ငွေတုကိုင်လို့ ဖမ်းဆီးတရားစွဲခံရတဲ့ ဒိုက်ဦးက အိမ်အကူအမျိုးသမီးငယ်အမှု လူ့အခွင့်အရေး ကော်မရှင်စစ်ဆေး ဒီဇင်ဘာ ၂၇ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် Sai Tin Maung
Image caption ပိတ်နေတဲ့ ကုန်တင်ကားတွေ

(၁) တရုတ်ကိုတင်ပို့မယ့် သစ်သီးတင်ကုန်ကားတွေ မူဆယ်နယ်စပ်ဂိတ်မှာ ရာနဲ့ချီပိတ်ဆို့နေလို့ အသီးတွေ ပျက်စီး

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းကတဆင့် တရုတ်ဘက်ကို တင်ပို့နေတဲ့ ဖရဲ၊သခွား တင်ဆောင်လာတဲ့ ကုန်ကားတွေဟာ မြန်မာဘက်အခြမ်းမှာ ပိတ်မိနေတာဟာ တပတ်ကျော်ကြာလာလို့ အသီးတွေ ပျက်စီးပြီး နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့အထိကို ပိတ်နေတဲ့ကုန် ကားအစီးရေက ငါးရာဝန်းကျင်အထိ ရှိနေသေးတယ်လို့ ပိတ်မိတဲ့ နေရာမှာ ရောက်ရှိနေတဲ့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ဘက်က စစ်ဆေးမှုတွေ ကြန့်ကြာနေလို့ မြန်မာဘက်ခြမ်းမှာ ကုန်ကားတွေ အစီးရေ ရာနဲ့ချီ ပိတ်ဆို့နေတာလို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ဘက်ကလည်း အကောင်းဆုံးဆိုတဲ့ အသီးတွေကိုသာ ဝယ်လက်တွေက ရွေးဝယ်တဲ့အတွက် ကျန်အသီးတွေကို ပယ်သီးအဖြစ် လွှင့်ပစ်လိုက်လို့ နစ်နာမှုတွေ ဖြစ်ရတယ်လို့လည်း တရုတ်ပြည်ဘက်ကို ကိုယ်တိုင်တင်ပို့နေတဲ့ သစ်သီးကုန်သည် ဦးစိုင်းတင်မောင်က ပြောပါတယ်။

ဖရဲသခွား ဈေးကောင်းချိန်ဖြစ်တဲ့ အခုချိန်မှာ ကားတွေပိတ်ဆို့နေလို့ ဖရဲတစ်တန်ကို ယွမ် ၃ ထောင် ဝန်းကျင် အထိရတဲ့ ဖရဲသီးတွေဟာ လက်ရှိမှာတော့ တစ်တန်ကို ၁၆၀၀ ကနေ ယွမ် ၂၀၀၀ ဝန်းကျင်ထိပဲ ဈေးရတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY
Image caption ဘဏ်တွေမှာပါ ငွေအတု အစစ်ခွဲတဲ့ စက်တွေကို အဓိကအသုံးပြုလာရ

(၂) ငွေတုကိုင်လို့ ဖမ်းဆီးတရားစွဲခံရတဲ့ ဒိုက်ဦးက အိမ်အကူအမျိုးသမီးငယ်အမှု လူ့အခွင့်အရေး ကော်မရှင်စစ်ဆေး

ငွေတုကိုင်ဆောင်လို့ဆိုပြီး တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင် ကျေးရွာတွင်က မနော်သောသွဲထူးရဲ့ အမှုဖြစ်စဉ်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ် ခဲ့ပြီးပြီလို့ ဆိုပါတယ်။

" သူတို့တွေက တအားရိုးသားလွန်းတယ်။ စစ်ဆေးသိလာရတာက ငွေတုဆိုတာ သိတာနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောတယ်။ ရဲအပ်ဖို့ပြောလို့ အပ်ဖို့စီစဉ်နေချိန်မှာပဲ အရင်ရက်တွေက ဆန်ဝယ်ခဲ့တဲ့ ဆန်ဆိုင်ပိုင်ရှင်ကတိုင်လို့ အထွေထွေ အုပ်ချုပ်ရေးရုံးကို ရောက်သွားချိန်မှာ စောင့်နေတဲ့ ရဲတွေက သူတို့ပါလာတဲ့ ပိုက်ဆံတွေကို စစ်လိုက်တော့ အတုဆိုတာမိပြီး အဖမ်းခံရတာကို သိခဲ့ရတယ်" လို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

အဲဒီအချိန်မှာပဲ သူစင်္ကာပူ သွားအလုပ်လုပ်ချိန်က အကြွေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်ခဲ့တဲ့ မိတ်ဆွေအကြွေးရှင်တွေကပါ သူတို့ဆီ ပြန်ဆပ်ထားတဲ့ ပိုက်ဆံတွေက အတုတွေပါဆိုပြီး လာအပ်တော့ အမှုက ပိုကြီးသွားတာကို တွေ့ရတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရော ကောင်မလေးနဲ့ မိသားစုကပါ ရိုးလွန်းကြောက်လွန်းလို့ ရဲလက်အပ်မယ့် အခြေအနေကို မပြောပြကြဘူး။ ဒါနဲ့ပဲ ဖမ်းခံရ တရားစွဲခံရတဲ့အထိ ဖြစ်လာခဲ့တာလို့ ဦးယုလွင်အောင် က ဆက်ပြောပါတယ်။

မနော်သောသွဲထူးဟာ အိမ်အကူအဖြစ် စင်္ကာပူမှာ အလုပ် လုပ်ရင်းနဲ့ ရလာတဲ့ လစာ လုပ်အားခတွေမှာ အစစ်အမှန် မဟုတ်တဲ့ ငွေတုတွေ ပါလာပြီး ငွေတုတွေမှန်း မသိဘဲ သုံးခဲ့မိတာအတွက် ရဲအဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်မှာ သူရဲ့ဂုဏ်သိက္ခာ ကျဆင်းခဲ့တာကြောင့် လူ့အခွင့်အရေးအရ နစ်နာမှုတွေ ဖြစ်ရတဲ့ တွေ့ရှိချက် အစီရင်ခံစာကို သမ္မတနဲ့ သက်ဆိုင်ရာ ဌာနတွေဆီ ပေးပို့သွားမယ်လို့ လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ်နိုင်ငံက လေတပ်စခန်းကို ရုတ်တရက်သွားခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဇနီး

(၃) အီရတ်နိုင်ငံက လေတပ်စခန်းကို ရုတ်တရက်သွားခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဇနီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးတို့ဟာ အီရတ်နိုင်ငံထဲမှာရှိတဲ့ အယ်လ်အဆတ် လေတပ်စခန်းမှာ အခြေစိုက်နေတဲ့ အမေရိကန် တပ်ဖွဲ့တွေဆီကို ကြိုတင်ကြေညာထားတာ မရှိဘဲ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

သမ္မတနဲ့ သမ္မတကတော် တို့ဟာ တပ်ဖွဲ့တွေရဲ့ တာဝန်ထမ်းဆောင်မှု၊ အောင်မြင်မှုနဲ့ စွန့်လွှတ်မှုတွေကို ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ ခရစ္စမတ် ညနှောင်းပိုင်းမှာ လေတပ်ကို သွားခဲ့တာလို့ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်ဟာ ကမ္ဘာလုံခြုံရေးအတွက် ဆက်ပြီး ရှိနေပေးတော့မှာ မဟုတ်ဘူးလို့ သမ္မတက တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

ဒါပေမယ့် တခြားနိုင်ငံတွေ အနေနဲ့ အမေရိကန်ကို တိုက်ခိုက်လာတယ် ဆိုရင်တော့ အဲဒီ့အတွက် ပြန်ပေးဆပ်ရမယ်လို့ သမ္မတက ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ အီရတ်ထဲက တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းမယ့် အစီအစဉ် မရှိဘူးလို့ သမ္မတထရမ့်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းအတွက် အမေရိကန်ရဲ့ဗျူဟာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ခဲ့လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်ထစ် ရာထူးကနေ နှုတ်ထွက်သွားပြီးနောက်မှာ သမ္မတရဲ့ အခုခရီးစဉ် ထွက်လာတာပါ။ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်နေတဲ့ အီရတ်အစိုးရကို ထောက်ပံ့မှုပေးဖို့ အီရတ်မှာ တပ်စွဲထားတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ငါးထောင် နီးပါး အထိ ရှိနေပါသေးတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရုရှားမှာ အသံထက်ပိုမြန်သလို နျူကလီးယားတပ်ဆင်နိုင်မယ့် ဒုံးကျည်တစ်မျိုးကို စမ်းသပ်နိုင်

(၄) ရုရှားမှာ အသံထက်ပိုမြန်သလို နျူကလီးယားတပ်ဆင်နိုင်မယ့် ဒုံးကျည်တစ်မျိုးကို စမ်းသပ်နိုင်ပြီ

ရုရှားနိုင်ငံမှာ လာမယ့်နှစ်မှာ စတင်ဖြန့်ကြက် တပ်ဆင်မယ့် အသံထက်ပိုမြန်သလို နျူကလီးယားလည်း တပ်ဆင်နိုင်မယ့် Avangard ဒုံးကျည်တမျိုးကို စမ်းသပ်နိုင်ပြီလို့ ဆိုပါတယ်။

နျူကလီးယား တပ်ဆင်နိုင်မယ့် ဒုံးကျည်တမျိုး နောက်ဆုံးအဆင့် စမ်းသပ်မှုကို ကြည့်ရှုခဲ့တယ်လို့ ရုရှားသမ္မတ ပူတင်ကလည်း ပြောလိုက်ပါတယ်။

ဒီလက်နက်ဟာ လက်ရှိအသုံးပြုနေကြတဲ့ ဒုံးကျည်တွေ ကာကွယ်ရေးစနစ် သာမက နောက်မျိုးဆက် ဒုံးကျည်ကာကွယ်ရေး စနစ်ကိုပါ ထိုးဖောက်နိုင်မယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

Avangard ဒုံးကျည်ကို ယူရယ် တောင်တန်းတွေကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၆ဝဝဝ အကွာက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ မော်စကိုက ပြောပါတယ်။

ဒါပေမယ့် ဒီစမ်းသပ်မှုဟာ မတ်လတုန်းက သမ္မတပူတင် ပြောထားတဲ့ အရင်တစ်ခေါက် စမ်းသပ်အောင်မြင် ထားတယ်ဆိုတဲ့ ဒုံးကျည်စနစ်နဲ့ အတူတူလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။