဆူနာမီ

အင်ဒိုနီးရှားဆူနာမီကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိနေပြီ ဒဏ်ရာရသူ ၈၀၀ ကျော်သွားပြီလို့သိရပါတယ်။ ပျောက်ဆုံးနေသူကတော့ ၂၈ ရောက်ရှိနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ မိနစ်တိုင်းမှာ သေဆုံးသူရဲ့အလောင်းတွေဟာ ပြန်ပေါ်လာတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားနဲ့ ဆူမားတြား ကျွန်းကြားမှာရှိတဲ့ ဆွန်ဒါရေလက်ကြားက ကမ်းခြေတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ဆူနာမီရေလှိုင်းကြီးတွေ ဝင်လာခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရသဘာဝဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

ဆူနာမီကြောင့် လောလောဆယ်ရထားတဲ့ စာရင်းထက် ထိခိုက်ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူအရေအတွက်က တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

လတ်တလောမှာ လပြည့် နေတဲ့ အချိန်ကာလမို့ ပင်လယ်ရေမျက်နှာပြင် မြင့်နေပြီး လှိုင်းလုံးကြီးတွေကလည်း အားကောင်းနေတဲ့အနေအထား ဆက်ရှိနိုင်တယ်လို့ အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီကလည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption လူသေဆုံးမှုတွေ ရှိခဲ့တဲ့ အင်ဒိုနီးရှားဆူနာမီ

ဆူနာမီလှိုင်းလုံးဒဏ်ကို ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက 'အဲ့ဒီအချိန်တုန်းက ကျွန်တော်က ကမ်းခြေမှာလေ၊ အစပိုင်း လှိုင်းလုံးက ကမ်းစပ်လာပုတ်တယ်ကို သတိထားမိတယ်၊ သိပ်မကြာပါဘူး၊ တကယ့်လှိုင်းလုံးကြီးတွေ လာတာကိုလည်း မြင်ရတော့ တခါတည်း အားကုန် ထပြေးရတော့ပါပဲ၊' လို့ ပြောပါတယ်။ သူဟာ ဆူနာမီလှိုင်းလုံးကြီးရိုက်ခတ်စဉ် ကမ်းခြေမှာရှိနေခဲ့တာပါ။

Image caption ဆူနာမီကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူအရေအတွက် တိုးလာနိုင်

လူသေဆုံးမှုတွေနဲ့ ပျက်ဆီးဆုံးဆုံးရှုံးမှုတွေရှိခဲ့တဲ့ ဆူနာမီလှိုင်းလုံးတွေဟာ ဂျာဗားနဲ့ ဆူမားတြား ကျွန်းကြားမှာရှိတဲ့ ဆွန်ဒါရေလက်ကြားမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က ကရာကာတိုအာမီးတောင် ပေါက်ကွဲလို့ ဖြစ်ခဲ့တာလား ဆိုတာကိုတော့ ပညာရှင်တွေက ဆန်းစစ်နေကြပါတယ်။

ဂျာဗားနဲ့ ဆူမားတြားကျွန်းကြားမှာရှိတဲ့ ဒီရေလက်ကြားဟာ ဂျာဗားပင်လယ်ကနေ အိန္ဒိယပင်လယ်ကို ဆက်ထားတာလည်း ဖြစ်ပါတယ်။

ပေါက်ကွဲခဲ့တဲ့ ကရာကာတိုအာမီးတောင်ဟာ မကြာသေးခင် လတွေတုန်းကတော့ လှုပ်ခတ်ဖို့ အစပြုလှုပ်ရှားနေခဲ့တာပါ။ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာတော့ မီးတောင်ဟာ ပေါက်ကွဲခဲ့ပြီး ပြာမှုန့်တွေဟာလည်း အမြင့်ပေ ၁၃၀၀ (မီတာ ၄၀၀) လောက်အထိ ပျံ့လွင့်ခဲ့ပါတယ်။ ဒီနောက်တော့ ဆူနာမီလှိုင်းလုံးကြီးတွေ ကြုံရတာလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် OYSTEIN LUND ANDERSEN
Image caption ဆွန်ဒါရေလက်ကြားမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်က ကရာကာတိုအာ မီးတောင် ပေါက်ကွဲ

မီးတောင်ပညာရှင် ဂျက်စ်ဖီးနစ် ကတော့ မီးတောက်ပေါက်ကွဲတဲ့အခါ မြေလွှာအောက်မှာရှိတဲ့ ကျောက်ရည်ပူတွေက အေးတဲ့ ကျောက်ဆောင်ကို ဖြတ်သန်းတိုးထွက်ပြီး အစားနေရာဝင်ယူလာတာကြောင့် နောက်ဆက်တွဲ မြေပြိုတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ဆူလာဝေဆီကျွန်းပေါ်မှာ အားပြင်းတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး အဲ့ဒီနောက် ဆူနာမီဒဏ်ကို ပါလူမြို့မှာ ကြုံရပြီး လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူနာမီကြောင့် ဘေးလွတ်ရာ ခိုလှုံနေရသူများ

ဒါ့အပြင် ၂၀၀၄ ခုနှစ်တုန်းကလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်ပြီး လှိုင်းလုံးကြီးတွေ မြင့်တက်လာတာကို အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ကြုံရပြီး လူပေါင်း ၂ သိန်း ၂ သောင်း ၈ ထောင်လောက် သေဆုံးခဲ့ရပါတယ်။