ရခိုင်စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာကူညီဖို့ သွားသူတွေ တားမြစ်ခံရ

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများ ဓာတ်ပုံ မူပိုင် Khaing Mrat Kyaw
Image caption တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများ

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ အကြား တိုက်ပွဲတွေဆက်ဖြစ်လို့ ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့မှာတော့ ကျောက်တော်မြို့နယ် တောင်မင်းကုလားကျေးရွာကို ဒုက္ခသည် ၇၁၃ ဦး ထပ်မံ ရောက်ရှိလာပါတယ်။

လမုကိုင်းကျေးရွာက ၁၈၇ ဦး၊ ငါးစွေကျေးရွာက ၈၇ ဦး၊ ပါချေကျေးရွာက ၃၆ ဦး၊ ပညာဝကျေးရွာက ၄၀၃ ဦး ဖြစ်ပြီးတော့ သူတို့တွေဟာ တောင်မင်းကုလားကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ အနီးဝန်းကျင်မှာ တဲထိုးနေထိုင်နေရပါတယ်။

ဓာတ်ပုံ မူပိုင် Khaing Mrat Kyaw
Image caption တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများ

ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့အဖွဲ့တွေကိုတော့ တောင်မင်းကုလားကျေးရွာအထိပဲ သွားလာခွင့်ပေးထားပြီး အဲဒီအထက် သလူချောင်းကျေးရွာကိုတော့ စစ်တပ်က သွားခွင့် မပြုခဲ့ဘူးလို့ ကျောက်တော်မြို့ပေါ် လူငယ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းကျော်က ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ ရွာသားတွေဟာ သလူချောင်းကျေးရွာအုပ်စုက ဖြစ်ပြီး စက်လှေတွေနဲ့ သယ်ဆောင်လာတဲ့ ရိက္ခာတွေကို ဒုက္ခသည်တွေဆီ ထောက်ပံ့ဖို့ကို တပ်မတော်က တားဆီးတဲ့အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေကို ပြန်ယူလာရတယ်လို့ ပြောပါတယ်။

သလူချောင်းကျေးရွာအုပ်စုဟာ စပါးထွက်တဲ့ ဒေသမဟုတ်တဲ့အတွက် မြို့ပေါ်က ဆန်တွေကို မှာယူစားသုံးရတာဖြစ်ပြီး အလုပ်အကိုင်လည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွာလာပြီး ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ပြောကြပါတယ်။

တိုက်ပွဲတွေကြောင့် လက်ရှိ ကျောက်တော်မြို့နယ်တစ်ခုတည်းမှာတင် စစ်ဘေးရှောင် အရေအတွက်ဟာ တစ်ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။