အပစ်ရပ်ပေးထားတဲ့နယ်ထဲ အစိုးရတပ်ဖွဲ့ တိုက်ခိုက်ခံရ

RCSS
Image caption တပ်နေရာချထားရေး အတိတကျ မရှိလို့ တိုက်ပွဲ ဖြစ်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ထဲမှာ အစိုးရစစ်တပ် စစ်ကြောင်း တခု ပစ်ခတ် တိုက်ခိုက် ခံရတဲ့အတွက် သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ တပ်မတော်က ဒီဇင်ဘာ ၂၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒါဟာ အဲဒီ ဒေသ အပါအဝင် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အခြေစိုက် စစ်တိုင်း ဒေသတွေထဲ စစ်ရေးလှုပ်ရှားမှုတွေ ရပ်မယ်လို့ အစိုးရတပ်က ကြေညာထားပြီး သီတင်းတပတ် အကြာမှာ ထိတွေ့ ပစ်ခတ်မှု ပေါ်ပေါက်လာတာပါ။

မိုင်းပန်-နောင်လေ-ပန်ပိ ဆက်သွယ်ထားတဲ့ လမ်းကြောင်း အနီး အခြေပြုထားတဲ့ အစိုးရတပ် စစ်ကြောင်း လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံခဲ့ရတာ ဖြစ်ပြီး အဲဒီလို လာရောက် တိုက်ခိုက် သူတွေဟာ SSA(ရွက်ဆစ်) အဖွဲ့က ဖြစ်တယ် ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရေး အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာမှာ ရေးသား ထားပါတယ်။

SSA(ရွက်ဆစ်) အဖွဲ့ ဆိုပြီး တပ်မတော်က ခေါ်ဝေါ်တဲ့ အဖွဲ့ဟာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ဖြစ်ပြီး SSA တောင်ပိုင်းတပ်လို့လည်း အသိများပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး RCSS က ပြောခွင့်ရသူတွေထံ ဘီဘီစီက ကြိုးစား ဆက်သွယ်ပေမယ့် မအောင်မြင် သေးပါဘူး။

Image caption အစိုးရတပ်ရဲ့ တစ်ဘက်သတ် အပြစ်တင် ခံနေရတယ်လို့ ပြောခဲ့တဲ့ ရှမ်းတောင်ပိုင်းတပ်

အစိုးရတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ဆင်ရေးနယ်မြေ အလိုက် စစ်ရေးလှုပ်ရှားမှုတွေ ရပ်ထားမယ်ဆိုတဲ့ သူတို့ရဲ့ သန္နိဌာန်အတိုင်း ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည် သွားမယ်လို့ ရေးထားပြီး SSA(ရွက်ဆစ်) အဖွဲ့ရဲ့ လုပ်ရပ်အပေါ် တရားဥပဒေဘောင်ထဲက တုန့်ပြန်မယ်လို့ ဆိုပါတယ်။

အစိုးရက စစ်တိုင်း ၅ တိုင်း အထိ ကျယ်ကျယ်ပြန့်ပြန့် တစ်ဘက်သတ် အပစ်ရပ်ကြောင်း မကြုံစဖူး ကြေညာတာဟာ NCA စာချုပ်ထဲ မပါဝင်ရသေးတဲ့ အဲဒီ ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ လမ်းပေါ် တက်လာနိုင်အောင် ဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုတော့ NCA ထဲ လက်မှတ်ထိုးထားနှင့်တဲ့ RCSS အဖွဲ့နဲ့ ထိတွေ့မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Image caption RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်

NCA ထဲ လက်မှတ် ထိုးထားပြီး ကျင်းပခဲ့တဲ့ နေပြည်တော် ငြိမ်းချမ်းရေး ညီလာခံတွေမှာ RCSS ပါဝင် နေခဲ့ပေမယ့် အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အသီးသီး လက်မှတ်ထိုးထားတဲ့ အချက်တွေအပေါ် အစိုးရတပ်နဲ့ သူတို့အဖွဲ့ နှစ်ဘက် အဓိပ္ပာယ်ဖွင့်တာတွေ ကွဲလွဲနေတယ် ဆိုပြီး ပြီးခဲ့တဲ့ နိုင်ဝင်ဘလကပဲ RCSS က ထုတ်ပြန် ထားပါတယ်။

ဒါ့ကြောင့် ဒီလိုကွဲလွဲနေတာတွေကို တပ်မတော်နဲ့ကြား ပြန်လည် ဆွေးနွေးပြီးကာမှပဲ ငြိမ်းချမ်းရေး လုပ်ငန်းကို ရှေ့ဆက် သွားလိုတယ်လို့လည်း RCSS က ပြောထားပါတယ်။

အဲဒီ နိုဝင်ဘာထုတ်ပြန်ချက် အကြောင်း ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့တုန်းက တပ်မတော်နဲ့ကြား အဓိက ကွဲလွဲနေတဲ့ အချက်ဟာ တပ်နေရာ ချထားရေး ဖြစ်တယ်ဆိုပြီး RCSS ပြောခွင့်ရတစ်ယောက် ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောထားပါတယ်။

တပ်နေရာချထားရေး အတိတကျ သတ်မှတ်ထားတာ ရှိမနေသေးတဲ့ အခြေအနေမှာ နေရာ အတိတကျ ပိုင်းခြားထားသယောင် အစိုးရတပ်က ပြောနေပြီး JMC လို့ ခေါ်တဲ့ စ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့် အစည်းအဝေး တွေမှာ ဆိုရင်လည်း အစိုးရတပ်က RCSS အပေါ် တဘက်သတ် အပြစ်ပုံချ နေတယ်လို့လည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောခဲ့ပါတယ်။

Image caption အပစ်ရပ် ကြေညာပေးလာလို့ ချီးကျူးပြောဆို ခံလာရသူ ကာချုပ်

အဲဒီလို တပ်နေရာချထားမှု သတ်မှတ်ချက်၊ သဘောတူချက်တွေ မရှိတာကြောင့် အပစ်ရပ် သဘောတူ လက်မှတ် ရေးထိုးပြီးတဲ့ အခြေအနေမှာတောင် ထိတွေ့ ပစ်ခတ်မှုတွေ ပေါ်ပေါက်လာလေ့ ရှိတာ တွေ့တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ အင်စတီကျုကို ဦးဆောင်သူ ဒေါက်တာ မင်းဇော်ဦးက ဘီဘီစီနဲ့ မေးမြန်းခန်းတခုမှာ သုံးသပ်ထားပါတယ်။

ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့တွေ ထားရှိတဲ့ အကျိုးကျေးဇူးတွေကိုတော့ ခံစားရပြီး တိုက်ပွဲတွေကို အတော်လေး လျှော့ချ နိုင်ခဲ့တယ်လို့လည်း ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။

ဒါပေမယ့် တပ်နေရာချရေး သတ်မှတ်ချက် ရှိမနေတဲ့ အချက်က လက်တွေ့ မြေပြင် တိုက်ပွဲတွေ ပေါ်ပေါက် နေတဲ့ အဓိက အခြေခံ အချက်လို ဖြစ်နေပါတယ်။

Image caption အစိုးရတပ်နဲ့ရော ရှမ်းတောင်ပိုင်းတပ်နဲ့ကြားပါ ထိတွေ့ပစ်ခတ်မှုတွေ ရှိနေခဲ့တဲ့ တအာင်းတပ် TNLA

အစိုးရ စစ်တပ်နဲ့တင်မက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားထဲမှာလည်း တစ်ဘက်တပ်ဖွဲ့တွေ နယ်မြေ ကျူးကျော် ဝင်ရောက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှမ်းပြည်နယ်ထဲ တိုက်ပွဲတွေ မငြိမ်းနိုင် ဖြစ်နေခဲ့ပါတယ်။

အထူးသဖြင့် သီပေါ၊ ကျောက်မဲနဲ့ နမ္မတူ မြို့နယ်တွေထဲ တအာင်းလက်နက်ကိုင် TNLA နဲ့ ရှမ်းပြည်တောင်ပိုင်းတပ် RCSS တို့ တိုက်ပွဲတွေ ပေါ်ပေါက်လေ့ ရှိပါတယ်။

ဒီလို အခြေအနေတွေမှာ တပ်မတော်က တစ်ဘက်သတ် အပစ်ရပ် ကြေညာပေးခဲ့ပြီး NCA ထဲ ပါဝင်ခွင့် ပေးဖို့ အရင်က အမြဲ ငြင်းဆန်ခဲ့တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရခိုင်တပ် AA တို့ကိုပါ နိုင်ငံရေးအရ ဆွေးနွေးနိုင်မယ့် လမ်းကို ဖွင့်ပေးခဲ့ပါတယ်။

ဒါပေမယ့် အစိုးရက အပစ်ရပ်ပေးထားတဲ့ ဒေသတွေထဲမှာတော့ ရခိုင်ပြည်နယ် မပါပဲ AA အဖွဲ့နဲ့လည်း တိုက်ပွဲတွေ အပြင်းအထန် ဆက်ရှိနေခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
NLD လက်ထက် ငြိမ်းချမ်းရေး တိုးတက်မှုမရှိတာ ဘာကြောင့်လဲ

တပ်မတော်ရဲ့ ဒီဇင်ဘာ ၂၁ ရက် တဘက်သတ် အပစ်ရပ် ကြေညာချက်ကို ကြည့်ရင် NCA မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့ အခါ တဖွဲ့ချင်းအလိုက် ဆွေးနွေးသွားမယ် ဆိုတဲ့ အချက် ပါဝင် နေတာ တွေ့ပြီး၊ ဆွေးနွေးဖို့ အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်တွေ ပါတဲ့ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ ရှိနေတယ်လို့ ဆိုပါတယ်။

NCA ထိုးထားတဲ့ RCSS က ပစ်ခတ်တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ တရက်တည်းမှာပဲ NCA မထိုးရသေးတဲ့ ကချင် KIA၊ ကိုးကန့် MNDAA ၊ တအာင်း TNLA နဲ့ ရခိုင် AA အဖွဲ့တွေကလည်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဆိုတဲ့ ခေါင်းစီးအောက်မှာ သဘောထား ထုတ်ပြန်ချက် တစ်စောင် ပူးတွဲ ထုတ်ပြန်လာပါတယ်။

အဲဒီ ထုတ်ပြန်ချက်ရဲ့ အနှစ်ချုပ်ကတော့ သူတို့ အနေနဲ့ တဖွဲ့ချင်းစီ မဆွေးနွေးနိုင်ပဲ၊ ၄ ဖွဲ့ အတူတကွ ဆွေးနွေးမှာ ဖြစ်ပြီး ဆွေးနွေးပွဲကိုလည်း တရုတ်ပြည်ထဲမှာပဲ ကျင်းပမယ်လို့ ပြောထားတာဖြစ်ပါတယ်။

Image caption အင်အားထောင်ချီ ရှိလာပြီး ရခိုင်ပြည်နယ်ထဲ အစိုးရတပ်နဲ့ တိုက်ခိုက်နေတဲ့ AA

ဒါ့အပြင် တပ်မတော်က လက်ရှိ ကြေညာထားတဲ့ စစ်တိုင်း ၅ တိုင်း သာမက စစ်တိုင်း အားလုံးမှာပါ စစ်ရေးလှုပ်ရှားမှုတွေကို နိုင်ငံတော် သမ္မတကနေ ရပ်ဆိုင်း ပေးရမယ် ဆိုပြီးတော့လည်း တောင်းဆိုထားပါတယ်။

ရခိုင် လက်နက်ကိုင် အဖွဲ့ AA ကို ရခိုင်ပြည်နယ်ထဲ ထိုးစစ် ဆင်နေတာကို အမြန်ဆုံး ရပ်ပေးရမယ် ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း ထားပါတယ်။

စစ်တိုင်းအားလုံးမှာ စစ်ရေးလှုပ်ရှားမှုရပ်ကြောင်း သမ္မတက ကြေညာတဲ့အခါ ရခိုင်ပြည်နယ်ထဲက ထိုးစစ်တွေ ရပ်တဲ့ အခါ သူတို့ ၄ ဖွဲ့ အနေနဲ့လည်း စစ်ရေး လှုပ်ရှားမှုတွေ ရပ်မယ် ဆိုပြီး ကြေညာချက်ကို အဆုံး သတ်ထားတာ တွေ့ရပါတယ်။

အခုလို မြောက်ပိုင်း အဖွဲ့ အနေနဲ့ ပူးပေါင်း ထုတ်ပြန်လာချက် အပေါ် တပ်မတော်ဘက်က ဘယ်လို သဘောထား သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်း