ချလိုက်တဲ့ ဗျူဟာနဲ့ လက်တွေ့ မအပ်စပ်ဘူးလို့ ဇီးပင်ကြီးစစ်တမ်းရေးသူက ပြော

ဓာတ်ပုံ မူပိုင် Soe Thuya Zaw Facebook
Image caption လက်ရှိ အစိုးရတက်လာတဲ့ အချိန်မှာ ချမှတ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း မဟာဗျူဟာ ပြောင်းလဲရေး အစီအစဉ်တွေက အောက်ခြေက အနေအထားနဲ့ မအပ်စပ်တဲ့အတွက် အများသိသင့် လို့ဆို

ဇီးပင်ကြီးစစ်တမ်းဆိုပြီး ဗဟို ဝန်ထမ်း တက္ကသိုလ် အတွေ့အကြုံတွေကို ရေးသားခဲ့တာဟာ လက်ရှိ အစိုးရတက်လာတဲ့ အချိန်မှာ ချမှတ်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း မဟာဗျူဟာ ပြောင်းလဲရေး အစီအစဉ်တွေက အောက်ခြေက အနေအထားနဲ့ မအပ်စပ်တဲ့အတွက် အများသိသင့်တာကြောင့် ရေးသားခဲ့တာလို့ ဒေါက်တာ စိုးသူရဇော်က ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ စိုးသူရဇော်ဟာ မိုးကုတ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီး အရာရှိဖြစ်ပြီး သူရဲ့ ဗဟို ဝန်ထမ်း တက္ကသိုလ် အတွေ့အကြုံတွေကို ဖေ့စ်ဘွတ်မှာ ရေးသားမှုကို ကျန်းမာရေးဝန်ကြီးဌာနက ဌာနတွင်း စစ်ဆေးမှု ပြုလုပ်ပြီး ထုချေလွှာတင်ဖို့ ညွှန်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အပေါ်က ချလိုက်တဲ့ မဟာဗျူဟာတွေနဲ့ အောက်ခြေ မကိုက်ညီမှု အခြေအနေကို ကိုယ်တိုင် တက္ကသိုလ် တက်ခဲ့သူတွေ သိပေမယ့် အထက်က ညွှန်ကြားသူတွေလည်း သိသင့်တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Soe Thuya Zaw Facebook
Image caption စစ်တမ်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး မအောင်မြင်တာက လက်ရှိ NLD အစိုးရက စေတနာ မရှိလို့ မအောင်မြင်တာ ဖြစ်ကြောင်း ပြောပြီး တပ်မတော်သာ အမိ တပ်မတော်သာ အဖ လို့ တိုင်တည်ပေးတဲ့ ဆရာတယောက် အကြောင်းလည်း ပါဝင်

ဒေါက်တာ စိုးသူရဇော်ရဲ့ အဲဒီ စစ်တမ်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး မအောင်မြင်တာက လက်ရှိ NLD အစိုးရက စေတနာ မရှိလို့ မအောင်မြင်တာ ဖြစ်ကြောင်း ပြောပြီး တပ်မတော်သာ အမိ တပ်မတော်သာ အဖ လို့ တိုင်တည်ပေးတဲ့ ဆရာတယောက် အကြောင်းလည်း ပါဝင်ခဲ့သလို ဒါဟာ ဝန်ထမ်းသတ်လို့ အစိုးရသေရမယ့် အကြောင်းရင်းခံတခု ဖြစ်မယ်လို့ ခိုင်းနှိုင်း ရေးသားခဲ့ပါတယ်။

အထူးသဖြင့် ဗဟို ဝန်ထမ်းတက္ကသိုလ်က သင်ကြားမှုပုံစံနဲ့ အကျိုးရှိမှုတွေကို ဒေါက်တာ စိုးသူရဇော်က မေးခွန်းထုတ်ခဲ့ပြီး အခမ်းအနားတွေနဲ့ ဟန်ပြဖို့သာ ဦးစားပေးနေတဲ့ ငွေကြေးကုန်ကျမှု ဖြစ်နေသလို လက်တွေ့ ဝန်ထမ်းတွေ အတွက်လည်း အကျိုးမရှိဘူးလို့ ရေးသားထားပါတယ်။

သူ့ရဲ့ ရေးသားမှုကို ကျန်းမာရေးဝန်ကြီးဌာန ထုချေလွှာ တင်ခိုင်းတဲ့အပေါ် ဆရာဝန် အသိုင်းအဝိုင်း၊ ရှေ့နေတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ကန့်ကွက်ခဲ့ကြပြီး လွှတ်တော်မှာလည်း အဲဒီ တက္ကသိုလ်သင်တန်းနဲ့ ပတ်သတ်လို့ ဝေဖန် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Soe Thuya Zaw Facebook
Image caption အိပ်ဆောင်တွေမှာပါ သပ်ရပ်မှု အနေအထားကို ဟန်ပြလုပ်တာတွေ ရှိပြီး အမှန်တကယ်က စတိုခန်းတွေမှာ ပစ္စည်းတွေ စုပြု ထည့်ခိုင်းတာလို့ဆို

ဒီကိစ္စနဲ့ ပတ်သတ်လို့ အမျိုးသားလွှတ်တော်မှာ ဝေဖန် ဆွေးနွေးခဲ့တဲ့ မွန်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကတော့ ဝန်ထမ်းလောကမှာ ကိန်းအောင်းနေတဲ့ အတွေးအခေါ်ဟောင်းတွေကို ပြင်ဖို့ လိုနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အစိုးရ တာဝန် ထမ်းဆောင်မှု ဘာလဲဆိုတာကို အဓိပ္ပာယ် ပြန်လည် ဖော်ဆောင်ဖို့ လိုအပ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားမှုတွေမှာလည်း သင်ရိုး ပြောင်းလဲမှုသာမက ဆရာ ဆရာမ တွေကို ပြန်လည် သင်တန်းပေးဖို့ လိုအပ်နေတယ်လို့ ဦးမျိုးဝင်းက ပြောပါတယ်။

ဇီးပင်ကြီး သင်တန်းလို့ လူသိများတဲ့ ဗဟိုဝန်ထမ်း တက္ကသိုလ် အထက်မြန်မာပြည်ကို အစိုးရ ဝန်ထမ်း အားလုံးနီးပါး တက်ရောက် ရတာ ဖြစ်ပါတယ်။

အဲဒီ တက္ကသိုလ်က သင်တန်းတွေမှာ ငွေစာရင်း ကိစ္စက စလို့ နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာ၊ စီးပွားရေး ပညာနဲ့ သတင်းအချက်အလက် နည်းပညာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေပြီး ဒီတက္ကသိုလ်ကို နဝတ ခေတ်က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ