ရိုက်တာသတင်းထောက်တွေရဲ့ အယူခံအမှု ဇန်နဝါရီလထဲ အမိန့်ချမှတ်ဖွယ်ရှိ

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံအမှုကို ရန်ကုန်တိုင်းဒေသကြီးတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က ပထမဆုံးအကြိမ် ကြားနာစစ်ဆေးခဲ့ပါတယ်။

ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်အမိန့်ကို တိုင်းတရားရုံးမှာ အယူခံတင်ပြီး ၂ ဖက်ရှေ့နေတွေက လျှောက်လဲချက် ပေးခဲ့တာပါ။

'ရိုက်တာသတင်းထောက် ၂ ဦးဟာ ထောင်ချောက်ဆင် အဖမ်းခံရတာဖြစ်ပြီး သတင်းမီဒီယာကျင့်ဝတ်နဲ့ အညီဆောင်ရွက်ခဲ့တယ်ဆိုတဲ့အကြောင်း၊ သူတို့ ၂ ဦးဟာ အရင်က ပြစ်မှုကျူးလွန်ခဲ့ဖူးသူမဟုတ် အကျင့်စာရိတ္တကောင်းမွန်သူတွေ ဖြစ်ကြောင်း ' စတဲ့ ဥပဒေအချက်အလက် အကြောင်းအရာတွေကို တင်ပြပြီး လျှောက်လဲချက်ပေးခဲ့တယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာ လူသတ်မှု သတင်းအတွက် အချက်အလက်တွေ ရှာဖွေနေစဉ်ပဲ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်မှာ ရဲတပ်ဖွဲ့ဝင်တွေက မင်္ဂလာဒုံမြို့နယ်က စားသောက်ဆိုင်မှာ တွေ့ဆုံဖို့ ခေါ်ယူခံခဲ့ရပြီး အဲဒီမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရပြီး စက်တင်ဘာ ၃ ရက်မှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ်စီ အသီးသီးကျခံဖို့ မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဒီအပေါ် တိုင်းတရားရုံးမှာ အယူခံ ဆက်တက်ခဲ့ပြီး အခု အယူခံအမှု တိုင်းတရားရုံးက ကြားနာစစ်ဆေးတာနဲ့ ပတ်သတ်လို့ ခရိုင်တရားရုံးရဲ့ မှားယွင်းတဲ့စီရင်ချက်ကို ဗဟိုတရားရုံးအနေနဲ့ ပယ်ဖျက်သင့်တယ်ဆိုတာကို သက်သေနဲ့တကွ ထင်ထင်ရှားရှား ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ် လို့ ရိုက်တာက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

အယူခံလက်ခံမယ့် တရားရုံးအတွက်တစ်ခုတည်းသော ဖြစ်နိုင်တဲ့သုံးသပ်ချက်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွှတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအခြေခံသဘောတရားတွေကို ထပ်လောင်းအတည်ပြုမယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ အယူခံလက်ခံစစ်ဆေးမယ့် တရားသူကြီးကို ရှင်းပြချင်ပါတယ် ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုဆိုရင် သတင်းထောက် ၂ ယောက် အဖမ်းခံထားရတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပြီး တစ်နှစ်ပြည့်အခမ်းအနားကိုလည်း ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မှာ ပြုလုပ်ခဲ့ကြပါတယ်။

လတ်တလောမှာလည်း သူတို့လွတ်မြောက်ရေးအတွက်လည်း မိသားစုတွေအပါအဝင် မီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့တချို့က ပြည်တွင်း ပြည်ပ လှုပ်ရှား တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် အသိအမှတ် ပြုထိုက်တဲ့ အထင်ရှားဆုံး ပုဂ္ဂိုလ် အမည်စာရင်း Person of the Year စာရင်းမှာလည်း ကမ္ဘာတစ်ဝန်းက ဖမ်းဆီးခံ၊ သတ်ဖြတ်ခံ သတင်းထောက်တွေနဲ့အတူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ထည့်သွင်းခံခဲ့ရပါတယ်။

အခု တိုင်းတရားရုံးမှာ စစ်ဆေးတဲ့ အယူခံကို ၂ ဖက် ရှေ့နေတွေ လျှောက်လဲချက်ပေးခဲ့ပြီး အပြီးသတ်အမိန့်ကိုတော့ လာမယ့် ဇန်နဝါရီလထဲမှာ ချမှတ်ဖွယ် ရှိတယ်လို့ အမှုလိုက်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။