ထွေအုပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့အောက် တရားဝင်ပြောင်းရွှေ့ပြီ၊ ရတနာပုံ ဗကသကျောင်းသား ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အပါအဝင် ပုဒ်မ(၅)ခုနဲ့ အမှုဖွင့်စတဲ့မနက်ခင်းသတင်းများစုစည်းမှု

ဓာတ်ပုံ မူပိုင် YADANARBONSTUDENTUSNION’FACEBOOK
Image caption ဒီဇင်ဘာ ၂၅ရက်နေ့က ဆုံးပါးခဲ့တဲ့ ကုန်ထုတ်ဓာတုမေဂျာက နောက်ဆုံးနှစ်ကျောင်းသားကိုစိုးမိုးဟိန်း

ရတနာပုံ ဗကသ ကျောင်းသား ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ (၅) ခုနဲ့ အမှုဖွင့်

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်အတွင်း နဲ့ တက္ကသိုလ်ပတ်ဝန်းကျင်မှာ လုံခြုံရေးချထားပေးဖို့ ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မယ့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကျောင်းသား (၃) ဦးကို ဒီဇင်ဘာ (၂၈) ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ (၅) ခုနဲ့ အမှုဖွင့်ထားတယ်လို့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ)ကနေသိရပါတယ်။

ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) အနေနဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးကျော်ကျော်မင်း ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဦးကျော်ဆွေ နဲ့ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် တို့ရဲ့ ဓာတ်ပုံများတွေကို အခေါင်းပုံစံပေါ်မှာတင်ပြီး နာရေးပုံစံ မီးရှို့ခဲ့တာတွေကိုလည်းလုပ်ခဲ့ပြီးနောက် ကျောင်းသားတချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တာဝန်ယူမှုတာဝန်ခံမှုများပျောက်ဆုံးသွားတဲ့အတွက် ဝမ်းနည်းကြေကွဲကြောင်းကြော်ငြာစာကိုလည်း ထုတ်ပြန်ခဲ့ကြပါတယ်။

ရတနာပုံတက္ကသိုလ်ကျောင်းသားတစ်ဦး လုယက်သတ်ဖြတ်ခံရပြီးနောက် လုံခြုံရေးအတွက် ကျောင်းသားတွေ ဘက်က သန့်ရှင်းရေး နဲ့ လုံခြုံရေး ဝန်ထမ်းတွေ တိုးမြှင့်ချထားရေးအတွက် အကြိမ်ကြိမ် တောင်းဆိုတာတွေ ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅နေ့မှာနောက်ထပ် ကျောင်းသားတစ်ဦး ထပ်မံအသတ်ခံ ခဲ့ရတာလည်းရှိခဲ့ပါတယ်။

Image caption ထွေအုပ်ကို ပြည်ထဲရေးအောက်ကနေ ရွှေ့ပြောင်းတော့မယ်လို့ ဒီဇင်ဘာ ၂၂ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောဆို

ထွေအုပ်ဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ဒီဇင်ဘာ ၂၈ရက်ကစပြီး တရားဝင်ပြောင်းရွှေ့

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာနရဲ့စီမံမှုအောက်ကို ဒီဇင်ဘာ ၂၈ရက်ကစပြီးတရားဝင်ပြောင်းရွှေ့လိုက်တဲ့အကြောင်း ကြေညာစာကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့လက်မှတ်နဲ့အတူ တရားဝင်စာထုတ်လိုက်ပြီဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတအနေနဲ့ ဝန်ကြီးဌာနတွေ ဖွဲ့စည်းနိုင်သလို ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေကိုလည်း ပြောင်းရွှေ့ခွင့် ရှိပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနဟာ NLD အစိုးရလက်ထက်ကျမှ ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနဖြစ်ပြီး မကြာသေးခင်ကမှပဲ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးမင်းသူကို ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ တွေရဲ့ အတွင်းရေးမှူးတွေအဖြစ် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူထားတာဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျေးလက်အထိပါဖြန့်ကျက်ထားနိုင်တဲ့ အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ တိုက်ပွဲဝင် အဆိုတော် လားရှိုးသိန်းအောင် ကွယ်လွန်

ဂျင်မီဂျက်(ခ) လားရှိုးသိန်းအောင် ဟာ အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်မှာ ဒီဇင်ဘာ၂၈ရက်နေ့ ဒေသစံတော်ချိန် နှစ်နာရီခွဲမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ လားရှိုးက ညီဖြစ်သူ ဦးတိုးအောင်ရဲ့ ပြောကြားချက်အရ သိရကြောင်း သူနဲ့ အနုပညာ အလုပ်တွေ အတူ တွဲလုပ်ခဲ့တဲ့ ဂီတာမှူး နိုင်ဇော်က ဘီဘီစီကို ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အဆိုတော် လားရှိုး သိန်းအောင် ဟာ အသက် ၇၃နှစ်ရှိပြီး ဇနီးနဲ့ အတူ သမီး တယောက် သားနှစ်ယောက် အမေရိကန်မှာ ကျန်ရစ်ခဲ့ပါတယ်။

ဈာပန အသေးစိတ် အစီအစဉ်ကို ထပ်မံကြေညာလိမ့်မယ်လို့ ဦးနိုင်ဇော်က ပြောပါတယ်။

တချိန်တခါတုန်းက အဆိုတော် လားရှိုးသိန်းအောင် ရဲ့ သီချင်းတွေ ဆိုရင် မြန်မာပြည်တွင်း ဖွင့်ခွင့်မရခဲ့တဲ့ အခြေအနေမျိုး ရှိခဲ့တာပါ။

အရင်အစိုးရ အဆက်ဆက် စစ် အာဏာရှင် လက်ထက်တွေကို ပြည်ပမှာ နေထိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ မြန်မာပြည် ပြန်ဝင်လာကာ ၂ဝ၁၅ မှာ သီဆို ဖျော်ဖြေပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သူမကွယ်လွန်ခင် လအနည်းငယ် တုန်းကလည်း ရန်ကုန်က ဂီတ မိတ်ဆွေတွေထံ ဆက်သွယ်ခဲ့ပြီး သူရေးစပ် ထားတဲ့ သီချင်းသစ် အပုဒ် လေးဆယ် နီးပါး ရှိကြောင်းနဲ့ ဒါတွေကို ထုတ်ဝေဖို့ အစီအစဉ် ရှိတယ်လို့ ပြောကြောင်း ဂီတမှူး နိုင်ဇော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗီယက်နမ်ခရီးသွား ၃ယောက်နဲ့ ဧည့်လမ်းညွှန်တစ်ဦး စုစုပေါင်း ၄ယောက်သေဆုံး

အီဂျစ်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် ဗီယက်နမ်ခရီးသွားတွေသေဆုံး

အီဂျစ်နိုင်ငံ ဂီဇာမြို့နားက ဘတ်စ်ကားတစ်စီးပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ဗီယက်နမ်ခရီးသွား ၃ယောက်နဲ့ ဧည့်လမ်းညွှန်တစ်ဦး စုစုပေါင်း ၄ယောက်သေဆုံးသွားတယ် လို့ အီဂျစ်အာဏာပိုင်တွေကပြောပါတယ်။

ဗီယက်နမ်ခရီးသွား ၁၄ဦးကို သယ်ဆောင်မောင်းနှင်လာတဲ့ ဘတ်စ်ကားပေါ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

အဲဒီပေါက်ကွဲမှုကြောင့် ဘစ်ကားမောင်းနှင်သူ အီဂျစ်နိုင်ငံသားကလွဲပြီး ကျန်ဗီယက်နမ်ခရီးသွား ၉ဦးစလုံးလည်းထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီထဲက နှစ်ဦးကတော့ အရေးပေါ်အခြေအနေမှာရှိတယ်လို့ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် မိုစတာဖာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုလာတာမျိုး မရှိသေးပေမယ့် အစ္စလာမ်မစ်စစ်သွေးကြွတွေကတော့ ပြီးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ခရီးသွား တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ပီကင်းတက္ကသိုလ်က မတ်စ်ဝါဒီကျောင်းသားတွေကို တရုတ်အစိုးရဖမ်းဆီး

ပီကင်းတက္ကသိုလ်က မတ်စ်ဝါဒီအသင်းကို အစိုးရကပိတ်ပင်လိုက်တဲ့အပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့ ကျောင်းသားအုပ်စုတစ်စုကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဲဒီကျောင်းသားမတ်စ်ဝါဒီ အသင်းကအဖွဲ့ဝင်တချို့ဟာ ဂွန်ဒေါင်းခရိုင်က အလုပ်သမားလှုပ်ရှားမှု နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နွေရာသီကအတည်းက သူတို့ရဲ့လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက စောင့်ကြည့်နေခဲ့တာပါ။

မတ်စ်ဝါဒကို စာသင်ခန်းတွေအတွင်းမှာသင်ကြားဖို့ တရုတ်ခေါင်းဆောင် ရှီကျင်းပင်းက လိုလားပေမယ့် ကျောင်းသားတွေ မတ်စ်ဝါဒီအဖွဲ့တွေထောင်ပြီးလှုပ်ရှားကြရင် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ သဘောနဲ့မညီပဲ ဖြစ်လာမှာကို တရုတ်အာဏာပိုင်တွေကစိုးရိမ်နေတာပါ ။