မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ လုံး အစိုးရ၊ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးပွဲတိုင်း အတူပါဝင်မယ် စတဲ့ ဒီဇင်ဘာ ၂၈ ရက် မနက်ခင်း သိသင့်တဲ့ သတင်းတွေ

ဓာတ်ပုံ မူပိုင် MYANMAR STATE COUNSELLOR OFFICE
Image caption အစိုးရ၊ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးပွဲတိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့လုံး အတူပါဝင်မယ်

(၁) အစိုးရ၊ တပ်မတော်နဲ့တွေ့ဆုံဆွေးနွေးပွဲတိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့လုံး အတူပါဝင်မယ်

အစိုးရ၊ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးပွဲတိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့လုံး အတူပါဝင် ဆွေးနွေးသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO/KIA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့ ၄ ဖွဲ့ တို့ ပါဝင်ပါတယ်။

ဒီလို ၄ ဖွဲ့ လုံး အတူပါဝင် ဆွေးနွေးဖို့အတွက် ဒီဇင်ဘာ ၂၀ ရက် က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး ကြေညာချက်နဲ့ ပတ်သက်ပြီး KIA,TNLA, MNDAA, AA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ဒီဇင်ဘာ ၂၇ ရက်က အစည်းအဝေး ကျင်းပပြီး အခုလို သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံအတွင်း ကျင်းပမှာဖြစ်ပြီး၊ အစိုးရ၊ တပ်မတော်နဲ့ ဆွေးနွေးပွဲတိုင်းကို FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ UWSP/UWSA, SSPP/SSA, PSC/NDAA အဖွဲ့တွေက အသိသက်သေ အနေနဲ့ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

တပ်မတော်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာလည်း တွေ့ဆုံဆွေးနွေးရေး လမ်းစဖြစ်တယ်လို့ သုံးသပ်ကြောင်း အဲဒီ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပ်မတော် စစ်တိုင်းအားလုံးမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို တပြိုင်နက် ရပ်ဆိုင်းပေးဖို့နဲ့ ရခိုင်ပြည်နယ် အတွင်းက AA ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က တောင်းဆိုထားပါတယ်။

အစိုးရ၊ တပ်မတော်ဘက်က တောင်းဆိုတာတွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးရင် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် KHAING MRAT KYAW
Image caption တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများ

(၂) ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေသလို စစ်တပ်ကလည်း ရွာသားတွေကို စစ်ဆေးမှုတွေ လုပ်နေတဲ့အတွက် ရွာသားတချို့ဟာ နီးစပ်ရာကို ထွက်ပြေး တိမ်းရှောင် နေရပါတယ်။

ရသေ့တောင်မြို့နယ် ရကောင်းချောင်း အနားမှာ မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေ ဖြစ်ပွားလို့ ရွာသားတွေဟာ ဘူးသီးတောင်မြို့နယ် စည်တောင်ရွာမှာ မနေ့ကစပြီး ခိုလှုံလာတာ ဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့ အမျိုးသမီးတစ်ဦးက တပ်မတော်စစ်ကြောင်း တကြောင်းဟာ မနေ့က သူတို့ရွာကို ရောက်လာပြီး ရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်လို့ ရွာသားတချို့ဟာ ကြောက်လန့်ပြီး ထွက်ပြေးကြတာလို့ ပြောပါတယ်။

အလားတူပဲ ဘူးသီးတောင်မြို့နယ် စည်တောင်ရွာက ရွာသား ၁၂ ဦးကိုလည်း စစ်ကြောင်း တခုက ခေါ်ယူသွားပြီး စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ပြန်လွတ်ပေးခဲ့တယ်လို့ အဲဒီရွာသားတွေက ပြောပါတယ်။

အခုလို အခြေအနေတွေ ဖြစ်ပေါ်နေလို့ ဒေသခံ ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့် နေကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန်နိုင်ငံမှာ အစိုးရယန္တယား လည်ပတ်မှုတချို့ ပိတ်ထား

(၃) အစိုးရယန္တရား လည်ပတ်မှုတချို့ပိတ်ထားရတဲ့အပေါ် ဖြေရှင်းနိုင်မှု မရှိသေး

အမေရိကန်နိုင်ငံမှာ အစိုးရယန္တရား လည်ပတ်မှုတချို့ ပိတ်ထားရတာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော် ၂ ရပ်လုံးမှာ ခေါ်ယူဆွေးနွေးခဲ့ပေမယ့် ဆုံးဖြတ်ချက် တစုံတရာ မချနိုင်ခဲ့ပါဘူး။

အစိုးရ ဌာနတချို့ လည်ပတ်မှု ရပ်ဆိုင်းထားတာဟာ အခုဆိုရင် ၆ ရက် ထဲ ဝင်လာပြီဖြစ်ပြီး အစိုးရဝန်ထမ်း သောင်းချီလည်း လစာ ရ မရ မသေချာတဲ့ အခြေအနေ ဆိုက်နေပါတယ်။

သမ္မတထရမ့်က ဒီအခြေအနေဟာ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းဆောက်ဖို့ ဒေါ်လာ ၅ ဘီလျံကို အစိုးရ အသုံးစရိတ် မူကြမ်းထဲ ပြင်ဆင်ထည့်သွင်းတာကို ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်တွေက ပိတ်ဆို့ထားတာကြောင့်လို့ အပြစ်တင်ပါတယ်။

ဒီမိုကရက်အမတ်တွေကတော့ ဒီလိုတံတိုင်းဆောက်ဟာ တကယ့်ခြိမ်းခြောက်မှုတွေအတွက် မထိရောက်ဘူးလို့ ပြောဆိုနေကြပါတယ်။

(၄) လိင်ပြောင်းထားတဲ့ သက်ကြီးနိုင်ငံသားတွေကို ရထားစီးခ လျှော့ပေါ့ပေးဖို့ အိန္ဒိယစီစဉ်

အိန္ဒိယနိုင်ငံမှာ လိင်ပြောင်းလဲထားတဲ့ သက်ကြီးနိုင်ငံသားတွေကို ရထားစီးခ လျှော့ပေါ့ပေးဖို့ စီစဉ်နေပါပြီ။

အသက် ခြောက်ဆယ်ကျော် လိင်ပြောင်းလဲထားသူ သက်ကြီးနိုင်ငံသားတွေဟာ လက်ရှိ အသက် ၆၀ ကျော် အမျိုးသားတွေကို လျှော့ပေါ့ပေးထားတဲ့ ရထားစီးခ ၄၀ ရာခိုင်နှုန်းအထိ သက်သာခွင့် ရမှာ ဖြစ်ပါ တယ်။

အမျိုးသမီးတွေကတော့ အသက် ၆၈ နှစ်မှာ ရထားစီးခ ၅၀ ရာခိုင်နှုန်း သက်သာခွင့်ရ ထားပါတယ်။

၂၀၁၆ ခုနှစ်က စလို့ လက်မှတ်ဝယ်တဲ့ ပုံစံတွေမှာ တတိယ လိင် ဆိုတဲ့ ကော်လံကို ထည့်ထားပေးခဲ့ပေမယ့် လိင် ပြောင်းလဲထားသူတွေဟာ ရထားစီးခ သက်သာခွင့်တော့ မရခဲ့ကြပါဘူး။

လိင်ပြောင်းလဲထားသူတွေနဲ့ မိမိဘယ်လို လိင်စိတ် တိမ်းညွတ်သူလို့ ကိုယ့်ကိုယ်ကို မသတ်မှတ်ထားသူတွေကို တတိယ လိင် အဖြစ် အသိအမှတ်ပြုပြီး တူညီတဲ့ ရပိုင်ခွင့် ရှိတယ်လို့ အိန္ဒိယ တရားရုံးချုပ်က ၂၀၁၄ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။