ရိုက်တာအမှုက ဒုရဲမှူးဟောင်း မိုးရန်နိုင် နှစ်ဆန်းမှာ ပြန်လွတ်မယ်

ရိုက်တာ သတင်းထောက် နှစ်ယောက် ဓာတ်ပုံ မူပိုင် AFP
Image caption ဒုရဲမှူးဟောင်းမိုးရန်နိုင် ဖမ်းဆီး ခံရစဉ်

ရိုက်တာ သတင်းထောက်တွေရဲ့ အမှုနဲ့ ပတ်သက်လို့ ထောင်ချခံရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင် မကြာခင် ပြန်လည်လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။

မကြာခင်က ထောင်၀င်စာ သွားတွေ့ခဲ့တဲ့ ဇနီး ဖြစ်သူကို သူပြန်လွတ်တော့မယ့် အကြောင်း ပြောပြခဲ့တာလို့ သူ့ဇနီး ဒေါ်တူးတူးက ဘီဘီစီကို ပြောပါတယ်။

ရိုက်တာ သတင်းထောက်နှစ်ယောက်ဟာ ထောင်ခြောက်ဆင် ဖမ်းဆီးခံခဲ့ရတာလို့ ထုတ်ဖော်ပြောခဲ့ပြီးတဲ့နောက် ရဲအရာရှိ မိုးရန်နိုင် ဟာ ထောင်တနှစ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

အမှန်တရားကို ထုတ်ပြောခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ လာမယ့် ဇန်နဝါရီ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာမယ်လို့ သူ့ကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ က ပြောပါတယ်။

ထောင်ဒဏ် ၁ နှစ်ကျသွားတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင် ဟာ လွတ်ရက်စေ့ဖို့ ၄ လလောက်လိုသေး တာ ဖြစ်ပါတယ်။

အခုလို ခင်ပွန်းသည် ပြန်လွတ်လာတော့မယ် ဆိုတာ သိရလို့ အတိုင်းမသိ ၀မ်းသာမိတယ်လို့ ဒေါ်တူးတူးက ပြောပါတယ်။

ပြန်လွတ်လာရင် ဘာလုပ်ကြမယ် ဆိုကိုတော့ မသိရသေးဘူးလို့ ဇနီး ဖြစ်သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ခုနစ်နှစ် ချခံရတဲ့ ရိုက်တာ သတင်းထောက်များ

အထက်က ခွင့်ပြုချက်မပါဘဲ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဆိုပြီး သတင်းအချက်အလက်တွေကို သတင်းထောက်ကို ကိုမိုးရန်နိုင်က ရုံးချိန်း တခုမှာ ထုတ်ဖော်ပြောဆိုခဲ့ တာ ဖြစ်ပါတယ်။

အဲဒီနောက် အခုလို ထုတ်ပြောတာဟာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ ချိုးဖောက်တာဆိုပြီး ရဲတရားရုံးတခုက ပြီးခဲ့တဲ့ ဧပြီလမှာ သူ့ကို ထောင်ဒဏ် တနှစ် ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။

ပြန်လည်လွတ်မြောက်လာခဲ့ရင် ဒုရဲမှူးဟောင်း မိုးရန်နိုင် သူ့အဖေ နေတဲ့ စစ်ကိုင်းတိုင်းက ခင်ဦးမြို့ကို အရင်ဆုံးပြန်မယ်လို့ ဒေါ်တူးတူးက ပြော ပါတယ်။

ခင်ဦးမြို့မှာသာ သူတို့ အတွက် နေစရာ ရှိတဲ့ အတွက် အဲဒီကို ပြန်ရခြင်း ဖြစ်ကြောင်း၊ အဲဒီမှာ မိဘတွေ ရှိကြောင်း၊ မိဘ အိမ်မှ တပါး လတ်တလော သူတို့မှာ နေစရာမရှိကြောင်း ဇနီး ဖြစ်သူက ရှင်းပြပါတယ်။

ထောင်၀င်စာ သွားတွေ့တဲ့ အခါ ကိုမိုးရန်နိုင်က သူ့အနေနဲ့ ထောင်က လွတ်လာရင် ကျောင်းတက်နေတဲ့ သမီးတွေကို အရင်ဆုံး တွေ့လိုတဲ့ ဆန္ဒရှိတာကြောင့် သမီးတွေကို အရင်သွားတွေ့မှာ ဖြစ်တယ်လို့ ဒေါ်တူးတူးက ဆိုပါတယ်။

လက်ရှိမှာ ရဲအရာရှိ မိုးရန်နိုင် အနေနဲ့ ကျန်းမာရေး ကောင်းမွန်ပြီး ထောင်ထဲမှာနေရတာ အဆင်ပြေကြောင်းနဲ့ သူဆုရတဲ့ အကြောင်း ကို သူသိတယ်လို့ ဇနီး ဖြစ်သူက ပြောပါတယ်။

မကြာသေးခင်က ဒုရဲမှူး မိုးရန်နိုင်ကို လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူလို့ အမည်ပေးထားတဲ့ ဆုနဲ့အတူ ကျပ်ငွေ ၁၅ သိန်းကျော်ကို ပန်မြန်မာ Pen Myanmar က ချီးမြှင့်ထား တာ ဖြစ်ပါတယ်။

အခုလို သူဆုရတဲ့ အကြောင်းကို ဒုရဲမှူးဟောင်းက သိရှိကြောင်းနဲ့ သူပြန်လွတ်လာရင် သူကို ဆုချီးမြင့်သူတွေကို သွားရောက် ကျေးဇူးတင်စကား ပြောမယ့် အစီအစဉ်လည်း ရှိတယ်လို့ ဒေါ်တူးတူးက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ