လူလားဆင်လား မသဲကွဲတော့တဲ့ ဝင်္ဂဘော်ဆင်စခန်း အမိမဲ့ဆင်လေးတွေ

ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
ချစ်စရာ ဆင်လေး
ဝင်္ဂဘော် ဆင်စခန်းဆိုတဲ့ ဆိုင်းဘုတ်လမ်းညွှန်ကို မြင်လိုက်ပြီးချိန် ကားလမ်းပေါ်ကနေ စခန်းထဲ ချိုးကွေ့မောင်း ဝင်ကြေးပေးဆောင်ပြီး ကားရပ်နားတဲ့ နေရာကို ရောက်တဲ့အချိန်မှာပဲ ဆင်တွေကို မမြင်ရသေးပေမယ့် ဆင်ချေးနံ့ကို စရလိုက်တယ်။
ဆင်တွေကိုထားတဲ့ အဆောင်တွေဆီ သွားတဲ့လမ်းမှာ သူတို့တွေကို ကျွေးမယ့် အစားအစာတွေကို ရောင်းပေးတဲ့ ဆိုင်လေးနဲ့အတူ ဆင်စခန်းရဲ့ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ကိုပါ တွေ့ရပါတယ်။
တွေ့တွေ့ချင်း အဆောင်မှာတော့ ဆင်ကြီးတွေနဲ့ အတူ ဆင်ပေါက်လေး နှစ်ကောင် တွေ့လိုက်ချင်း အမိမဲ့ဆင်လေးတွေလားလို့ မေးကြည့်ချိန်မှာ ချစ်သမီးနဲ့ ရွှေနန်းစံ အမည်ရတဲ့ ဆင်လေး နှစ်ကောင်က အမိရှိ ဆင်လေးတွေလို့ ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
သံဆူးကြိုးကာပြီး စောင့်ရှောက်ထားတဲ့ အမိမဲ့ဆင်လေးတွေ
အမိမဲ့ ဆင်လေးက ခြောက်ကောင် ရှိပြီး သူတို့တွေကိုတော့ သီးသန့်ခွဲပြီး တဆောင် ထားထားတာကို တွေ့ရပါတယ်။
သူတို့တွေကို ခွဲထားရတာက ဆင်မကြီးက သူ့ကလေး မဟုတ်မှန်းသိလို့ လက်မခံတာကြောင့်လို့ ဝင်္ဂဘော် ဆင်စခန်းရဲ့ သစ်အုပ်ကြီး မရွှေရည်ဝင်းထက်က ပြောပါတယ်။
" ဆင်စခန်း လုပ်မယ်ဆိုတော့ လုပ်ငန်းခွင်က ဆင်သားအမိတွေ ပို့လာတာပေါ့။ နောက် အမိမဲ့ ဆင်လေးတွေ ရောက်လာတော့ ဆင်မကြီးနဲ့ အတူသွားထားချိန်မှာ သူတို့ကို မခင်ဘူး။ နို့မတိုက်ဘူး" လို့ သူက ဆိုပါတယ်။
အမိရှိ ဆင်လေးတွေကလည်း ဆင်လေးတွေကို အတူ ရေချိုးပေးချိန် စမ်းချောင်းဆီသွားတိုင်း အမိမဲ့ဆင်လေးတွေကို အနိုင်ကျင့် ရန်စတတ်တယ်လို့ မရွှေရည်ဝင်းထက်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
အမိမဲ့ဆင်လေးတွေကို ပြုစုသူ
စခန်းမှာ အမိမဲ့ ဆင်လေး ခြောက်ကောင်၊ အမိရှိ ဆင်သားအမိ လေးကောင်နဲ့ ဆင်ကြီး ရှစ်ကောင် ရှိပါတယ်။
သူတို့ ခြောက်ကောင်မှာလည်း နှစ်ကောင်က သစ်ထုတ်လုပ်ရေး လုပ်ငန်းခွင်ဝင် မိခင်ဆင်မကြီး ရောဂါဖြစ် သေဆုံးပြီး ရောက်ရှိလာတဲ့ ဆင်လေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန် အမိမဲ့ဆင်လေး လေးကောင်မှာ မေရီ၊ ဧရာမေ ဆိုတဲ့ ဆင်မလေး နှစ်ကောင်နဲ့ ဧရာမောင် ဆိုတဲ့ ဆင်ထီးလေးဟာ ဧရာဝတီတိုင်း အတွင်းမှာ ဖမ်းဆီးရမိတဲ့ တောဆင်ရိုင်းလေးတွေ ဖြစ်ပြီး သူတို့တွေရဲ့ မိခင် ဆင်မကြီးတွေဟာ တောတွင်းမှာ တိရစ္ဆာန်မှောင်ခို မုဆိုးတွေရဲ့ သတ်ဖြတ်ခံရပြီး သစ်တောအုပ်တွေက ရှာဖွေတွေ့ခဲ့တာလို့ ဆိုပါတယ်။
ဧရာမိုး ဆိုတဲ့ ဆင်မလေးကိုတော့ ရခိုင်ရိုးမဘက်က တွေ့ရှိဖမ်းမိတာလို့ သိရပါတယ်။
ဆင်လေးတွေဟာ လသားအရွယ်လေးတွေနဲ့ ရောက်လာလို့ ဆင်ဆရာဝန်ရဲ့ စောင့်ရှောက် ညွှန်ကြားမှုနဲ့ စခန်းမှာရှိတဲ့ သစ်တောအုပ်၊ ဆင်ဦးစီးနဲ့ ဝန်ထမ်းတွေက နို့ဘူးတိုက် မွေးမြူရတယ်လို့ မရွှေရည်ဝင်းထက်က ပြောပါတယ်။
သူတို့တွေကို ၂ နာရီကြား တခါ နို့ဗူးတိုက်ရ၊ ရေချိုးပေးရနဲ့ ဝါးခက်လေးတွေကို နှာမောင်းနဲ့ ချိုးယူတတ်အောင် သင်ကြားလေ့ကျင့် မွေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဆင်ကြီးတွေနဲ့ အမိရှိ ဆင်လေးတွေကို စခန်း လာရောက်လည်ပတ်ကြသူတွေ ငှက်ပျောသီး၊ ဖရဲသီး၊ ကြံ စတာတွေကို ကျွေးမွေးလို့ ရပေမယ့် အမိမဲ့ ဆင်လေးတွေကိုတော့ ကျွေးခွင့် မပြုပါဘူး။
ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
အမိမဲ့ဆင်လေးတွေ လာကြည့်သူတွေ
သူတို့လေးတွေကို ဒီအစားအစာတွေ စားပုံစားနည်း သင်ပြပေးမယ့် မိခင်ဆင်မ မရှိတာကြောင့် ထွေးထုတ် ရမှာတွေကို မထွေးထုတ်ဘဲ မျိုချလိုက်ရင် အသက်ရှူလမ်းကြောင်း ပိတ်သေသွားမှာ စိုးရိမ်လို့ တားမြစ်တာလို့ ဝန်ထမ်းတွေက ပြောပါတယ်။
" သူတို့တွေဟာ လူတွေနဲ့အရမ်း ရင်းနှီးလွန်းတော့ သူတို့ကိုယ်သူတို့ အခုဆို ဆင်လားလူလား မသဲကွဲ ဖြစ်နေကြတယ်။ ဧရာမောင်ဆို တနှစ်ခွဲ ကျော်ပြီ၊ ကျန်တဲ့ဆင်တွေက နှစ်နှစ် ကျော် ရှိလာပြီ။ သူတို့တွေကို အခုကစပြီး သူတို့ဘာသာ စားသောက်နေထိုင်တတ်အောင် ကျင့်နေရပြီ" လို့ မရွှေရည်ဝင်းထက်က ပြောပါတယ်။
အမိမဲ့ ဆင်လေးတွေမှာ ဧရာမောင်ဆိုတဲ့ အငယ်ဆုံး ဆင်ထီးလေးကို ကျန်တဲ့ ဆင်အမတွေက ဝိုင်းချစ်ကြ စောင့်ရှောက်ကြတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
နို့ဗူးစို့တဲ့ ဆင်လေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
သူတို့နေတဲ့ အဆောင်မှာလည်း ဧရာဝတီတိုင်းက ဖမ်းမိလာတဲ့ မေရီ၊ ဧရာမေနဲ့ ဧရာမောင် ကို အတူထားပြီး၊ ကျန် ၃ ကောင်ကို အတူထားပေးထားတာ တွေ့ရပါတယ်။
" အငယ်ဆုံး ဆိုပြီး ဧရာမောင်က ဘိုကျတယ်၊ နို့တိုက်ချိန် နို့ တကောင် တဗူးကို လိုက်လုသောက်တယ်။ အမလေးတွေက သူတိုချစ်တယ်၊ ဂရုစိုက်တယ်၊ အားလုံးက ကလေးတွေဆိုတော့ ရေချိုးသွားချိန်ဆို ရေမချိုးချင်ဘူး၊ ချောင်းထဲ အတင်းတွန်းချရတယ်။ ချိုးရင်လည်း ဆော့နေတာနဲ့ ရွှံ့တွေလူးရင်း အိပ်ပျော်သွားတာနဲ့ ပြန်မတက်ချင်ဘူး။ အတင်း တွန်းတင်ရပြန်ရော၊ ဆင်ထိန်းတွေက သူတို့ကို ဆူရင် စိတ်ဆိုးစိတ်ကောက်သေးတာ၊ ကျမက ဆူလိုက်လို့လားမေးရင်း ပြန်ချော့၊ ဆင်ထိန်းတွေကို ဆူပစ်သလို လုပ်ပြမှ စိတ်ဆိုးပြေ ပြန်ဆော့တော့တာ၊ သူတို့ကိုသူတို့ ဆင်ဆိုတာမှန်း မသိကြတော့တာလေ" လို့ မရွှေရည်ဝင်းထက်က ပြောပါတယ်။
ဒါကြောင့်လည်း သူတို့တွေကို အခုဆို ဆင်သဘာဝအတိုင်း စားသောက်နေထိုင်တတ်အောင် စခန်း အတွင်းမှာရှိတဲ့ ဝါးရုံတောအတွင်း လွှတ်ထားပြီး ဝါးရွက်တွေကို ချိုးကျင့်တတ်အောင် စားနိုင်အောင် လေ့ကျင့် ခိုင်းထားတယ်လို့ ဆိုပါတယ်။
စခန်းက ပဲခူးရိုးမနဲ့ ဆက်စပ်နေလို့ တောတွင်းလည်း မဝင်သွားအောင် သံဆူးကြိုးတွေ ကာထားပြီး ဆင်လေးတွေ ထိမိတာနဲ့ ကျဉ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားလွှတ်ပြီး ထိန်းကျောင်းကာကွယ် ထားတယ်လို့ ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ATRS
ဆင်လားလူလားမကွဲပြား
သူတို့ကိုယ် သူတို့ထိန်းကျောင်းလာနိုင်ချိန် ၄ နှစ်ကျော် အရွယ် ရောက်လာရင်တော့ တောဆင်ရိုင်း မျိုးဆက် ဖြစ်တာကြောင့် ထိန်းသိမ်းကာကွယ်တဲ့ အနေနဲ့ တောတွင်း ပြန်လွှတ်ပေးဖို့လည်း စီစဉ်ထားရှိတယ်လို့ ဒီဆင်စခန်းရဲ့ သစ်အုပ်ကြီး မရွှေရည်ဝင်းထက်က ဆိုပါတယ်။
၂၀၁၆ - ၂၀၁၇ စတင်ပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက် သစ်တောဦးစီးဌာနက သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ၁၀ နှစ် ရပ်နားထားချိန်မှာ လုပ်ငန်းခွင်က ဆင်တွေကို ဆင်စခန်းဖွင့် ပြသလာတာလို့ စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလို ပြသတာဟာ ဆင်တွေ အကြောင်းကို လူတွေ ပိုသိလာစေဖို့နဲ့ ဆင်ထိန်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာစေဖို့ ရည်ရွယ်တယ်လို့လည်း သူတို့တွေက ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
ရေချိုးနေတဲ့ ဆင်ကလေးတွေ
အခုဆို သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေက ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဆင်စခန်း ဖွင့်လာတာ မြန်မာနိုင်ငံတဝှမ်း ဆင်စခန်း ၁၉ ခု ရှိလာပြီလို့ ဆိုပါတယ်။
အမိရှိ ဆင်လေးတွေကတော့ သစ်လုပ်ငန်းက ဆင်တွေ ဖြစ်တာကြောင့် ၄ နှစ်သား အရွယ် ရောက်လာရင် အမိနဲ့ ခွဲထားပြီး လက်ရှိဆင်စခန်းမှာပဲ ထားရှိပြသ သွားမယ်လို့ ဆိုပါတယ်။
ဝင်္ဂဘော်ဆင်စခန်းဟာ ပဲခူးတိုင်း ရန်ကုန်- မန္တလေး ကားလမ်းဟောင်း ဘုရားကြီးလမ်းကနေ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၃၉ ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ ရှိပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
ဆင်စခန်းတွင်းက ဆင်တစု
လာရောက်ကြသူတွေဟာ ဆင်လေးတွေ နို့တိုက်တာ ရေချိုးပေးတာကို စောင့်ကြည့်နိုင်သလို မနက် ၉ နာရီနဲ့ ညနေ ၅ နာရီမှာ ပါဝင် နို့တိုက်နိုင်သလို၊ ညနေ ၄ နာရီမှာ ဆင်လေးတွေကို စခန်းထဲက စမ်းချောင်းမှာ ရေချိုးပေးနိုင်တယ်လို့ ဆိုပါတယ်။
ဆင်စခန်းကို လာရောက်တဲ့ ဧည်သည်တွေဟာ အနီးမှာရှိတဲ့ မိုးယွန်းကြီအင်း၊ ပဲခူးဘုရားဖူး လာရင်း နေ့ချင်ပြန်ခရီးအဖြစ် ဝင်ရောက်ပြီး အမိမဲ့ဆင်လေးတွေကို လာရောက်ကြည့်ရှုကြပါတယ်။
ဆင်စခန်းကို လာရောက်ကြသူတွေ ပါစပ်ဖျားမှာတော့ မယ်ရီ၊ ဧရာမောင်၊ ဧရာမေနဲ့ ဧရာမိုး၊ ချစ်သမီး ဆိုတဲ့ အမည်တွေ အော်ခေါ်သံတွေနဲ့ ညံနေပါတယ်။
ဓာတ်ပုံ ရင်းမြစ်, ဝင်္ဂဘော်ဆင်စခန်း
အမိမဲ့ဆင်လေးတွေကို နို့ဗူးတိုက်သူတွေ