ထိုင်းမှာ ရက်ချီ ပျောက်နေတဲ့ မြန်မာရွှေ့ပြောင်းကလေးအလောင်း ပြန်တွေ့

၂ နှစ် နဲ့ ၁ လသား အရွယ် မောင်စိုးလွင်ဖြိုး ဓာတ်ပုံ မူပိုင် စုဝေ
Image caption နှစ်နှစ် နဲ့ တလသား အရွယ် မောင်စိုးလွင်ဖြိုး

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်က ဧကပေါင်း ၇ဝဝ နီးပါး ကျယ်ဝန်းတဲ့ ကြံစိုက်ခင်းအနီး ကိုးရက် ကြာ ပျောက်ဆုံးနေတဲ့ နှစ်နှစ်သား မြန်မာ ရွှေ့ပြောင်းကလေးငယ်ကို မနေ့ညနေပိုင်းက သေဆုံးလျက် ရှာတွေ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကလေးငယ် မောင်စိုးလွင်ဖြိုးရဲ့ ရုပ်အလောင်းကို အထူးမှုခင်းဆရာဝန်က အသေးစိတ် စစ်ဆေးဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပို့ဆောင်လိုက်ပြီလို့ စူဖန်ဘူရီခရိုင် အူထောင်းမြို့နယ် ပြည်သူ့ဆေးရုံ ကနေ သိရပါတယ်။

ဆေးရုံမှာ စစ်ဆေးချက်အရ ကလေးငယ် သေဆုံးတာ လေးရက် ကြာ ရှိမယ်လို့ ခန့်မှန်းပြီး ကလေးရဲ့ ခြေထောက်အရိုးတွေဟာ ဟက်တက်ကွဲနေသလို ဦးခေါင်းမှာလည်း ဒဏ်ရာဒဏ်ချက်တွေ တွေ့ရလို့ ကလေးမိဘတွေက တိုင်ချက် စဖွင့်ထားတာကို သိရတယ်လို့ ကလေးငယ် ပျောက်ဆုံးမှုကို ဆက်သွယ် စုံစမ်းမေးမြန်းနေတဲ့ တာချီလိတ်မြို့ခံ ဦးစည်သူမောင်က ပြောပါတယ်။

"ကလေးပျောက်တယ်ဆိုတဲ့ နေရာနဲ့ ငါးကီလိုမီတာအကွာ ( သုံးမိုင် နီးပါး) ရေမြောင်းစပ် အနီးမှာ တွေ့တာ၊ သေသွားတာ ၃၊ ၄ ရက်လောက် ရှိပြီပြောတယ်။ ကလေးခြေထောက်နဲ့ ခေါင်းမှာ ဒဏ်ရာတွေ တွေ့လို့ဆိုပြီး ကလေးမိဘက အမှုဖွင့်ထားတယ်။ သူတို့တွေက တနင်္သာရီမြို့နယ် ကန်ပေါက်ရွာကနေ အလုပ်လာလုပ်ကြသူတွေ" လို့ ဦးစည်သူမောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် စုဝေ
Image caption ပျောက်ဆုံးနေတဲ့ ကလေးရဲ့ မိဘနှစ်ဦး

ကလေးမိဘတွေဟာ ထိုင်းနိုင်ငံ၊ စူဖန်ဘူရီခရိုင် အူးထောင်းမြို့နယ် စရဖန်လန်ကျေးရွာမှာရှိတဲ့ ကြံစိုက်ခင်းမှာ အလုပ် လာလုပ်ကြတဲ့သူတွေဖြစ်ပြီး ဒီနေရာဟာ မြန်မာဘက်ကနေလာရင် ဘုရားသုံးဆူ၊ ကန်ချနပူရီဂိတ် တွေနဲ့ နီးပြီး မွန်ပြည်နယ်၊ ထားဝယ်မြို့တွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးဟာ နှစ်နှစ် နဲ့ တလသား အရွယ် မောင်စိုးလွင်ဖြိုးဆိုသူဖြစ်ပြီး သူပျောက်ဆုံးတာ ဒီဇင်ဘာ ၁၇ ရက် ကတည်းက ဖြစ်ပေမယ့် ကလေးမိဘတွေက ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ ဖြစ်နေလို့ ပျောက်ပျောက်ချင်း ထိုင်းရဲကို မတိုင်ရဲဘဲ ဝိုင်းဝန်းရှာရာကနေ ဒီဇင်ဘာ ၁၉ ရက်မှ သတင်းပေးပို့တာလို့ ဦးစည်သူမောင်က ပြောပါတယ်။

"ကလေးမိဘတွေက ရွှေ့ပြောင်းမြန်မာတွေဆိုတော့ ကလေးပျောက်ပျောက်ချင်း ကြိတ်ရှာကြတာ၊ ရဲကို အကြောင်း မကြားရဲဘူး၊ နောက်တရက်ကျော်မှ သတင်းပို့တော့ ထိုင်းအာဏာပိုင်တွေကပါ အနံ့ခံ ခွေးတွေ၊ ဆင်တွေနဲ့ ပါ လူအင်အားသုံး ရှာပေးတယ်၊ ကြံခင်းမှာ မီးမရှိနေတော့ မိုဘိုင်း အီလက်ထရောနစ်တွေ ( ရွေ့လျားသုံး လျှပ်စစ်မီးစက်) ထွန်းပြီး ရှာတာ၊ ရဟတ်ယာဉ် နှစ်စင်း ကလည်း လာရောက်ရှာဖွေသလို ကြံစိုက်ခင်း ထဲမှာ ရေကန် ရှိတော့ ရေငုပ်သမားတွေကပါ ရေငုပ်ရှာကြတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် စုဝေ
Image caption ကလေးကို ကြံခင်းထဲ ရှာဖွေနေကြ

စီစီတီဗွီ မှတ်တမ်းတွေ ကြည့်ပြီး ရဲ၊ လူအင်အား ၄ဝဝ ကျော်က ရှာဖွေသလို ဒေသခံတွေကလည်း ကူညီရှာဖွေသူတွေကို လာရောက်ကျွေးမွေးလှူဒါန်း ပေးတာကို တွေ့မြင်ရတယ်လို့ ကလေးကို ရှာဖွေခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

စူဖန်ဘူရီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကလည်း ပျောက်နေတဲ့ ကလေးကို မတွေ့မချင်း ရှာပေးရမယ်လို့ ညွှန်ကြားသလို ဒီဇင်ဘာ၂၄ ရက်မှာ နောက်ထပ် အနံ့ခံခွေးတွေနဲ့ ရဲအင်အား တရာ ထပ်ဖြည့်ပေးပြီး သဘာဝဘေး အန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကပါ ယာဉ် ၆ စီးနဲ့ လာရောက်ကူညီ ရှာဖွေခဲ့ကြတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ကလေးကို အသက်ရှင်လျက် ရှာတွေ့ရင် ဆေးရုံခေါ်ဆောင် ကုသပေးဖို့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူနာတင်ယာဉ်တွေလည်း အသင့်စောင့်ဆိုင်း နေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် စုဝေ
Image caption အသင့်စောင့်ဆိုင်းနေတဲ့ ဆေးအဖွဲ့

ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်း သေဆုံးနေတဲ့ ကလေးရဲ့ရုပ်အလောင်းကို ပြန်ရှာတွေ့ပြီးချိန် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကလေးက သာမန်သွေးရိုးသားရိုးနဲ့ သေဆုံးတာလား၊ လမ်းစပျောက်လို့ သွားလာရင်း သေဆုံးတာလား၊ တစုံတယောက်က သတ်လိုက်လို့ သေဆုံးတာလားဆိုတာကို ဆက်လက်စစ်ဆေးမှာ ဖြစ်တယ်လို့ စူဖန်ဘူရီခရိုင် မြို့ပိုင် ဝမ်ချိုင်းထနဝုန်က ပြောဆိုတယ်လို့ ထိုင်းသတင်းစာတွေမှာ ရေးထားပါတယ်။

ကလေးကို ပြန် တွေ့ရှိခဲ့တဲ့ နေရာက ပျောက်ဆုံးခဲ့တဲ့ နေရာနဲ့ သုံးမိုင် နီးပါး လောက် အထိ ဝေးကွာနေတာကြောင့် ဒါကို သံသယရှိလို့ ထိုင်း တာဝန်ရှိသူတွေက မသင်္ကာဖွယ်ရာဖြစ်တဲ့ ကားသမားတွေကို ခေါ်စစ်တာ၊ ကြံခင်းတဝိုက်က အိမ်တချို့ကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေကြပါတယ်။

စစ်ဆေးမှုတွေအရ ကလေးငယ်ဟာ သမားရိုးကျ အစာရေစာ ပြတ်လပ်လို့ သေဆုံးခဲ့ရတဲ့ ပုံစံမျိုး မဟုတ်ဘဲ လယ်ထွန်စက် စတဲ့ ယာဉ်တစ်စီးစီးနဲ့ တိုက်မိလို့ အစဖျောက်ခံရတယ်လို့ ထင်မြင်ရကြောင်း ထိုင်းလူ့အခွင့်အရေး ရှေ့နေတွေက ပြောဆိုတယ်လို့ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးနေတဲ့ ဦးမိုးကြိုးက ပြောပါတယ်။

အခုလို ကလေးငယ် သေဆုံးလို့ ထိုင်းအာဏာပိုင်တွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်လာသလို နှစ်သစ် ကူးပြောင်းချိန်နီးတိုင်း ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး စီမံချက်တွေနဲ့ နိုင်ငံတဝှမ်းလုံးမှာ နိုင်ငံခြားသား အလုပ်သမားတွေကို စစ်ဆေးအရေးယူမှုတွေ လုပ်နေလို့ အထောက်အထား မပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အကြား စိုးရိမ်နေကြတယ်လို့ သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ