လှိုင်သာယာ ညောင်ရွာက ကျူးကျော်အိမ်တွေ ဖယ်ရှားရာက အချေအတင်ဖြစ်

ညောင်ရွာ ရပ်ကွက်မှာ ရှိတဲ့ ကျူးကျော်နေအိမ်တွေ ဓာတ်ပုံ မူပိုင် KM
Image caption ညောင်ရွာ ရပ်ကွက်မှာ ရှိတဲ့ ကျူးကျော်နေအိမ်တွေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ညောင်ရွာ ရပ်ကွက်မှာ ရှိတဲ့ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားဖို့ ရောက်ရှိလာတဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်ရှိနေထိုင်သူတွေအကြား ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက အချေအတင် ဖြစ်ပွားခဲ့ပါတယ်။

အင်အားသုံး လာရောက် ဖယ်ရှားချိန်မှာ ကျောင်းသားကလေးတွေ ကျောင်းပိတ်ထားချိန်ဖြစ်လို့ ဒီရပ်ကွက်မှာ နေထိုင်ရှိနေကြတဲ့ ကျောင်းသားငယ်တွေနဲ့ အမျိုးသမီးတွေက ရပ်ကွက်ထိပ်ကနေ နေအိမ်တွေ မဖျက်အောင် ပိတ်ဆို့ တားဆီးရာက အချေအတင် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ဖျက်မိန့်ကျထားတဲ့ ကျူးကျော်နေအိမ် ၃၉ လုံးထဲမှ ကျူးကျော်နေအိမ် ၁၅ လုံး စတင် ဖယ်ရှားခံခဲ့ရပြီး ကျန်နေအိမ်တွေကို ရှင်းလင်းဖယ်ရှားဖို့ လာကြရာက အချေအတင် ဖြစ်ပွားခဲ့တာလို့ အဲဒီမှာ နေထိုင်ကြသူတွေက ပြောပါတယ်။

" ဒီမှာနေကြတဲ့သူတွေက နယ်ကသူတွေ များတယ်။ ကျမတို့တွေဆို ပြင်ဦးလွင်ကနေ အလုပ်လာလုပ်ရင်း နေလာတာ ၂ဝဝဝ ပြည့်နှစ်ကတည်းကပါ။ အညာကနေ အလုပ်လာလုပ် နေကြသူတွေ များတယ်။ ဧရာဝတီတိုင်းဘက်ကလည်း ပါတယ်။ ဒီရပ်ကွက်က ဆယ်အိမ်မှူးတွေကို မြေငှားခ ၁ လ ၃၅၀ ကျပ်ကနေ ၃ ထောင်ကျပ် အထိပေးပြီး ကိုယ့်ဘာသာ အိမ်ဆောက်နေကြတာ" လို့ ကျူးကျော်နေထိုင်သူ တဦးဖြစ်တဲ့ မခိုင်ခင်ဦးက ပြောပါတယ်။

ဒီကျုးကျော်နေရာမှာ လူနေအိမ် ၁၃၅ လုံး၊ လူဦးရေ ၅၀၀ ကျော် ရှိပြီး ကျောင်းသားကလေးငယ် ၇ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနေအိမ်နေရာတွေဟာ ပန်းလှိုင်ဂေါက်ကွင်း၊ ပန်းလှိုင်ဆေးရုံကနေ လမ်းလျှောက်လာရင် ၁ဝ မိနစ်လောက် ကြာတယ်လို့ သူက ပြောပါတယ်။

"၂ဝ၁၂ မှာ မြေနေရာပိုင်ရှင် ပေါ်လာတယ်။ ဒီမြေနေရာတွေက ပေ ၄၀ ၊ ပေ ၆ဝ မြေကွက် ၂၅ ကွက်ကို UK ကြာဆံစက်ရုံက တဦးတည်း ပိုင်တယ်လို့ ပြောတယ်။ နောက် မြေငှားခ တလ ငါးထောင် ပေးဆိုပြီး ရဝတ လူကြီးနဲ့ လွှဲပြီး တောင်းလာတယ်။ အဲဒီအချိန်က ငါးထောင် မပေးနိုင်ကြလို့ မပေးတော့ရာကနေ မြေပိုင်ရှင်က တရားစွဲတော့တာပါပဲ" လို့ မခိုင်ခင်ဦးက ပြောပါတယ်။

၂၀၁၂ မှာ စတင် တရားစွဲဆိုခံရရာကနေ ၆ နှစ်အကြာ တရားရင်ဆိုင်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ်မှာ ကျူးကျော်တွေဘက်က တရားရှုံးကာ တရားရုံးအမိန့်နဲ့ သတိပေးစာ ပေးပို့ခံရပြီးနောက် ခုလို အတင်းအကျပ် ဖယ်ရှားခံရတာလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် KM
Image caption ညောင်ရွာ ရပ်ကွက်မှာ ရှိတဲ့ ကျူးကျော်နေအိမ်တွေ

တရားစွဲဆို စစ်ဆေးမေးမြန်း ခံရရာမှာလည်း နေထိုင်သူအားလုံးမှာရှိတဲ့ ရပ်ကွက်က ထုတ်ပေးထားတဲ့ ယာယီသန်းခေါင်စာရင်းတွေနဲ့ မြေငှားနေထိုင်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို တရားရုံးမှာ တင်ပြခွင့်မရဘူးလို့ ကျုးကျော် နေထိုင်သူတွေက ပြောပါတယ်။

အဲ့ဒီအတွက် ဖယ်ရှားရှင်းလင်းတာကို ပြန်စစ်ဆေးပေးဖို့ ကျုးကျော်နေထိုင်သူတွေက တောင်းဆိုကြပါတယ်။

လှိုင်သာယာမှာ ကျုးကျော်နေထိုင်ကြတဲ့ နေရာတွေ အများအပြား ရှိနေသလို ညောင်ရွာရပ်ကွက် ကျုးကျော်ဖြစ်ရပ်ကလည်း မူလမြေပိုင်ရှင်နဲ့ ကျုးကျော်နေသူတွေအကြား မြို့နယ်၊ ခရိုင်တရားရုံးတွေမှာ အဆင့်ဆင့် နှစ်ရှည်ကြာ ရင်ဆိုင် ဖြေရှင်းပြီးမှ တရာရုံးရဲ့ ဆုံးဖြတ်ချက်အမိန့်နဲ့ ဖယ်ရှားခံရတာ ဖြစ်လို့ တရားစီရင် ဆုံးဖြတ်ချက်ကို ဝင်ရောက် မဖြေရှင်းနိုင်ပေမယ့် တခြားလူမှုဆိုင်ရာ ကူညီမှုတွေကိုတော့ လုပ်ကိုင်ပေးသွားမယ်လို့ လှိုင်သာယာမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ