ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အမြန်ရပ်စဲဖို့ FPNCC တောင်းဆို အပါအဝင် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, STR
အေအေစစ်ဦးစီးချုပ် ထွန်းမြတ်နိုင်
(၁) ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အမြန်ရပ်စဲဖို့ FPNCC တောင်းဆို
ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အမြန်ရပ်စဲဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ (FPNCC) က တောင်းဆို လိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အစိုးရစစ်တပ်ရဲ့ စစ်တိုင်းကြီး ငါးတိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်လို့ ထုတ်ပြန်ကြေညာပြီးနောက် ရခိုင်ပြည်နယ်ထဲက ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ရပ်စဲတာ မရှိတဲ့အပြင် တပ်မတော်ဘက်က ရက္ခိုင့်တပ်မတော် AA ကို မူလအတိုင်း အကြီးအကျယ် ထိုးစစ် လုပ်နေတယ်လို့ FPNCC က ပြောပါတယ်။
မကြာမီ ကျင်းပပြုလုပ်မယ့် Bilateral Ceasefire Agreement ဆွေးနွေးမှုအတွက် FPNCC အနေနဲ့ ကောင်းမွန်တဲ့ အခြေအနေကို လုပ်ဆောင်နိုင်ဖို့ AA ကို ရည်ညွှန်းဆောင်ရွက်နေတဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ရေးဆိုင်ရာ စီမံချက်တွေကို တပ်မတော်ဘက်က ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံတယ်ဆိုပြီး FPNCC က ဒီဇင်ဘာ ၂၄ ရက် ကတည်းက သဘောထားထုတ်ပြန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, GAM MARIP
ကေအိုင်အို ခေါင်းဆောင်အချို့ကို UNFC ခေါင်းဆောင် အချို့နဲ့အတူတွေ့ရစဉ်
(၂) စစ်တွေ သဲချောင်းကျေးရွာက ငါးဖမ်းဆက်လှေတွေ ထွက်မရ
ရခိုင်ပြည်နယ် သဲချောင်းကျေးရွာအုပ်စုက ငါးဖမ်းစက်လှေတွေ ထွက်လို့မရတာ ၂ ပတ်ကျော် ရှိနေပြီလို့ ကျေးရွာသား တံငါသည်တွေက ပြောပါတယ်။
သဲချောင်းကျေးရွာမှာ ငါးဖမ်းစက်လှေ အစင်း ၄၀၀ ကျော်ရှိပြီး အများစုက မွတ်ဆလင် ဒုက္ခသည်တွေက ပိုင်ဆိုင် လုပ်ကိုင်ပါတယ်။
သက်ဆိုင်ရာ အာဏာပိုင်တွေက ငါးဖမ်းစက်လှေ တခါထွက်ရင် ၂ ရက်သာ ခွင့်ပြုတဲ့အတွက် လှေတွေ ထွက်မရ ဖြစ်နေတာလို့ ဒေသခံ ငါးဖမ်းလှေပိုင်ရှင် မွတ်ဆလင်ရွာသားတစ်ဦးက ပြောပါတယ်။
အရင်က NVC ကတ် (သို့) နိုင်ငံသားစီစစ်ရေး ကတ်အဟောင်း ၃ ခေါက်ချိုး ကိုင်ထားသူတွေကို ငါးဖမ်းခွင့် ပြုတယ်လို့ ဆိုပါတယ်။ ငါးဖမ်းစစ်လှေ တခါထွက်ရင် အနည်းဆုံး ၅ ရက် ကျော်မှ သာ အဆင်ပြေပြီး အခုလို ၂ ရက်သာ ခွင့်ပြုတဲ့အတွက် အခက်ကြုံ ထွက်မရ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလဆန်းက စစ်တွေမြို့မှာရှိတဲ့ ဒုက္ခသည် စခန်းကနေ မလေးရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ လှေတွေကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်နဲ့တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွေမှာ ဖမ်းဆီးရမိပြီးတဲ့နောက် သက်ဆိုင်ရာ အာဏာပိုင်တွေက ငါးဖမ်းလှေတစ်စီးကို ၂ ရက်သာ သွားခွင့် ပြုတာဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Aye Mya Mya Myo Facebook
စက်လှေနဲ့ ရောက်လာခဲ့ကြတဲ့ စစ်တွေစခန်းက မွတ်စလင်ဒုက္ခသည်တွေ
(၃) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရ
ရခိုင်ပြည် မြေပုံမြို့နယ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦး ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက သူရဲ့နေအိမ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
သတ်ဖြတ်ခံရသူဟာ အသက် ၅၀ အရွယ် အငြိမ်းစားကျောင်းဆရာ ဦးခင်သန်းမောင်ဖြစ်ပြီး၊ မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှာ လူသိများတဲ့သူလည်း ဖြစ်ပါတယ်။
ဦးခင်သန်းမောင်ရဲ့ မိသားစုဝင်တွေ ဇာတ်ပွဲသွားနေစဉ် သူတစ်ယောက်တည်း အိမ်မှာ ဗီဒီယို ကြည့်နေချိန်မှာ သေနတ်နဲ့ ဝင်ပစ်သွားတာ ဖြစ်တယ်လို့ သူရဲ့ဇနီးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေချိန်၊ စစ်ပြေးရှောင် ဒုက္ခသည်တွေနဲ့ ရှုပ်ထွေးနေချိန်မှာ အခုလို သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကို ရဲက စစ်ဆေးနေဆဲ ဖြစ်သလို ဒေသခံပြည်သူတွေ အကြားမှာ စိုးရိမ်မှုတွေ တိုးပွားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ပြည် ရှန်ဟိုင်းမြို့မြင်ကွင်း
(၄) လူကုန်ကူးမှု အပါအဝင် အမှုပေါင်း ၂၈၀၀ စီရင်ချက် ချနိုင်ခဲ့ တရုတ်တရားရုံးပြော
ပြီးခဲ့ဲတဲ့ ၃ နှစ်အတွင်း တရုတ်နိုင်ငံရဲ့တရားရေးစနစ်မှာ အမျိုးသမီးနဲ့ ကလေးတွေကို ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု အပါအဝင် အမှုပေါင်း ၂၈၀၀ ကို စီရင်ချက် ချနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ပြောလိုက်ပါတယ်။
ဒါ့ပြင် အမှုတွေထဲက ရာနဲ့ချီတဲ့ အမှုတွေကို ပြစ်ဒဏ်တွေ ချမှတ်နိုင်ခဲ့တယ်လို့လည်း တရုတ်ပြည်သူ့ တရားရုံးချုပ်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူကုန်ကူးမှုကျူးလွန်တဲ့ ဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့ အမေရိကန်က ၂၀၀၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
အစ္စရေးဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆီးရီးယားပြော
(၅) အစ္စရေးဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆီးရီးယားပြော
ဆီးရီးယား မြို့တော် ဒမတ်စကတ်စ် အနီးနားကို အစ္စရေးလေယာဉ် တစ်စင်းကနေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ဆီးရီးယား လေကြောင်းကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။
အဲဒီဒုံးကျည်တွေကြောင့် လက်နက်ဟောင်းတွေ စုထားတဲ့ အပုံတစ်ခုကို ထိခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။
အစ္စရေးကလည်း ဒီတိုက်ခိုက်မှုကို အတည်ပြုထားပြီး ဆီးရီးယားဒုံးကျည်တစ်ခုကို ပစ်ချဖို့ သူ့ရဲ့လေကြောင်း ကာကွယ်ရေးစနစ်ကို နောက်ပိုင်းမှာ သုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဆီးရီးယား နိုင်ငံထဲက အီရန်နဲ့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တွေဟာ သူ့နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားလို့ အဲဒီနေရာတွေကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လေ့ ရှိပါတယ်။