ရွာသာကြီး - စိတ်ကျန်းမာရေးဆေးရုံမှာ ၁ နာရီကျော်ကြာ မီးလောင်မှုဖြစ် အပါအဝင် ဒီဇင်ဘာ ၂၅ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် NAung Naung
Image caption ရွာသာကြီး - စိတ်ကျန်းမာရေးဆေးရုံမှာ ၁ နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွား

(၁) ရွာသာကြီး - စိတ်ကျန်းမာရေးဆေးရုံမှာ ၁ နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွား

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ ရွာသာကြီး - စိတ်ကျန်းမာရေးဆေးရုံမှာ ဒီဇင်ဘာ ၂၄ ရက် ညပိုင်း ၁၁ နာရီကျော်က မီးလောင်ကျွမ်းတာဟာ ၁ နာရီကျော် လောင်ကျွမ်းပြီးမှ ငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးစတင်လောင်တာက ဆေးရုံအဝင်၀ ညာဘက်ခြမ်းမှာရှိတဲ့ ထမင်းစားဆောင် အပေါ်ထပ်က စတင်လောင် ကျွမ်းခဲ့တာဖြစ်ပြီး အမျိုးသားအဆောင်ကိုပါ ကူးစက်လောင်ကျွမ်းတယ်လို့ အဲဒီဆေးရုံက တာဝန်ကျဆရာဝန် ပါမောက္ခ ဌာနမှူး ဒေါက်တာဦးတင်ဦးက ပြောပါတယ်။

" ထမင်းစားဆောင်အပေါ်ထပ်က စလောင်တာ၊ အဲအဆောင်မှာက လူတွေမနေဘူး၊ ကပ်လျက်က အမျိုးသား လူနာဆောင်ကို မီးကူးတယ်၊ ဝန်ထမ်းတွေက မီးစလောင်ကတည်းက လူနာတွေကို ခေါ်ထုတ်ပြီး ရွှေ့ကြတယ်။ အဲဒီအဆောင်မှာပဲ လူနာက ၁၀၀ လောက် ရှိတယ်။ သေဆုံးတာတွေ ထိခိုက်ဒဏ်ရာ ရတာလည်း မရှိဘူး။ မီးလောင်တာ လူနာဆောင်ပါတော့ လူနာရှင်တွေလည်း စိတ်ပူပြီး ရောက်လာကြတယ်" လို့ ဒေါက်တာ ဦးတင်ဦးက ပြောပါတယ်။

မီးလောင်လို့ လူနာတွေရော၊ လူနာရှင်တွေနဲ့ ဆေးရုံဝန်ထမ်းတွေပါ ထိတ်လန့်ကြပေမယ့် မီးသတ်က အချိန်မီ လာငြိမ်းသတ်လို့ မီးလောင်ပြီး ၁ နာရီကျော်ကြာမှာ မီးငြိမ်းသွားတယ်လို့ သူက ဆိုပါတယ်။

မီးလောင်ရတဲ့အကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုလည်း မီးသတ်ဦးစီးဌာနက စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption AA ရက္ခိုင့်တပ်မတော် လက်နက်ကိုင်အဖွဲ့

(၂) စစ်ဖြစ်ပွားရာနယ်မြေကို ချန်လှပ်တာက ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဖွယ်ဖြစ်နေလို့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ပြောဆို

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ TNLA၊ AA၊ MNDAA တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က တပ်မတော်ဘက်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာရာမှာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ဒေသကို ချန်လှပ်ထားတာက ငြိမ်းချမ်းရေးအတွက် ဆက်လက်စိုးရိမ်ဖွယ်ဖြစ်နေတယ်လို့ ပြောပါတယ်။

အစိုးရစစ်တပ်ရဲ့ စစ်တိုင်းကြီး ငါးတိုင်းမှာ လေးလကျော် စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ တပ်မတော်ဘက်က ကြေညာလိုက်တဲ့အပေါ် အပြုသဘောဆောင် ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

ထိုးစစ်ဆင် ပစ်ခတ်တိုက်ခတ်မှုတွေကို အမှန်တကယ် ရပ်စဲပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့ တပ်မတော်ဘက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ်ရက်စဲကြောင်း ကြေညာသင့်တယ်လို့လည်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဒီဇင်ဘာ ၂၄ ရက်နဲ့ ထုတ်ပြန်ခဲ့တဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ဘက်က စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို မြေပြင်မှာ အမှန်တကယ် ရပ်ဆိုင်းရင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့လုံးကလည်း သူတို့ရဲ့စစ်စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်း ထားနိုင်တယ် လို့လည်း အဲဒီသဘောထား ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်မတော်ဘက်က ဒီဇင်ဘာ ၂၁ ရက်က စပြီး စစ်ရေးလှုပ်ရှားမှု ၄ လကျော်ကြာ ရပ်နားထားမယ်လို့ ကြေညာအပြီး ဒီဇင်ဘာလ ၂၃ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်မင်းကုလား ကျေးရွာနားမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေ ဆက်ဖြစ်လို့ ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဓာတ်ပုံ မူပိုင် SOE THUYA ZAW FACEBOOK
Image caption ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်

(၃) ဇီးပင်ကြီးစစ်တမ်းရေးတဲ့ဆရာဝန်ကို အရေးယူဖို့ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီး ပြော

ဇီးပင်ကြီးစစ်တမ်း ရေးသားခဲ့တဲ့ ဆရာဝန်ကို ဌာနအတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ပေမယ့် အရေးယူဖို့ မရှိဘူးလို့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

သွားဘက်ဆိုင်ရာ ဆရာဝန်ဒေါက်တာစိုးသူရဇော်ဟာ အထက်မြန်မာပြည် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ တက်ခဲ့တဲ့အချိန်က တွေ့ကြုံခဲ့ရတာတွေကို ဇီပင်ကြီးစစ်တမ်းဆိုပြီး ဖေစ်ဘုတ်မှာ ရေးသားခဲ့လို့ဆိုပြီး ကျန်းမာရေး ဝန်ကြီးဌာနက ဌာနတွင်း စစ်ဆေးမှု ပြုလုပ်ပြီး ထုချေလွှာတင်ဖို့ ညွှန်ကြားခံခဲ့ရတဲ့အပေါ် ကန့်ကွက်မှုတွေ ထွက်လာပါတယ်။

ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့တဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူတွေကိုတော့ ဝန်ထမ်းစည်းကမ်းနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဌာနတွင်း စစ်ဆေးရေးလုပ်တဲ့ကိစ္စကို ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ အတွင်းဝန်တွေ မသိခဲ့ဘဲ ဖေစ်ဘုတ်ကနေ ကန့်ကွက်မှုတွေ ထွက်ပေါ်လာမှသာ ဒီကိစ္စကို သိရတာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒေါက်တာစိုးသူရဇော်ရဲ့ လုပ်ရပ်ဟာ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့အတိုင်း ရေးသားခဲ့တာဖြစ်လို့ သူကိုတော့ အရေးယူဖို့မရှိဘူးလို့ ဝန်ကြီးက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတဒေါ်နယ်ထရမ့်နဲ့ ဇနီး

(၄) တူရကီကို လာရောက်လည်ပတ်ဖို့ သမ္မတဒေါ်နယ်ထရမ့်ကို ဖိတ်ကြား

တူရကီ သမ္မတ အာဒိုဝမ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို လာမယ့်နှစ်ထဲ တူရကီကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်။

ဆီးရီးယားက အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းရေး ပူးတွဲလုပ်ဆောင်မယ်လို့ သမ္မတ ၂ ဦး က သဘောတူခဲ့ပြီးနောက်မှာ တူရကီသမ္မတရဲ့ အခုဖိတ်ကြားချက် ထွက်ပေါ်လာတာပါ။

အိမ်ဖြူတော်ကတော့ ဒီဖိတ်ကြားချက်အတွက် တိတိကျကျ စီစဉ်ထားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

အမေရိကန်တပ်တွေ ပြန်ရုပ် နေချိန်မှာပဲ အရှေ့အလယ်ပိုင်းက အင်အားကြီးနိုင်ငံတွေဟာ စစ်ဘက်ဆိုင်ရာ အလေးထားမှုတွေ လုပ်လာနေပါတယ်။

တူရကီနိုင်ငံဟာ ဆီးရီးယားနိုင်ငံထဲက ကာ့ဒ်လူမျိုး တိုက်ခိုက်ရေးသမားတွေ သိမ်းထားတဲ့ နေရာတွေနားမှာ စစ်ရေးလုပ်ဆောင်တာတွေ ပိုတိုးလုပ်လာ နေပါတယ်။

တစ်ချိန်တုန်းက သူပုန်အဖွဲ့တွေနဲ့ ညီညွတ်ခဲ့ပြီး လက်ရှိမှာ မဟာမိတ်ပြုထားတဲ့ ပြည်သူ့စစ်တွေဟာလည်း မွန်ဘီမြို့နားမှာ တပ်စွဲထားပါတယ်။

ဒါ့အပြင် တူရကီတပ်ဖွဲ့တွေဟာလည်း ဆီးရီးယား နယ်စပ်နားကို ပိုတိုးပြီး လာနေပါတယ်။ လက်ရှိမှာ အမေရိကန် တပ်ဖွဲ့တွေဟာ အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းရေးအတွက် ကျောထောက်နောက်ခံပေးခဲ့တဲ့ ကာ့ဒ်လူမျိုး လက်နက်ကိုင်တွေကို ထောက်ခံတဲ့အနေနဲ့ မွန်ဘီမြို့မှာပဲ ရှိနေပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ